“ကိုယ့်ဟာကိုယ်သာ အပြစ်တင်ရမယ့် အနေအထားပါပဲ၊ မစည်းလုံးမှုရဲ့ရလဒ်က ဒီဟာပဲ”

ဖလမ်းမြို့ လက်လွှတ်ရမှုနဲ့ စစ်အုပ်စုရဲ့ တန်ပြန်ထိုးစစ်ကြောင့် ချင်ပြည်တွင်း စစ်ရေးပြင်းထန်နေမှု အကြောင်း ချင်းပြည်ကောင်စီ၊ ချင်းလဲန်အစိုးရတပ်ဖွဲ့ (Chinland Ministry of Defense) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ နဲ့ ဆက်သွယ်မေးမြန်းချက်၊
ရွှေဥ/MFP၊ (အင်တာဗျူး)
ချင်းပြည်မြောက်ပိုင်း ဖလမ်းမြို့ကို ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ပြီး တစ်နှစ်အကြာမှာ ပြန် လက်လွှတ်လိုက်ရပါတယ်။
အာဏာသိမ်း စစ်အုပ်စုက ချင်းပြည် ဒုတိယမြို့တော် ဖလမ်းမြို့နဲ့ တီးတိန်မြို့တို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေး ၂၀၂၅ စက်တင်ဘာက စတင်ကာ မြေပြင် အင်အား ထောင်နဲ့ချီ အသုံးပြုသလို လေကြောင်းအားကိုးနဲ့ တန်ပြန် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ လက်အောက်ခံ ကလေးမြို့ အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ -ကလေး)နဲ့ ပဲခူးမြို့ အခြေစိုက် တပ်မ -၇၇ ခေါ် အမှတ် ၇၇ ခြေမြန်တပ်မ ဌာနချုပ် က တပ်ရင်းတပ်ဖွဲ့တွေ အသုံးပြုကာ စစ်အုပ်စုက ခုနှစ်လကြာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ပေါ်တာဆွဲ စုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်းခေါ် စစ်သားသစ်တွေကို အသေခံ ရှေ့က တက်ခိုင်းကာ မြို့ပြန်ရရေး ထိုးစစ်ဆင်တာကြောင့် ချင်းတော်လှန်ရေးတပ်တွေ အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလမှာ ဖလမ်းမြို့ကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက တီးတိန်မြို့ကို ပြန်ရရေး ဆက်လက် ထိုးစစ်ဆင်နေသလို ချင်းပြည်အတွင်းရှိ စစ်ရှုံး နယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက ဆက်လက် ထိုးစစ်ဆင်ဖွယ်ရှိနေပါတယ်။

လေကြောင်းအားကိုးနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုရဲ့ တန်ပြန်ထိုးစစ်ကို ခုနှစ်လကြာ ခုခံပြီးနောက် ဖလမ်းမြို့ ပြန်လက်လွှတ်လိုက်ရတဲ့ အခြေအနေနဲ့ ချင်းပြည်တွင်း စစ်ရေး အခြေအနေတွေအကြောင်း ချင်းပြည်ကောင်စီ၊ ချင်းလဲန်အစိုးရတပ်ဖွဲ့ (Chinland Ministry of Defense) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ Nai John Kim ကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်။
MFP ။ ။ အခုဆိုရင် စစ်အုပ်စုက ဖလမ်းမြို့ကို ပြန်ထိန်းချုပ်ထားနိုင်ပြီဆိုပေမယ့် ဖလမ်း-ဟားခါး လမ်းကြား၊ ဖလမ်း-တီးတိန်လမ်းနဲ့ တီးတိန်မြို့နယ်တွေမှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက် ဖြစ်နေတယ်လို့ သိထားရပါတယ်။ ဆိုတော့ အဲ့ဒီနေရာက တိုက်ပွဲ အခြေအနေတွေကို ပြောပြပေးပါအုံး။
Nai John Kim ။ ။ ဟုတ်ကဲ့ ဖလမ်းမြို့ကိုတော့ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ တီးတိန်-ဖလမ်းလမ်းနဲ့ ဖလမ်း-ဟားခါးလမ်းကြား တလျှောက်လုံးမှာလည်း စစ်ကောင်စီ တပ်တွေက အခုထက်ထိ နေရာယူထားဆဲ ဖြစ်ပါတယ်။ ဖလမ်းမြို့ဟာ စစ်ကောင်စီလက်အောက်ကို လုံးဝ ပြန်လည် ရောက်ရှိသွားပြီလို့ ပြောလို့ရပါတယ်ခင်ဗျာ။

MFP ။ ။ ဒီခုနှစ်လတာ တိုက်ပွဲတွေမှာ စစ်အုပ်စုဘက်ကလည်း အသေအပျောက်များတယ်လို့ သိထားရတယ်။ စစ်အုပ်စုတပ်သား အသေအပျောက်က ဘယ်လောက်များပြီး ဘယ်လို ရာထူး၊ တာဝန်ရှိသူတွေ ပါဝင်သလဲ ။
Nai John Kim။ ။ ကျွန်တော်တို့ ဒီခုနှစ်လလုံး ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီ ဗိုလ်ကြီးအဆင့်ထိ ကျတာတွေ တော်တော်လေး ရှိတယ်။ ဒေတာတွေ တော်တော်ရှိတယ်။ ဆိုတော့ ထွက်ပြေးပြီးမှ ကျွန်တော်တို့ ဘက်ကို လာပူးပေါင်းတဲ့ လက်နက်ချသွားတဲ့ လူလည်း ၄၀ နီးပါး ရှိပါတယ်။ ဆိုတော့ အသေအပျောက်ကတော့ တော်တော်လေး များပါတယ်။ ၂၀၀၊ ၃၀၀ ဝန်းကျင်လောက် ရှိတယ်၊ သေဆုံးမှုမှာ။
MFP ။ ။ အခုဆိုရင် စစ်အုပ်စုက တီးတိန်မြို့ကို အင်အားအများအပြား ထပ်ဖြည့်ထားတယ်လို့ သိရတယ်။ တီးတိန်မြို့မှာ အလုံးအရင်းနဲ့ တောင့်ခံမယ့်သဘောလား ၊ဘယ်လို ယူဆရသလဲ ။
Nai John Kim ။ ။ ဟုတ်ကဲ့ စစ်ကောင်စီက အခု စစ်အုပ်စုကနေပြီးတော့ တီးတိန်မြို့ကို ပြန်ပြီးတော့ အင်အား ပြန်ဖြည့်ထားတာ ရှိတယ်။ ဆိုတော့ တီးတိန်ကိုတော့ အခုနပြောသလိုပေါ့၊ ဒီ ZRA (ဇိုမီး တော်လှန်ရေးတပ် – စစ်အုပ်စုနဲ့ ပူးပေါင်း) လည်း ရှိတယ်ဆိုတော့ တော်တော်လေး အခု အင်အား ဖြည့်ပြီးမှ မြို့သိမ်းမယ့် စီမံချက်၊ စီမံထားတဲ့ အရာတွေကို သူတို့က ကြိုတင်ပြီးမှ တုံ့ပြန်နိုင်မယ့် အင်အားကို သူတို့ ပြန်ပြီးတော့ ဖြည့်တဲ့သဘောပါခင်ဗျ။
MFP ။ ။ စစ်အုပ်စုက တီးတိန်မြို့ဘက်မှာ အင်အားအလုံးအရင်း ထပ်ပြင်ထားသလို ဖလမ်းမြို့ကိုလည်း အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ပြီဆိုတာ ပြသဖို့ နေပြည်တော်နဲ့ ကလေးမြို့က Non-CDM ဝန်ထမ်းတွေကို ဖလမ်းမြို့ထဲ ခေါ်သွင်းလာတာ တွေ့ရတယ်။ နောက်တစ်ချက်က နယ်စပ်ထွက်ပေါက် ရိဒ်မြို့ နယ်စပ်ဂိတ်ကိုလည်း ထိုးစစ်ဆင်မယ် ဆိုပြီးတော့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဆိုတော့ သူတို့ ပစ်မှတ်တွေက ဘာတွေဖြစ်မယ်လို့ ယူဆရသလဲ ။
Nai John Kim ။ ။ဒီ ဖလမ်းမြို့ကိုတော့ သူတို့ Non-CDM လို့ ခေါ်တဲ့သူတွေကို ပြန်ခေါ် ပြီးတော့ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်အောင် သူတို့လုပ်ထားတာ ရှိတယ်။ အဓိကတော့ ကလေးမြို့ကို စစ်ရှောင်တဲ့ Non-CDM တွေ အဓိက ပြန်ပြီးတော့ ခေါ်ထားတာ ရှိတယ်။ တခြားတခြား မြို့နယ်ကလည်း ခေါ် ပြီးတော့ အခုဖလမ်းမှာ ပြန်ပြီးတော့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်အောင် သူတို့ လုပ်ထားတာ ရှိတယ်။ ပြီးရင်တော့ တခြား လမ်းတွေလည်း ဆက်ပြီး ထိုးစစ်ဆင်တာတွေတော့ သူတို့ လုပ်တယ်။ ဟားခါးဘက်ကိုလည်း တောက်လျှောက် အခု ပြန်ထိုးစစ်ဆင်တာ ရှိတယ်။ ခုနပြောသလို အိန္ဒိယ နယ်စပ်အပိုင်းကိုလည်း သူတို့ ပြန်လည်ပြီးတော့ ထိုးစစ်ဆင်ဖို့ အခု ပြင်ဆင်နေတယ်၊ လုပ်နေတယ် ဆိုတော့ အဓိကတော့ အကုန်လုံးကို အလုံးစုံကို အင်အား အလုံးအရင်းနဲ့ လေကြောင်းရော၊ ဒရုန်းတွေနဲ့ရော သူတို့ ဒါ ပြန်ပြီးတော့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်။ အဓိကတော့ ဒီထိုးစစ်ကတော့ နယ်စပ်ဒေသတွေ အကုန်လုံး လွှမ်းမိုးနိုင်အောင် သူတို့ရဲ့ ဒါ နံပါတ်တစ် ရည်မှန်းချက်ပါပဲ။ အိန္ဒိယ-မြန်မာ စီးပွားရေး ကုန်းလမ်းသော်လည်းကောင်း ဒီဟာတွေ အကုန်လုံးကို သူတို့က အလုံးစုံ ထိန်းချုပ်ချင်တဲ့ ရည်ရွယ်ချက်လည်း ဖြစ်သလို ချင်းပြည်နယ် တစ်ခုလုံးကိုလည်း ပြန်ပြီးတော့ ထိုးစစ်လုပ်ဖို့ အများကြီး သူတို့မှာ စီစဉ်ထားတာရှိတယ်။ ပြန်ပြီးတော့ အလုံးစုံ ဒီ ချင်းပြည်နယ် အလုံးစုံကို သူတို့ ထိန်းချုပ်နိုင်အောင် ဒါ ရည်ရွယ်ချက်ပါပ
MFP ။ ။ အခုထိုးစစ်မှာက နမခ လက်အောက်ခံတွေအပြင် ပဲခူးတိုင်း အခြေစိုက် တပ်မ -၇၇ တပ်မမှူး ဗိုလ်မှူးချုပ် နေဝင်း တောင် ဖလမ်းမြို့ကို ပါလာတာ တွေ့ရတယ်။ ဆိုတော့ ဒီထိုးစစ်တွေမှာ အဓိက ဦးဆောင်တဲ့ သူတွေက ဘယ်သူတွေ ပါဝင်သလဲ ။

Nai John Kim ။ ။အဓိကကတော့ သူတို့ ထိုးစစ်ဆင်တာက တပ်သားသစ် စုဆောင်းထားတဲ့လူတွေ အဓိက များတယ်။ တပ်မဟုတ်ဘဲနဲ့ သင်တန်း ခေတ္တပေးပြီးမှ တစ်ခါတည်း တက်ခိုင်းတဲ့ဟာတွေ တော်တော်လေး များတယ်။ ဆိုတော့ အများစုကတော့ အဲ့ဒါတွေ များတယ်။ ဆိုတော့ လက်နက်ခဲယမ်း ကတော့ ဒီ သူတို့ အားရပါးရ သုံးနိုင်တယ်ပေါ့။ ဆိုတော့ လေကြောင်း၊ လေယာဉ်နဲ့ရော ပြီးတော့ ဒရုန်းတွေရော၊ လက်နက်ကြီးမျိုးစုံ သုံးပြီးမှ ကျွန်တော်တို့ကို ပြန်ပြီးတော့ သူတို့ ခုခံတာ ရှိတယ်။ မြို့တွေ၊ ရွာတွေ မီးရှို့တာတွေ လုပ်တယ်။ ဆိုတော့ သူတို့ဘက်ကတော့ ထိုးစစ်အမျိုးစုံနဲ့ ရောက်လာတယ်။ တော်တော်ကြမ်းတဲ့ အခြေအနေမျိုးနဲ့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ။ သူတို့ဘက်က အခု လက်ရှိအချိန်အထိပေါ့။ အဓိက ဒီ ထိုးစစ်ကတော့ တပ်မ ၇၇ ဦးဆောင်တာပဲ။ ဆိုတော့ တောက်လျှောက် အကုန်လုံးက ကျွန်တော်တို့ သုံးနေရာ၊ လေးနေရာကနေ ချင်းပြည် မြောက်ပိုင်းဘက်ကို ထိုးစစ်ဆင်လာတဲ့ အကုန်လုံးက တပ်မ ၇၇ ဦးဆောင်တာ။ ဆိုတော့ အကုန်လုံးက ကျတာရော၊ ကျွန်တော်တို့ ဖမ်းဆီးခဲ့တဲ့ ဟာတွေရော အကုန်လုံးက တပ်မ ၇၇ဟာတွေ တော်တော် များတယ်။
MFP ။ ။ ဒီစစ်ဆင်ရေးတွေမှာဆိုရင် စစ်အုပ်စုဘက်က သေဆုံးသွားလိုက်၊ နောက်ထပ် လူနဲ့ လက်နက်တွေ ပို့လိုက်နဲ့ ထပ်ခါထပ်ခါ အင်အားဖြည့်တာမျိုးတွေ တွေ့ရတယ်။ ဆိုတော့ ဒီခုနှစ်လနီးပါး စစ်ကြောင်းမှာ စစ်အုပ်စုဘက်က အင်အား ဘယ်လောက် သုံးခဲ့တယ်လို့ သိထားရသလဲ ။
Nai John Kim။ ။ချင်းပြည်နယ်ကို ထိုးစစ်ဆင်တဲ့ တပ်အင်အားကတော့ တော်တော်လေး များတယ်။ ဆိုတော့ ပထမ ခြောက်လဝန်းကျင်အတွင်းမှာတင် သူတို့အင်အား ၁၀၀၀ ကျော်နဲ့ စတင်ပြီးတော့ ခြောက်လဝန်းကျင်၊ ခုနှစ်လဝန်းကျင်အထိပေါ့၊ ဒီ ၁၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်တယ်။ ဆိုတော့ နောက်ဆုံး ဖလမ်းကို ပြန်ရတဲ့ နောက်ပိုင်းတော့ တော်တော်လေး များတယ်၊ အခုတော့ ၁၀၀၀ နဲ့ ၂၀၀၀ ကြားမှာ ရှိလိမ့်မယ်။”

MFP ။ ။စစ်အုပ်စုက ရက် ၁၀၀ အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ EAOs တွေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အခါ CNF (ချင်းအမျိုးသားတပ်ဦး) ဦးဆောင်တဲ့ ချင်းပြည်အစိုးရကိုလည်း ထည့်သွင်း ဖိတ်ခေါ် ထားတာ တွေ့ရတယ်။ ဒါပေမယ့် CNF အပါအဝင် ချင်းတော်လှန်ရေး အင်အားစုတွေက ဆက်လက် တိုက်ပွဲဝင်နေတာ တွေ့ရတယ်ဆိုတော့ အဲဒီအခြေအနေကိုလည်း ပြောပြပေးပါအုန်း။
Nai John Kim ။ ။ကျွန်တော်တို့ ဒီချင်းပြည်မှာ ပြန်ထိုးစစ်ဆင်တဲ့ဟာက ဒါ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းပါပဲ။ ဗြောင်ဗြောင်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဒါ နံပါတ်တစ် သူတို့ ထိုးစစ် အလုံးအရင်း ထိုးမယ်၊ လေနဲ့ ဗုံးကြဲမယ်၊ ပြည်သူတွေကိုလည်း ခြိမ်းခြောက်မယ်၊ အမျိုးမျိုး ဗုံးကြဲမယ်၊ စာသင်ကျောင်းတွေ ဗုံးကြဲမယ်၊ အရပ်ဘက်ပြည်သူတွေကို ပစ်မှတ်ထားပြီးမှ တိုက်ခိုက်မယ်။ ပြီးရင်တော့ ဒီလို ဖိတ်ခေါ်မယ်၊ ဒါ စစ်ကောင်စီနဲ့ ကျွန်တော်တို့ စကားပြောဖို့ ဖိတ်ခေါ်မယ် ဆိုတဲ့ဟာက သူတို့ရဲ့ ဒါ ရည်ရွယ်ချက်ပါပဲ။ အခုလည်း ဒီ ချင်းမြောက်ဘက်မှာ လုပ်သလို ဒီဘက်မှာလည်း ဒီဟာက ချဉ်းကပ် လာတယ်။ ဒါကတော့ အမှန်ပဲ။ ဆိုတော့ အဓိကကတော့ ကျွန်တော်တို့က ဒီဟာကို ပထမဦးစားပေး မဟုတ်ဘူး။ ကျွန်တော်တို့မှာ ပထမဦးစားပေးမှာ ဒီအတိုင်းပဲ ကျွန်တော်တို့ တိုက်မှာပဲ။ ဘယ်အချိန်မဆို တိုက်မှာပဲ။ ဆိုတော့ ဘယ်တော့မှ သူတို့နဲ့ စားပွဲပေါ်ထိုင်ပြီးမှ စကားပြောမယ့် အချိန်တော့ ရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း လုပ်နိုင်သလောက် လုပ်မယ်။ တိုက်နိုင်သလောက် တိုက်မယ် ဆိုတဲ့ အရာပါပဲ။ အဓိကတော့ ဟိုဘက်က သူတို့ဘက်က ပြင်ဆင်တာကတော့ ဒါ စောနက ပြောထားသလိုပေါ့၊ အမျိုးမျိုးနဲ့ ဖိအားပေးလာမယ်၊ အမျိုးမျိုးနဲ့ လုပ်လာမယ်။ ဒါ သူတို့ရဲ့ ဒါ ရည်ရွယ်ချက်ပဲ။ ဒါ သူတို့ လုပ်ထုံးလုပ်နည်းပဲ။ ဆိုတော့ ကျွန်တော်တို့ ဒီဟာကို ကောင်းကောင်း သိပြီးသား။ ကျွန်တော်တို့ ဒီဟာကို ဘယ်လိုပြောမလဲ၊ တစ်ဖက်က လက်ခံခြင်းအားဖြင့် ပြည်သူတွေရဲ့ စိတ်ဓာတ်ရော၊ ကျွန်တော်တို့ တပ်သားတွေရော၊ ကျွန်တော်တို့ ရဲဘော်တွေရဲ့ စိတ်ဓာတ်ရော အကုန်လုံး ဒါ ပျက်ပြားသွားလိမ့်မယ်။ ဆိုတော့ ဒီ တော်လှန်ရေးက ကျွန်တော်တို့ မရမက ကျွန်တော်တို့ ရည်ရွယ်ချက်က ဘာလဲဆိုတဲ့ဟာ အားလုံးက သိထားဖို့လိုတယ်။ အသက်ပေးသွားတဲ့လူတွေ၊ ခြေလက် ကိုယ်လက် အင်္ဂါ စွန့်လွှတ်ခဲ့တဲ့လူတွေကို ကျွန်တော်တို့ ထည့်တွက်ပြီးမှ စဉ်းစားရမှာ။ ဆိုတော့ ဒီလိုနဲ့ပဲ ကျွန်တော်တို့ ဟိုဘက်က အဆမတန် ဖိအားပေးမှုကြောင့် ကျွန်တော်တို့ ဒီ အပစ်ရပ်စဲတယ်၊ သူတို့နဲ့ အတူ စကားပြောတယ် ဆိုတဲ့ဟာတွေကတော့ တော်တော်လေး ဒါ ပုံရိပ်ဆိုးသွားလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ဆက်လက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
MFP ။ ။ အခုဆိုရင် စစ်အုပ်စုက မကွေးအနောက်ဘက်ကနေ ချင်းပြည်နယ် မြောက်ပိုင်းကို စစ်ရေးအရ ဖိအား ပိုပေးလာတာလည်း တွေ့ရတယ်။ ဒီအခြေအနေမှာ ချင်းတော်လှန်ရေးအင်အားစုတွေ အားလုံး ညီညာသင့်ပြီ၊ ပူးပေါင်းဆောင်ရွက်သင့်ပြီ ဆိုပြီးတော့ ပြည်သူတွေက ထောက်ပြပြောဆိုနေတာလည်း ရှိပါတယ်။ ဖလမ်းကို စစ်အုပ်စု ပြန်ထိန်းချုပ်သွားတာက ချင်းပြည်နယ် တော်လှန်ရေးအင်အားစုတွေ ညီညွတ်ကြဖို့ သံချောင်းခေါက် သတိပေးသံဆိုပြီး ပြောဆိုနေကြတာမျိုး ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။

Nai John Kim။ ။ ချင်းပြည်နယ် ဖလမ်းမြို့ စစ်အုပ်စုပြန်ရတဲ့ဟာက အများအားဖြင့် သုံးသပ်မယ် ဆိုရင်တော့ ကျနော်တို့ တစ်ဦးနဲ့တစ်ဦး အပြစ်တင်စရာ အကြောင်းလည်း မရှိဘူး။ ကိုယ့်ဟာကိုယ်သာ အပြစ်တင်ရမယ့် အနေအထားပါပဲ၊ ဆိုတော့ စည်းလုံးမှုရှိမှ အောင်ပွဲရနိုင်မှာ။ ကျနော်တို့သာ စည်းလုံးခဲ့ရင်တော့ ချင်းပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်လောက်ပြီ၊ ထိုးစစ်ကိုလည်း ပြန်လည် ပြီးတော့ ခုခံနိုင်မယ့် အခြေအနေဖြစ်မယ်။ မစည်းလုံးမှုရဲ့ ရလဒ်က ဒါပဲ။ ဆိုတော့ ကျနော်တို့က တစ်ဖွဲ့နဲ့တစ်ဖွဲ့ လက်ညှိုးထိုး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြစ်တင် ရှုံ့ချ နေသရွှေ့တော့ ချင်းပြည်တခွင်လုံးကို ကျနော်တို့ လက်လွှတ်ရအုန်းမှာပဲ။ အဓိက ဒီဟာက ဟိုလူဦးဆောင်လို့၊ ဒီလူဦးဆောင်လို့ ဆိုတာထက် ကျနော်တို့ မစည်းလုံးခြင်းရဲ့ ရလဒ်လို့ သုံးသပ်လို့ရပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ဦးဆောင်တဲ့သူတွေရဲ့ အသိဉာဏ်ထဲမှာ မှတ်သားသင့်ပြီလို့ ပြောချင်တယ်။ စည်းလုံးရင်တော့ ချင်းပြည်နယ်မှာ စစ်ကောင်စီ မရှိတော့ဘူး။ မစည်းလုံးနိုင်လို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ လက်ညှိုးထိုးတာ များလို့၊ ဒါတွေ ပညာတွေယူပြီး ရှေ့ဆက်လုပ်ငန်းမှာ ခေါင်းဆောင်တိုင်းမှာကော၊ ပြည်သူတိုင်းမှာကော သေချာ သုံးသပ်သင့်ပါပြီ။
MFP ။ ။ ထပ်ပြီးဖြည့်စွက် ပြောချင်တာ ရှိရင်လည်း ပြောပေးပါအုံး။
Nai John Kim။ ။ ကျနော်တို့မှာ ချင်းပြည်နယ်မှာ အဖွဲ့အစည်း ဘယ်လောက် များနေပလေ့စေ ဒီအဖွဲ့အစည်းကို ပူးပေါင်းဆောင်ရွက်မှု ရှိရင်တော့ အကောင်းဆုံးသော အဖွဲ့အစည်း ဖြစ်လိမ့်မယ်။ သို့ပေမယ့် စည်းလုံးမှု မရှိရင်တော့ များစွာသော အဖွဲ့အစည်းတွေ ရှိပေမယ့် ဘာမှ သုံးစားလို့မရတဲ့ အဖွဲ့အစည်းတွေ ဖြစ်သွားလိမ့်မယ်။ အခု လက်ရှိ အခြေအနေကိုပဲ အားလုံး သုံးသပ်ကြပါ။ ကျနော့် အဖွဲ့အစည်း၊ သူ့အဖွဲ့အစည်း၊ ငါ့အဖွဲ့အစည်းဆိုတဲ့ အတ္တတွေ၊ မာနတွေကြောင့် ဆုံးရှုံးခဲ့ရတဲ့ မြို့ရွာတွေ၊ အသက်နဲ့ရင်းပြီး တိုက်ထုတ်ခဲ့ရတဲ့ မြို့ရွာတွေ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားတယ် ဆိုတာက ကျနော်တို့အတွက် ဝမ်းနည်းစရာပါ၊ အသက်ပေးသွားတဲ့ ရဲဘော်တွေကို အားနာသလို ကိုယ့်ဟာကိုယ်လည်း မကျေမနပ် ဖြစ်မိတယ်။ ဒါတွေက ကျနော်တို့ စည်းလုံးဖို့ အချက်ပေးတဲ့ အရာတစ်ခုလို့ ပြောချင်ပါတယ်။

MFP ။ ။အခုလိုမေးမြန်းခွင့်ရတဲ့အတွက် MFP က ကျေးဇူးတင်ပါတယ်။
MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ချင်းပြည် #ဖလမ်းမြို့ #ချင်းတော်လှန်ရေးတပ်



