ဒီပဲယင်း၊ စိုင်ပြင်မှာ ရဲစခန်းထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်သုတ်သင်ပြီး မြို့ကို အပြီးသတ် သိမ်းပိုက်၊

သုံးရက်ကြာ စခန်းသိမ်း တိုက်ပွဲအတွင်း စစ်အုပ်စု ၁၁ ယောက် သေကာ လက်နက်ခဲယမ်းနဲ့ သုံ့ပန်းတချို့ ဖမ်းမိပြီး စခန်းမှူးက ကိုယ်လွတ်ရုန်း ထွက်ပြေး၊
ရွှေဥ/MFP၊ မေ- ၁၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ ရဲစခန်းထဲ ခိုအောင်းနေတဲ့ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင်တွေကို တိုက်ခိုက်သုတ်သင်ပြီးနောက် မေ ၁၆ရက်က မြို့ကို အပြီးသတ် သိမ်းပိုက် နိုင်ခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေးတပ်မတော်- PDF၊ အမှတ် ၁ ရွှေဘိုခရိုင် စစ်ဌာနက သတင်း ထုတ်ပြန်ပါတယ်။
ဒီပဲယင်းနဲ့ ဘုတလင်မြို့နယ်အစပ်၊ လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျပြီး အိမ်ခြေ ၂၅၀၀ ကျော်ရှိတဲ့ စိုင်ပြင်မြို့ကို တော်လှန်ရေး တပ်တွေက နယ်မြေစိုးမိုးထားပေမဲ့ စစ်အုပ်စု အမြစ်မပြတ်သေးဘဲ ရဲစခန်းထဲ ခိုအောင်းနေတာကြောင့် မေလ ၁၄ရက်ကနေ ၁၆ရက်အထိ စိုင်ပြင်မြို့ တိုက်နယ်ရဲစခန်းကို သုံးရက်ကြာ စီးနင်းတိုက်ခိုက်ကာ အပြီးသတ် သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲအတွင်း စစ်အုပ်စု ၁၁ ယောက် သေကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိသလို သုံ့ပန်းတချို့လည်း ဖမ်းမိပြီး စိုင်ပြင်တိုက်နယ် ရဲစခန်းမှူး ဒု-ရဲအုပ်အဆင့် ဝင်းဇာနည်အောင် ဆိုသူကတော့ ကလေးနဲ့ မိသားစု အပါအဝင် ဒဏ်ရာရ ရဲဘော်တွေကို စွန့်ပစ်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးတယ်လို့ အမှတ် ၁ ရွှေဘိုခရိုင် စစ်ဌာန တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
” ၁၁ ဦး စစ်တပ်ဘက်က ကျပါတယ်။ သုံ့ပန်းတွေလည်း ရထားတာ ရှိပါတယ်။ အဓိကတော့ ဒဏ်ရာ ရနေတဲ့ လူတွေနဲ့ မိသားစုဝင်တွေပေါ့လေ၊ ဒီမိသားစုဝင်တွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါပါတယ်” လို့ သူက ဆိုပါတယ်။

စိုင်ပြင်ရဲစခန်း တိုက်ပွဲအတွင်း ဖမ်းမိတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် စစ်အုပ်စု လက်နက်ကိုင် သုံ့ပန်းတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည်း ဆိုပါတယ်။
“ဒုရဲအုပ် ဝင်းဇာနည်အောင်လို့ ခေါ်တယ်။ သူကတော့ အရင် စခန်းမှူး ဦးကျော်ဆိုတာ ရှိတယ်။ သူကတော့ အရက်သောက်လွန်ပြီး စခန်းထဲမှာပဲ သေသွားတာ၊ သူ (ဝင်းဇာနည်အောင်) တက်လာတာ မကြာသေးဘူး။ တစ်နှစ်ဝန်းကျင်လောက် ရှိမှာ။ ပြေးတာကတော့ အနီးနားက ရွာဘက် စစ်တပ်ရှိတဲ့ဘက် ပြေးသွားတာ၊ ဖမ်းဆီးရသူတွေကိုတော့ တိုက်ပွဲဝင်တဲ့ ရဲဘော်တွေကတောင် နဖူးတွေ့၊ ဒူးတွေ့ ရဲဘော်တွေကတောင် အရှင်ဖမ်းခေါ်လာနိုင်တဲ့အထိ ခေါ်လာတယ်။ ကျနော်တို့က အကောင်းမွန်ဆုံး ဘာလို့ မထားနိုင်ရမှာလဲ၊ လူ့အခွင့်အရေးနဲ့အညီ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားပါတယ်” လို့ အထက်ပါ အမှတ် ၁ ရွှေဘိုခရိုင် စစ်ဌာန တာဝန်ရှိသူက ဆက်ပြောပါတယ်။
စိုင်ပြင်ရဲစခန်းသိမ်း တိုက်ပွဲကို Operation OTT (အိုးတိန်တွင်း စစ်ဆင်ရေး)အဖြစ် အမည်ပေးခဲ့ပြီး ဒေသခံ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ လုံခြုံရေး အာမခွချက်ဖို့ ရည်ရွယ်ကာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတာလို့လည်း အမှတ် ၁ ရွှေဘိုခရိုင် စစ်ဌာနက ဖော်ပြပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၅ မတ်လက စိုင်ပြင်မြို့နဲ့ မနီးမဝေးရှိ၊ ဒီပဲယင်းနယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းကို ဗုံးကြဲသတ်ဖြတ်ရာ ကျောင်းသား၊ကျောင်းသူနဲ့ ဆရာမ၊ စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်အပြီး တစ်နှစ်ပြည့်ချိန်မှာ စိုင်ပြင်ရဲစခန်းထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက် သုတ်သင်တာဖြစ်ပါတယ်။
စိုင်ပြင်ရဲစခန်းကို အမြတ်ပြတ် သိမ်းပိုက်နိုင်ရေး တိုက်ခိုက်နေချိန် စစ်အုပ်စုက လေကြောင်းပစ်ကူကာ တိုက်လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတာကြောင့် တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားရာ နေရာသာမက ဒေသခံပြည်သူတွေကိုပါ ပစ်မှတ်ထားပြီး ဗုံးကြဲတာကြောင့် စိုင်ပြင်မြို့ခံတွေ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေ အနေနဲ့ စိုင်ပြင်ရဲစခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီး ရှင်းလင်းခဲ့ပြီး ဖြစ်သလို စစ်အုပ်စု ကင်းစင်ပြီမို့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေလည်း မြို့၊ရွာတွေအတွင်း ပြန်လည် ဝင်ရောက် နေထိုင်နိုင်ပြီ ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲရှုံးပြီး စိုင်ပြင်ရဲစခန်း လက်လွှတ်လိုက်ရတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ လက်ရှိမှာတော့ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခကတဆင့် ဘုတလင်နယ်ကို ဖြတ်ကာ စိုင်ပြင်မြို့ဆီ ထိုးစစ်ဆင်လာတာ ရှိပြီး စစ်အုပ်စု ရန်ကြောင့် ဘုတလင်နယ် ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ပေါ်တာဆွဲ စုဆောင်းထားတဲ့ တပ်သားသစ်တွေကို အသေခံ စစ်သားအဖြစ် ရှေ့ကတက်ခိုင်းကာ စိုင်ပြင်မြို့ဘက် ပြန်လည် ထိုးစစ်ဆင်လာတာ ဖြစ်ပြီး ပြည်သူကို ပစ်မှတ်ထားကာ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ပါ ဗုံးကြဲနေတာကြောင့် နမခ၊ ဘုတလင်နဲ့ စိုင်ပြင်မြို့ကြား လမ်းတလျှောက် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားမှုနဲ့ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် စိုင်ပြင် – ဘုတလင် လမ်း အပါအဝင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး စိုင်ပြင်မြို့ခံတွေ အပါအဝင် ဘုတလင်နဲ့ ဒီပဲယင်းနယ်ခံ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စားသောက် နေထိုင်ရေး ခက်ခဲနေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူ အမျိုးသမီးက MFP ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့ နေရာတွေကတော့ ပြေးနေရတယ်။ စစ်တပ်က နေရာအနှံ့အပြား စစ်ကြောင်းထိုးနေတာ ရှိတယ်၊ တပ်စွဲနေတာ ရှိတယ်။ ကုန်စည်လမ်းကြော ပြတ်တောက်သွားတာ ရှိတယ်။ တချို့နေရာဒေသတွေဆိုရင် ကိုယ့်မှာ ရှိတာတွေနဲ့ စားသောက်နေထိုင်နေကြရတယ်၊ တောထဲမှာ ရတဲ့ အသီးတွေနဲ့ ရပ်တည်နေကြတယ်” လို့ သူက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ မြေပြင်မှာ စစ်ရှုံးတိုင်း ပြည်သူကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲ သတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းစက စိုင်ပြင်ရဲစခန်းရှေ့မှာ စစ်အုပ်စုက ချိတ်ဆွဲထားတဲ့ သတိပေးပိုစတာနဲ့ ၂၀၂၆ မေလ ၁၆ရက်မှာ စိုင်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးခဲ့စဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ဒီပဲယင်း #စစ်ကိုင်း #စိုင်ပြင်ရဲစခန်း



