ယင်းမာပင် ကနီမှာ စစ်အုပ်စုက လေးရက်ဆက် ရွာတွေ မီးရှို့ဖျက်ဆီး၊

ပြည်သူ ၁၀ ဦးကျော် ဓားစာခံ ဖမ်းပြီး တချို့ကို သတ်ဖြတ်ကာ နွား ၁၀ ရှဉ်း၊ ထွေလာဂျီတွေနဲ့ ခိုးရာပါ ပစ္စည်း သယ်ထုတ်၊
သုထက်/MFP၊ မေ – ၁၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေနေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ယင်းမာပင် – ကနီ ကားလမ်းတလျှောက် ကျေးရွာတွေကို လေးရက်ဆက် မီးရှို့ဖျက်ဆီး နေပြီး ပြည်သူတွေကို ဖမ်းဆီးပြီး ဓားစာခံလူသားဒိုင်းအဖြစ် အသုံးချတာ၊ သတ်ဖြတ်တာနဲ့ ခိုးရာပါ ပစ္စည်း သယ်ယူတာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဧပြီ ၂၅ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ထွက်လာတဲ့ စစ်အုပ်စုနဲ့ မေ ၁၁ရက်မှာ ကနီမြို့ထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ ယင်းမာပင် – ကနီ ကားလမ်းတလျှောက် နှစ်ဖက်ညှပ်ကာ ရွာစဉ်ပတ်မွှေပြီး လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ကနီမြို့နယ်တွင်းက ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စုဟာ မေလ ၁၁ ရက်မှာ ညောင်ပင်ဝန်းရွာ၊ ၁၂ရက်မှာ တန့်ဆည်ချောင်ရွာနဲ့ ညောပင်ဝန်းရွာ၊ ၁၃ရက်မှာ သမင်ခြံနဲ့ မုဌောရွာ၊ ဒီကနေ့ မေ ၁၄ရက်မှာလည်း သမင်ခြံနဲ့ မုဌောရွာတွေကို ဆက်လက် စီးနင်းလုယက် မီးရှို့ ဖျက်ဆီးနေတာလို့ ဒေသခံ ရပ်ကျေး ပြည်သူ့ာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။
“မီးကတော့ ရွာစဥ်ရှို့တာ၊ လေးရက်ဆက်တိုက်ပဲ။ မေလ ၁၃၊၁၄ မှာ သမင်ခြံ၊ မုဌော (ရွာ) နှစ်ရက်ဆက် ရှို့နေတာ”
ယင်းမာပင်နဲ့ ကနီ ကားလမ်းတလျှောက် နှစ်ဖက်ညှပ်ကာ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ မေ ၁၃ရက်က ကနီနယ် မင်းမရွာမှာ ပေါင်းဆုံပြီးနောက် နှစ်ဖွဲ့ခွဲကာ နောက်ကြောင်းပြန် စစ်ကြောင်းပြန်ထိုးနေတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက နှစ်ကြောင်းပေါင်းပြီး လူချိန်းတာ ဖြစ်နိုင်တယ်။ မနေ့ညက ပေါင်းပြီး ဒီနေ့မနက် ပြန်ခွဲတာ။ ဒေသခံအချို့လည်း ဖမ်းခံရတာတွေ ရှိတယ်” လို့ အထက်ပါ ရပ်ကျေး ပကဖ အဖွဲ့ဝင်က ထပ်မံ ပြောဆိုပါတယ်။
မုံရွာ နမခ က ထွက်လာပြီး ကနီမြို့နယ် ချောင်းမရွာကတဆင့် ကနီမြို့ဘက် ဦးတည် စစ်ကြောင်းနဲ့ ကနီမြို့ထဲက ထွက်လာပြီး ယင်းမာပင်ဘက် ဦးတည်တဲ့ စစ်ကြောင်းတို့ဟာ မင်းမရွာမှာ ပေါင်းဆုံပြီးနောက် လာလမ်းအတိုင်း နောက်ပြန်ခေါက်ကာ ဆက်လက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ ဆိုပါတယ်။

ကနီမြို့ထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ဆက်အဖြစ် သမင်ခြံနဲ့ မုဌောရွာတွေကို စီးနင်း လုယက် မီးရှို့ချိန် သမင်ခြံရွာခံ ပြည်သူ ၁၀ဦးထက်မနည်းကို ဖမ်းဆီးပြီးနောက် တချို့ကို သတ်ဖြတ်စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက်ကိုတော့ MFP အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် စစ်အုပ်စုဟာ ပြည်သူပိုင်လှည်းနွား ၁၀ရှဉ်းနဲ့ ထွေလာဂျီ သုံးစင်းကို ခိုးယူကာ သမင်ခြံရွာအတွင်းကနေ ဖောက်ထွင်းခိုးယူထားတဲ့ ပြည်သူပိုင် ပစ္စည်းတွေကို လှည်းတွေ၊ ထွေလာဂျီတွေနဲ့ တင်ကာ သယ်ထုတ်ယူနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လာလမ်းအတိုင်း နောက်ပြန်ခေါက်လာတဲ့ စစ်အုပ်စု နှစ်ဖွဲ့အနက် ယင်းမာပင်မြို့ဘက် ပြန်လှည့်လာတဲ့ စစ်အုပ်စုဟာ မေ၁၄ရက် ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ယင်းမာပင်မြို့နယ် တရော်ကျင်းရွာကို ပြန်လည် ရောက်ရှိလာပြီး ကနီမြို့ဘက် မြောက်အရပ်ပြန်သွားတဲ့ စစ်ကြောင်းကတော့ ကနီမြို့အနီး တန်ဆည်ချောင်ရွာနဲ့ မုဌောရွာထဲ ဆက်လက် စီးနင်းလုယက် ခိုးယူနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက်ကို အာဏာသိမ်း စစ်အုပ်စု မြေပြင်စစ်ကြောင်းတွေ ချေမချနိုင်တာ သုံးနှစ်ကြာပြီ ဖြစ်ပြီး လက်ရှိမှာတော့ ပေါ်တာဆွဲ စုဆောင်းထားသူတွေကို အသေခံ စစ်သားအဖြစ် အသုံးချကာ အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးပြီးနောက် အထက်ပါအတိုင်း ရွာမီးရှို့၊ လူသတ်၊ လုယက်နေတာ ဖြစ်ပါတယ်။
၂၀၂၄ မတ်လအတွင်း ကနီမြို့ကို တော်လှန်ရေးတပ်တွေက မြို့သိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ပြီးနောက် စစ်အုပ်စုက မြိုွှမကျရေး ခုခံဖို့အတွက် လေကြောင်းနဲ့ ရေကြောင်းကနေ ကနီမြို့ပေါ်ကို ပို့လွှတ်ထားလို့ မြို့ထဲမှာ ကာလကြာရှည် ခိုအောင်းနေရတဲ့ စစ်အုပ်စုဟာ လက်ရှိမှာ နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် မြို့အပြင်ထွက် စစ်ကြောင်းထိုးခွင့်ရချိန် အထက်ပါအတိုင်း လူသတ်၊ လုယက်၊ မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။

စစ်အုပ်စု ရန်ကြောင့် ကနီနယ်ရှိ ချောင်းမ၊ ချင်းတောင်၊ လည်ရှည်၊ မင်းမ၊ သင့်ဝင်၊ သမင်းခြံ၊ မုဌောတောင်ရွာနဲ့ မြောက်ရွာ၊ ညောင်ပင်ဝန်း၊ ပန်းဆိုင်း၊ တန့်ဆည်ချောင်၊ လင်ပုန်းရည် စတဲ့ ကျေးရွာတွေက ပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ယင်းမာပင်ခရိုင်အတွင်းရှိ ကနီနယ်သာမက ယင်းမာပင်နဲ့ ပုလဲနယ်ကိုလည်း ဖေဖေါ်ဝါရီလကစလို့ အင်အား အများအပြားနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ကာ နယ်မြေစိုးမိုးနိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။

ကနီမြို့နယ် ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ နေအိမ်တွေ မီးရှို့ ဖျက်ဆီး နေစဉ်/Photo – Pyae Aung Naing၊ ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ကနီ



