
အမျိုးသမီးကြီး အပါအဝင် ပြည်သူ သုံးဦး သေဆုံးကာ ကလေးငယ် အပါအဝင် သုံးဦး ဒဏ်ရာရ၊
ဝင်းသိန်း/MFP၊ မေ – ၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စခန်းသာ (ခေါ်) ချက်ပြဲကျေးရွာရှိ ပြည်သူတွေကို အာဏာသိမ်း စစ်အုပ်စုက ညသန်းခေါင်အချိန် တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ အမျိုးသမီးကြီး အပါအဝင် ရွာခံပြည်သူ သုံးဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မေလ ၆ရက် ဒီကနေ့ မနက်အစောပိုင်း (ည ၁၂နာရီကျော်အချိန်) မန္တလေးမြို့ တံတားဦးလေဆိပ်က တက်လာတဲ့ တိုက်လေယာဉ် သုံးစီးနဲ့ ဝက်လက်နယ်၊ စခန်းသာကျေးရွာရှိ နေအိမ်တွေကို လေးကြိမ် ဗုံးပတ်ကြဲ သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
“ဗုံးကြဲချိန်မှာ ရွာဘက်မှာ ဘာတိုက်ပွဲမှလည်း မရှိဘူးဗျ။ အေးအေးဆေးဆေး အိပ်နေကြတဲ့အချိန်မှာ အလစ်အငိုက် လာကြဲသွားတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFPကို ပြောပါတယ်။

ဗုံးထိမှန်လို့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦးနဲ့ အမျိုးသားကြီးတစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးတို့ နေရာတင် ပွဲချင်းပြီး သေဆုံးကာ အသက် ခုနှစ်နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် နောက်ထပ် ပြည်သူ သုံးဦးလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
”စခန်းသာရွာက အခုလို လေကြောင်းရန်ကို ခဏခဏ ခံနေရတာပါ။ ဒီတစ်ကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီ။ အခုကတော့ မြေပြင်စစ်ကြောင်းထိုးတာမျိုး မရှိတော့ ရွာခံတွေ ထွက်ပြေးနေရတာ မရှိပေမယ့် နောက်ထပ် ကြဲခံရမှာကိုတော့ စိုးရိမ်နေကြရပါတယ်” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ မေလ ၁၃ ရက် ညနေပိုင်းကလည်း ဝက်လက်နယ် စခန်းသာကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးပတ်ကြဲပြီး သတ်ဖြတ်ခဲ့ရာ နေအိမ်နဲ့ နွားတင်းကုတ်တွေပေါ် ကျရောက် ပေါက်ကွဲပြီး ရွာခံပြည်သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။
စစ်အုပ်စုဟာ ဝက်လက်နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ အရပ်သားပြည်သူကို အဓိက ပစ်မှတ်ထားကာ မကြာခဏ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။



ဝက်လက်နယ် စခန်းသာရွာကို စစ်အုပ်စုက ညသန်းခေါင်အချိန် တိုက်လေယာဉ် သုံးစီးနဲ့ လေးကြိမ်အထိ ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးသူနဲ့ ထိခိုက်ပျက်စီးမူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဝက်လက် #စခန်းသာရွာ



