
လွတ်အောင်မပြေးနိုင်လို့ ပြည်သူနှစ်ဦး သေဆုံးကာ တစ်ဦး ခေါင်းပြတ်ထွက်ပြီး ဒဏ်ရာရသူတွေလည်း ရှိ၊
မာကျူရီ/MFP၊ မေ – ၂၀
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးလို့ အသက်ဘေးက ကင်းလွတ်ရေး စစ်ဘေးရှောင် ထွက်ပြေးကြတဲ့ ဒေသခံပြည်သူတွေ ဂျိုင်အိုကော်ပရာ (Gyrocopter)နဲ့ လိုက်လံ ဗုံးကြဲသတ်ဖြတ်ခံရကာ ပြည်သူနှစ်ဦး ပြေးရင်းလွှားရင်း ဗုံးထိမှန် သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မေလ ၁၉ရက် မနေ့က နေ့လည်ပိုင်းအချိန် မုံရွာ – ရေဦး လမ်းကြော၊ ဘုတလင် – စိုင်ပြင် ကားလမ်း၊ ဆိတ်သာကန်နဲ့ အုတ်ဖိုကျေးရွာကြားမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ထွက်ပြေးနေတဲ့ လူအုပ်ထဲကို စစ်အုပ်စုက ဂျိုင်အိုကော်ပရာနဲ့ လိုက်လံ ဗုံးကြဲသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“ဘုတလင်ကနေ မြောက်ဘက် (စစ်အုပ်စု စစ်ကြောင်း) ထွက်လာပြီလို့ ကြားတော့ အဲ့ဒီ (ဘုတလင်-စိုင်ပြင်လမ်း) ဘက်က ပြေးကြတော့တာလေ၊ အဲ့ဒါကို ဗုံးချသွားတာ၊ လမ်းကြောကြီးပေါ်ပဲ ချသွားတာ၊ စစ်ရှောင်တွေ ပြေးတဲ့အချိန်၊ နှစ်ယောက် သေတယ်၊ တစ်ယောက်ကဆို ခေါင်းပြတ်သွားတာ”လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
သေဆုံးသူတွေဟာ လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား နှစ်ဦးဖြစ်ပြီး မိသားစုတွေနဲ့အတူ စစ်ဘေးရှောင် ထွက်ပြေးနေရင်း လိုက်လံ ဗုံးကြဲခံရကာ သေဆုံးကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးထိမှန်လို့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပေမယ့် ဝရုန်းသုန်းကား ထွက်ပြေးနေရတာကြောင့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲက ထွက်လာတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ သံချပ်ကာကား၊ ပွိုင့်ဖိုက်စက်သေနတ် တပ်ဆင်ထားတဲ့ ကား အပါအဝင် ကား အစီး ၂၀ ကျော်၊ အင်အား ရာဂဏန်းနဲ့ မေလ ၁၆ရက်က စလို့ ဘုတလင်နယ်ကတဆင့် ဒီပဲယင်းနယ်၊ စိုင်ပြင်မြို့ဘက် ဦးတည် စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေ စီးနင်းလုယက်၊ ရန်ပြုနေတာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စု ရန်ကြောင့် ဘုတလင်နယ်နဲ့ ဘုတလင် – စိုင်ပြင် ကားလမ်းတလျှောက် ကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ မြေပြင်စစ်ကြောင်းမရောက်မီ ကျေးရွာတွေကို ကြိုတင်ကာ ဗုံးပတ်ကြဲနေသလို လူသူရှိမယ်ထင်တဲ့ စိတ်ထိုင်ရာနေရာတွေနဲ့ မဲမဲမြင်ရာနေရာတွေကို လိုက်လံ ဗုံးကြဲသတ်ဖြတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီနေ့အခုလည်း ဂျိုင်ရိုနဲ့ ချနေတာပဲ၊ ဘုတလင်ရဲ့ မြောက်ဘက်ခြမ်း ရွာတွေဘက် ရှေ့ကနေ ကြိုချနေတာ၊ အထိခိုက် မသိရသေးဘူး၊ သူတို့(စစ်တပ်)က စိုင်ပြင်ဘက် ထွက်ချင်နေတာ ဖြစ်မယ်” လို့ ဘုတလင်မြို့နယ် ပအဖ အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

နမခ ထဲကနေ စစ်အုပ်စု စစ်ကြောင်းစထွက်ကတည်းက ဘုတလင်မြို့နယ်အတွင်း စစ်အုပ်စုက ဖုန်းလိုင်း ဆွဲအားတွေ ပိုမို လျော့ချဖြတ်တောက်၊ ပိတ်ဆို့ထားတဲ့အတွက် ဒေသတွင်း ဆက်သွယ်ရေး ပြတ်တောက်ပြီး ပြည်သူတွေ အခက်အခဲ ကြုံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းစ ကတည်းက ဘုတလင်နယ် အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ် အများအပြားကို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပိတ်ဆို့ ဖြတ်တောက်ထားတာ ဖြစ်ပြီး နမခ နဲ့ ထိစပ်နေတဲ့ ဘုတလင်နယ်မှာ ရာသီဥတု ကြည်လင်တဲ့အချိန် တခါတရံမှာ ဖုန်းလိုင်းတချို့ 2G အနေနဲ့ ဆက်သွယ်ပြောဆိုလို့ ရရှိပေမဲ့ လက်ရှိမှာတော့ လုံးဝ ပိတ်ဆို့ဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။
မေလ ၁၆ရက်က ဘုတလင်နဲ့ ထိစပ်နေတဲ့ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ တိုက်နယ်ရဲစခန်းထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သုတ်သင်ကာ မြို့ကို အပြီးသတ် သိမ်းယူခဲ့ပြီးနောက် စစ်အုပ်စုက အခုလို နမခကနေ ဘုတလင်နဲ့ စိုင်ပြင်ဘက် ဦးတည်ကာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်အုပ်စု ရန်ကြောင့် ဘုတလင်-ရေဦးလမ်းပိုင်း၊ ဘုတလင်မြို့ရဲ့ မြောက်ဘက်ခြမ်းရှိ ကျေးရွာတွေ ဖြစ်တဲ့ ထန်းတန်း၊ မြောက်ကျီ၊ ညောင်ပင်ကြီး၊ ပဲပြစ်တော၊ တက်လှိုင်း၊ ဆိတ်သာကန်၊ အုတ်ဖို၊ လက်ပံ စတဲ့ ကျေးရွာတွေက ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

ဘုတလင်နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုး ရန်ပြုလို့ ထွက်ပြေးနေကြရတဲ့ ပြည်သူတွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – ဒေါင်းရာဇာ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ဘုတလင် #စိုင်ပြင် #စစ်ဘေးရှောင်ပြည်သူဗုံးကြဲ



