
ကျူးလွန်သူတွေကို အရေးယူပေးဖို့ မိသားစုတွေ တောင်းဆို၊
အိန္ဒိယနယ်စပ်မှာ တစ်နှစ်အတွင်း မြန်မာ့တော်လှန်ရေး ရဲဘော် ၁၅ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ၊
ရွှေဥ/MFP၊ မေ- ၂၀
မြန်မာ -အိန္ဒိယနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်နဲ့ ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ ကမ်ချောင်ခရိုင်မှာ အိန္ဒိယ အခြေပြု လက်နက်ကိုင်အဖွဲ့တစ်ခုက ပြည့်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ဖွဲ့ဝင် ရဲဘော် ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှု တစ်လနီးပါး ကြာမြင့်ပြီဖြစ်ပေမဲ့ အမှုမှန် မပေါ်သေးသလို အလောင်းပင် ပြန်မရဘူးလို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သေဆုံးသူ ရဲဘော်တွေဟာ တမူးခရိုင် PDF အမှတ် ၂ တပ်ရင်း တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ တမူးမြို့နယ်၊ ကျွန်းတော်ရေရှင်နဲ့ မင်းသာကျေးရွာနေ အသက် ၁၅၊ ၁၉နဲ့ ၂၀ ဝန်းကျင် လူငယ် ငါးဦးဖြစ်ပါတယ်။
အဲ့ဒီ ရဲဘော် ငါးဦးဟာ တမူးခရိုင် PDF အမှတ် ၂ တပ်ရင်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ကမ်ချောင်ခရိုင်မှာ နာဂလက်နက်ကိုင် (NSCN-IM/GPRN-Aleng Group) ရဲ့ ဖမ်းဆီးခြင်း ခံရပြီးနောက် ဧပြီ ၂၄ရက်မှာ သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
နာဂလက်နက်ကိုင် (NSCN-IM/GPRN-Aleng Group) ဟာ ဖမ်းမိတဲ့ PDF ရဲဘော်တွေကို ကူကီးတပ် (Kuki National Organization /Kuki National Army -Burma (KNA-B) ရဲဘော်တွေအဖြစ် စွပ်စွဲကာ ကူကီးတပ် ယူနီးဖောင်းတွေ ပြောင်းလဲ ဝတ်ဆင်ပေးပြီးနောက် သတ်ဖြတ်လိုက်တာ ဖြစ်တယ်လို့ တော်လှန်ရေး ကာလ တမူးမြို့ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။
“သူတို့ တပ်ရင်းက ထွက်ပြေးတာဆိုတော့၊ ဒါပေမယ့် နယ်စပ် ရောက်တော့ NSCN-I တွေက မိတဲ့ အခါကြတော့ သူတို့တွေကို အသုံးချသွားတာပေါ့ဗျာ။ အမှန်က သူတို့က PDF မှန်းလည်း သိတယ်၊ သူတို့နဲ့ မတည့်တဲ့ ကူကီးလူမျိုးတွေကို ဂျောက်ချချင်လို့ ဒီအဖွဲ့ကို အသုံးချ၊ ယူနီဖောင်းတွေ ဝတ်ပေး ပြီးတော့မှ KNA (B) တံဆိပ် အတုတွေ တပ်ပြီးတော့ ကူကီးလူမျိုးတွေ ဆိုပြီး လုပ်လိုက်တာပေါ့ “

နာဂလက်နက်ကိုင် (NSCN-IM/GPRN-Aleng Group) အဖွဲ့က PDF ရဲဘော် ငါးဦးကို ကူကီး တပ်ဖွဲ့ဝင်တွေအဖြစ် ဖမ်းဆီးစစ်ဆေး၊ သတ်ဖြတ်တဲ့ ရုပ်သံဖိုင် လူမှုကွန်ယက်မှာ ဖြန့်ဝေရာကနေ စုံစမ်း သိရှိရတာ ဖြစ်ပြီးတော့ ဒီနေ့တိုင် အလောင်းပြန်မရဘူးလို့ သေဆုံးသူ မိသားစုဝင် တစ်ဦးက MFP ကို ပြောပါတယ်။
“သူတို့ သေဆုံးတဲ့အကြောင်းကိုတော့ သူတို့ တပ်ရင်းထဲက ဗိုလ်မှူးတွေက တစ်ယောက်မှ စကား လာ မပြောပါဘူး။ သူ့သူငယ်ချင်းတစ်ယောက်က သူ့တပ်ရင်းမှာ နေတုန်းက ခင်တဲ့ သူငယ်ချင်းက ဖုန်းထဲမှာ လာပြောတယ်။ နင့်မောင်လေး ဆုံးသွားပြီဆိုပြီး။ အလောင်းက ပြန်မရဘူး “
အဲ့ဒီလို ဖမ်းဆီးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ဖို၊ ကျူးလွန်သူတွေကို အရေးယူပေးဖို့နဲ့ တရားမျှတမှု ရအောင် ဆောင်ရွက်ပေးစေချင်တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“တောင်းဆိုချင်တာက ငါတို့ စိတ်အနာဆုံးက ငါတို့မောင်လေး သေသွားတော့ သူတို့ (PDF တာဝန်ရှိသူ) ဘာသတင်းမှ မပို့ဘဲနဲ့ နေတာ။ ငါတို့ စိတ်အနာဆုံးပါ၊ သူတိုလည်း တပ်ရင်းထဲမှာ သုံးနှစ်ကျော်ကျော် ပေးဆပ်ခဲ့တဲ့ တန်ဖိုးက လစ်လျှုရှု့တာနဲ့ အတူတူပါပဲ။ သူတို့ကို လုံးဝ ဂရုမစိုက်ဘူး၊ အဲ့ဒါကို ငါတို့ မကျေနပ်ပါဘူး၊ ပြီးရင် သတ်သွားတဲ့ နာဂလူမျိုးတွေက ပြန်ပြီး ဖမ်းပေးလို့ရမလား “

ကူကီးတပ်ဖွဲ့ဝင်တွေအဖြစ် စွပ်စွဲ၊ဖမ်းဆီး၊ သတ်ဖြတ်ခံရတဲ့ PDF ရဲဘော် ငါးဦးဟာ တပ်ရင်းက ထွက်ပြေးသူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး PDF ခရိုင်တာဝန်ရှိသူတွေနဲ့ အမှတ် ၁ စစ်ဒေသ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ရရှိဖို့ တောင်းဆိုရအုံးမှာ ဖြစ်ကာ လက်ရှိ အချိန်ထိတော့ တရားဝင် စာထုတ်နိုင်တာ မရှိသေးဘူးလို့ တမူးမြို့ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ဒီတပ်ရင်းက ရဲဘော်တွေ တာဝန်ထမ်းဆောင်စဉ် ဖြစ်ပျက်တာမျိုးဆိုရင် သူတို့ ခရိုင် မကဘူး၊ အမှတ် ၁ စစ်ဒေသတို့ကပါ တာဝန်ယူတာတို့၊ စာထုတ်တာတို့၊ ဖြေရှင်းပေးချက်တို့၊ ရှိမှာပေါ့၊ အခုဟာက တပ်ရင်းကနေ ထွက်ပြေးသွားတာ ဖြစ်တဲ့အတွက် တပ်ရင်းဘက်ကလည်း ဘာမှ ဝင်လုပ်ပေးလို့ မရဘူး။ နောက်ပြီးတော့ စာထုတ်ပြီးတော့ ရှင်းလင်းပေးဖို့ကြတော့လည်း အမှတ် ၁ စစ်ဒေသ၊ ခရိုင် ကွပ်ကဲရေးတို့ ခွင့်ပြုချက်က ယူရအုံးမယ်လေ။ ထွက်ပြေးတဲ့ လူတွေရဲ့ ကဏ္ဍမှာ သူတို့ရဲ့ ခွင့်မပြုမရဘဲ စာထုတ်လို့ မရဘူးဆိုတဲ့ ပုံစံမျိုး ရှိတယ်။ ဒါကြောင့်မို့ သူတို့က တရားဝင် စာထုတ်တာ မလုပ်ဘူးလို့ သိရတယ်”

အိန္ဒိယ-မြန်မာ နယ်စပ်မှာ နာဂလက်နက်ကိုင် (NSCN-IM/GPRN-Aleng Group) နဲ့ ကူကီးတပ် (KNA-B) တို့ဟာ အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေသလို နာဂ နဲ့ ကူကီး လူမျိုး အရပ်သားပြည်သူ အချင်းချင်းလည်း တင်းမာမှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံ အစိုးရ စစ်တပ်ကလည်း မြန်မာ – အိန္ဒိယ နယ်စပ်တလျှောက် လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို နှိမ်နင်းတယ်လို့ အကြောင်းပြကာ မြန်မာဘက်ခြမ်း၊ နာဂဒေသထဲ ဒရုန်းနဲ့ ဗုံးကြဲတာ၊ ပစ်ခတ်သတ်ဖြတ်တာတွေလည်း ယခုလတွေအတွင်း လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ မေလ ၁၄ ရက်ကလည်း မြန်မာ-အိန္ဒိယ နယ်စပ်၊ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တမူးခရိုင်-ပကဖ) တပ်ဖွဲ့ဝင် ၁၀ ဦးကို အိန္ဒိယနိုင်ငံ အစိုးရ၊ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးကာ အိန္ဒိယနိုင်ငံအတွင်း ခေါ်ဆောင်ပြီးနောက် သတ်ဖြတ်ခဲ့ပါတယ်။
အဲ့ဒီ တမူးခရိုင် ပကဖ အဖွဲ့ဝင် တော်လှန်ရေး ရဲဘော် ၁၀ ဦးကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့လည်း အိန္ဒိယအစိုးရက ကျူးလွန်သူ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေကို တစုံတရာ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ တမူးဒေသခံတွေက ပြောပါတယ်။
အိန္ဒိယအစိုးရဟာ မြန်မာ- အိန္ဒိယ နယ်စပ်တလျှောက် နယ်စပ်ခြံစည်းရိုး ကာရံတာတွေကို ရှိန်မြှင့် တိုးချဲ့ လုပ်ဆောင်နေပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဖြတ်သန်းခွင့်တွေကိုလည်း ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ်မှာ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ တမူးခရိုင် PDF တပ်ရင်း ၂ တပ်ဖွဲ့ဝင်တွေ/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #တမူး #PDF #အိန္ဒိယနယ်စပ်



