ယင်းမာပင်နယ်ထဲ စစ်အုပ်စု အင်အားတိုးကာ စစ်ကြောင်းထိုးလို့ စစ်ရှောင်ရတဲ့ ပြည်သူ ထပ်တိုး၊

တရုတ်ကြေးနီစက်ရုံထဲကနေ ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်နေ၊
သုထက်/MFP၊ မေ – ၁၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ ရန်ပြုလို့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရတာ နှစ်လကြာ ရှိလာပြီး လက်ရှိမှာ စစ်အုပ်စုက အင်အားတိုးမြှင့် ဆက်လက် စစ်ကြောင်းထိုးတာကြောင့် စစ်ဘေးရှောင်ရတဲ့ ရွာတွေ ပိုများလာတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သင်္ကြန်မတိုင်မီက စတင်ကာ ယင်းမာပင်နယ် အနောက်ခြမ်း၊ ယင်းမာပင်နဲ့ ပုလဲနယ်အစပ် ကျေးရွာတွေကို စစ်အုပ်စု အင်အား ၃၊ ၄၊ ၅၀၀ လောက်နဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး မေလ ၁၇ရက် ဒီကနေ့မှာလည်း ယင်းမာပင်မြို့ပေါ်ကနေ စစ်အုပ်စု စစ်ကြောင်းတစ်ကြောင်း ထပ်မံ ထွက်လာကာ ဒေသတွင်း ရွာစဉ်ပတ်မွှေနေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ဒီမနက်ပိုင်း ယင်းမာပင်နယ်ရှိ တရုတ်ပိုင် ကြေးနီစက်ရုံထဲကနေလည်း စစ်ကားကြီး နှစ်စီး အပါအဝင် စစ်အုပ်စု အင်အား ၁၅၀ နဲ့ ယင်းမာပင်မြို့ဘက် ဦးတည်ကာ စစ်ကြောင်းထိုးလို့ ယင်းမာပင်နဲ့ တရုတ်ကြေးနီစက်ရုံကြား ကျေးရွာတွေက ထောင်ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေကြရတယ်လို့ ဒေသခံ စစ်ဘေးရှောင်ပြည်သူ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“ယင်းမာပင်ကို ရိက္ခာကား ပို့ချင်တာလား၊ စစ်သည်အင်အား ပို့တာလားတော့ မသိရဘူး၊ စစ်ကြောင်း နှစ်ကြောင်း ဆုံမယ့်အနေအထား ဖြစ်တယ်”
အဲ့ဒီလို ယင်းမာပင်နဲ့ တရုတ်ကြေးနီစက်ရုံကြား နှစ်ဖက်ညှပ် စစ်ကြောင်းထိုးချိန် တရုတ်ပိုင် ယန်စီ ကြေးနီစက်ရုံထဲကနေ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ တရစပ် ရမ်းကား ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုက အင်အားတိုးမြှင့်ကာ စစ်ကြောင်းထိုးလို့ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း၊ ယင်းမာပင်နဲ့ တရုတ်ကြေးနီစက်ရုံ ကြားရှိ မြို့သစ်၊ နှောရိုး၊ ကောင်းဆင့်၊ ရွာသာယာရွာ၊ တယ်ပင်ကန် စတဲ့ ရွာတွေက ပြည်သူတွေ စစ်ရှောင်နေကြရတယ်လို့ ကိုယ်တိုင်စစ်ရှောင်နေရသူတွေက ပြောပါတယ်။
ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA က ခေါင်းဆောင်တချို့ အာဏာသိမ်း စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ဖေဖေါ်ဝါရီက စတင်ပြီး စစ်အုပ်စုက ပုလဲနဲ့ ယင်းမာပင်နယ်ထဲ အင်အား ၇၀၀ လောက်အထိ သုံးကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပြီး ခိုးရာပါ ပစ္စည်းတွေကို ယင်းမာပင်မြို့ပေါ် ပြန်ပို့လိုက်၊ မြို့ထဲက ပြန်ထွက်လာပြီး ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး မီးရှို့လိုက် လုပ်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ယင်းမာပင်မြို့နယ် အနောက်ခြမ်းထဲ အဖွဲ့တွေခွဲကာ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စု အင်အား ၃၀၀ လောက်ရှိတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ဖောက်ထွင်းခိုးယူလို့ ရသမျှ ပစ္စည်းတွေထဲက တချို့တဝက်ကို ယင်းမာပင်မြို့ပေါ် ပြန်ပို့ပြီး တချို့သော ခိုးရာပါ ပစ္စည်းတွေ ဖြစ်တဲ့ ပြည်သူပိုင်ကား၊ ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ TV၊ အိမ်သုံးပစ္စည်းနဲ့ စားနှပ်ရိက္ခာတွေကိုတော့ ထွေလာဂျီတွေနဲ့ တင်ကာ ရင်ပေါင်တိုင်ရွာနဲ့ ညောင်တန်း ရွာတွေထဲ သယ်ယူနေတာကြောင့် အဲ့ဒီရွာတွေထဲ အထိုင်စခန်းချမယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။
ယင်းမာပင်နယ်ထဲ စစ်ကြောင်းထိုးရာမှာ အင်အားတိုးဖို့ လိုအပ်တဲ့အခါတိုင်း တရုတ်ကြေးနီစက်ရုံကနေ စစ်ကူ ပို့လေ့ရှိတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ယန်စီနဲ့ ဝမ်ပေါင် (တရုတ်ပိုင်ကြေးနီစက်ရုံတွေ) မှာ အထိုင်ချထားတဲ့ အင်အားက တပ်ရင်း သုံးရင်းစာ ရှိတယ်လို့ သိရတယ်၊ စကစကလည်း အင်အားလိုတိုင်း ယင်းမာပင် – ပုလဲကို ယန်စီ၊ ဝမ်ပေါင်ကပဲ လွှတ်တာ တွေ့ရတယ်”
ယင်းမာပင်နယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ သင်္ကြန်ကာလနောက်ပိုင်း တစ်လတာအတွင်း ယင်းမာပင်နဲ့ ပုလဲနယ်ရှိ လည်ငေါက်၊ တမာပင်ခွ၊ အေးကုန်း၊ သရက်ကန်နဲ့ အင်တော စတဲ့ ရွာတွေကို မီးရှို့ ဖျက်ဆီးလို့ အဲ့ဒီရွာတွေက အိမ်ခြေ ၂၅၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ဖြစ်သလို ရင်ပေါင်တိုင်၊ ဆင်တဲ၊ ဆင်စွယ်၊ မင်းမကုန်း၊ အင်တော၊ မောက်လုပ်၊ ညောင်တန်း၊ ပျားအို၊ နှုံးတန်း စတဲ့ ရွာတွေကိုလည်း စီးနင်းလုယက် ဖောက်ထွင်းခိုးယူခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ပုလဲနယ် သရက်ကန်ရွာအနီး ဒေသခံအမျိုးသား သုံးဦး၊ ယင်းမာပင်နယ် နုံးတန်းရွာက အသက် ၆၀ အရွယ် ပြည်သူ အမျိုးသားတစ်ဦးနဲ့ ယင်းမာပင်နယ် ငါးမောင်းရွာက ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ဦးတို့ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။
စစ်အုပ်စု လက်ထဲ ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူတွေလည်း ဆယ်နဲ့ချီ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်နဲ့ ပုလဲနယ်ရှိ ရင်ပေါင်တိုင်၊ ဆင်စွယ်၊ ရွှေလှံ၊ ဆင်တဲ၊ ပျားအို၊ ညောင်တန်း၊ နှုံးတန်း၊ မင်းမကုန်း၊ ဆုံရွာ၊ ပဲခင်းမ၊ ငနန်း၊ မောက်လုပ်၊ အင်တော၊ ပန်းမထုံး၊ အင်းသာ၊ ပုထိုးသာ၊ ရသစ်၊ ကမ္ဘားရပ် စတဲ့ ကျေးရွာ ၂၀ ကျော်က ပြည်သူ ၃၅,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတာ လနဲ့ချီ ကြာနေပြီ ဖြစ်ပြီး စားသောက်နေထိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေကြတယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရသူတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်တနယ်လုံးကို နယ်မြေစိုးမိုးနိုင်ရေးနဲ့ မုံရွာ – ယင်းမာပင် – ပုလဲ – ဂန့်ဂေါလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အခုလို အင်အားသုံး စစ်ကြောင်းထိုးနေတာ ဖြစ်မယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။

ယင်းမာပင်နယ်ထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့လို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ



