မကွေးသတင်း

ပုဂံမြို့ရဲ့ မြစ်တဖက်ကမ်းမှာ စစ်အုပ်စုက မွေးကင်းစ ကလေးနဲ့ မိခင်တို့ကို သတ်ကာ အလောင်း မီးရှို့၊

ပခုက္ကူ မြစ်ခြေနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေနေပြီး ငါးရက်အတွင်း ကလေးသူငယ်တွေ အပါအဝင် ဒေသခံ ငါးဦး ထက်မနည်း သတ်ဖြတ်ကာ ရွာ ခုနှစ်ရွာ မီးရှို့ဖျက်ဆီး၊

‌အီသာရမ်/MFP၊ မေ- ၁၉

မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းနယ်မြေ ပုဂံမြို့ရဲ့ မြစ်တဖက်ကမ်း၊ မကွေးတိုင်း၊ ပခုက္ကူခရိုင် မြစ်ခြေတိုက်နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး ယမန်နေ့က မွေးကင်းစ ကလေးငယ်နဲ့ မိခင်တို့ကို သတ်ဖြတ်ကာ အလောင်းတွေကို မီးပုံထဲ ပစ်ထည့် ဖျောက်ဖျက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပုဂံ-ညောင်ဦးမြို့နဲ့ ပခုက္ကူမြို့ထဲကနေ ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်အုပ်စုဟာ မေလ ၁၀ ရက်က စလို့ ပုဂံမြိုရဲ့ မြစ်တဖက်ကမ်း၊ မြစ်ခြေနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

မေလ ၁၄ရက်က မြစ်ခြေတိုက်နယ်၊ ထန်းတောချောက်ကျေးရွာကို စစ်အုပ်စုက စီးနင်းလုယက်၊ မီးရှို့ချိန် မီးဖွားပြီးစမို့ စစ်ဘေးရှောင် ထွက်မပြေးနိုင်ဘဲ နေအိမ်မှာ ကျန်ရစ်တဲ့ မွေးကင်းစ ကလေးငယ်နဲ့ မိခင်တို့ကို ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းတွေကို မီးရှို့ခဲ့တာလို့ သေဆုံးသူ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

“မွေးကင်းစဆို ရက်ပိုင်းပဲ ရှိသေးတာ။ ကလေးအမေရော သတ်ပြီးတော့ မီးထဲ ပစ်ထည့်ခဲ့တာ၊ ရွာထဲ ကျန်နေခဲ့တာကို အမျိုးသားကိုယ်တိုင်က ပြောတာ။ သွား‌ပြီးခေါ်တော့ မမီတော့ဘူးတဲ့၊ မီးထဲ ထည့်ခံရတာလို့”

စစ်အုပ်စုက သတ်ဖြတ်၊ မီးရှို့တဲ့ ကလေးငယ်ဟာ မီးဖွားထားတာ ရက်ပိုင်းပဲ ရှိသေးပြီး မိခင်ဖြစ်သူက အသက် ၃၀ ဝန်းကျင်အရွယ် ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ အင်ဝိုင်းကျေးရွာမှာလည်း ဒေသခံပြည်သူ နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းဝိုင်းကျေးရွာအတွင်း စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင် အမျိုးသားတွေ ဖြစ်ပြီး သေဆုံးတာ ရက်ကြာပြီမို့ အလောင်းတွေ့ချိန်မှာ မျက်နှာတွေ မမှတ်မိဘဲ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုဖို့ ခက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းဝိုင်းရွာကို စစ်အုပ်စု စတင် စီးနင်းဖို့ ကြိုးစားတဲ့ မေလ ၉ရက်ကလည်း ရွာကို ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်အုပ်စုဟာ မေလ ၁၀ရက်က စလို့ မြစ်ခြေနယ်ထဲ ရွာစဉ်ပတ်မွှေကာ ဖောက်ထွင်းလုယက်၊ မီးရှို့နေပြီး ရက်သတ္တတစ်ပါတ်ကျော်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာ ခုနှစ်ရွာအထိ ရှိလာပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီးတဲ့ ကျေးရွာတွေဟာ ကူကျွန်း၊ လက်ပံကျွန်း၊ အနောက်နံဂါတ်၊ ဉယျာဉ်၊ ညောင်ပင်၊ မိုးနက်ကုန်းနဲ့ ထန်းတောချောက်ကျေးရွာတို့ ဖြစ်ပါတယ်။

စစ်အုပ်စု ရန်ကြောင့် မြစ်ခြေနယ်ရှိ ကျေးရွာ ၃၀ လောက်က သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပြီး စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရသူတွေက ပြောပါတယ်။

အဲ့ဒီ မြစ်ခြေနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေး တပ်တွေလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

ပုဂံမြို့ရဲ့ မြစ်တဖက်ကမ်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်ရှိ ထန်းတောချောက်ကျေးရွာကို မေလ ၁၄ရက်မှာ စစ်အုပ်စုက စီးနင်းပြီးနောက် လူသတ်၊ လုယက်၊ မီးရှို့ဖျက်ဆီးနေစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ပခုက္ကူ #မြစ်ခြေ #ထန်းတောချောက်ရွာ

Related Articles

Back to top button