မကွေးသတင်းအညာမြေ တော်လှန်ရေး

မတူပီမြို့မှာ စစ်အုပ်စုက ဗုံးကြဲသတ်လို့ မွေးကင်းစ လေးရက်သား ကလေးငယ် သေဆုံး၊

မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက် အပါအဝင် ချင်းပြည်တောင်ပိုင်းနဲ့ ချင်း-မကွေးအစပ် မြို့၊ရွာတွေကို စစ်အုပ်စု ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေ၊

ဒေါ်လာ/MFP၊ မေ- ၂၄

ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့ရှိ ပြည်သူတွေကို အဓိက ပစ်မှတ်ထားကာ အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ မွေးကင်းစ လေးရက်သားအရွယ် ကလေးငယ်တစ်ဦး သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မေ၁၃ရက်က စတင်ပြီး မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ မြို့၊ရွာတွေကို ၂၅ကြိမ်အထိ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ကလေးသူငယ် အပါအဝင် ပြည်သူ နှစ်ဦး သေဆုံးပြီး အိုးအိမ်တွေ၊ စျေးဆိုင်တွေ၊ စာသင်ကျောင်းတွေနဲ့ အဆောက်အအုံတွေ အများအပြား ပျက်စီးတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် – CPU/CPA က ထုတ်ပြန်ပါတယ်။

ချင်းပြည်တောင်ပိုင်းရှိ မြို့၊ရွာတွေကို ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မေလ ၁၉ရက်၊ ည ၁၁နာရီအချိန် မတူမြို့ပေါ်ရှိ ပြည်သူတွေကို တိုက်လေယာဉ်နဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့ရာ ဗုံးပေါက်ကွဲမှုနဲ့ တုန်ခါမှုကြောင့် မွေးကင်းစ လေးရက်သားအရွယ် ကလေးငယ် သေဆုံးတယ်လို့ CPU က ဖော်ပြပါတယ်။

ဒါ့အပြင် မေလ ၁၁ရက်နဲ့ ၁၂ရက်တွေမှာလည်း မင်းတပ်မြို့ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ၁၁ ကြိမ်အထိ ဗုံးပတ်ကြဲခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူများအနေဖြင့် လက်ရှိအချိန်အတောတွင်း လူစုလူဝေးများ ရှောင်ရှားကာ မိမိတို့နေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိပြီး ထောက်လှမ်းရေး ဒရုန်းများ၊ ကင်းထောက် လေယာဉ်များ၊ လေကြောင်းသတင်းများကို အချိန်နှင့်အမျှ နားစွင့်၍ လေကြောင်းသတိပြု နေထိုင်ကြပါရန် ချင်းပြည်သူ့ အစည်းအရုံးအနေဖြင့် တိုက်တွန်းနှိုးဆော် အပ်ပါသည်” လို့ CPU က တိုက်တွန်းထားပါတယ်။

ချင်းပြည်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင် ဆောမြို့နယ်ကိုလည်း အာဏာသိမ်း စစ်အုပ်စုက မေလ ၁၄ရက်နောက်ပိုင်း မကြာခဏ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၀ ရက် ညနေပိုင်းက ဆောမြို့နယ်၊ တပြင်းရွာအနီးကို စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စင်းနဲ့ ငါးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မေ ၂၂ ရက်၊ မနက် ၅ နာရီမှာလည်း Y-12 ထောက်ပို့ လေယာဥ်တစ်စင်းနဲ့ တပြင်းရွာအနီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မြို့၊ရွာတွေကို ပြန်လည် ထိုးစစ်ဆင်ဖို့ ကြိုးစားနေပြီး ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို မန္တလေး၊ မိတ္ထီလာနဲ့ ပခုက္ကူတို့ကတဆင့် ချင်းပြည်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်၊ ယောဒေသထဲ အင်အားထောင်နဲ့ချီကာ ပို့လွှတ်ထားတာ ဖြစ်ပါတယ်။

မြေပြင်ကနေ စစ်ကြောင်းထိုးဖို့ အင်အားဖြည့်နေသလို လေကြောင်းကနေလည်း အခုလို မြို့၊ရွာတွေကို တရစပ် ဗုံးကြဲနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲမူတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သား ပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်တောင်ပိုင်း မတူပီမြို့ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ သေဆုံးတဲ့ မွေးကင်းစ လေးရက်သားအရွယ် ကလေးငယ်/Photo – CPU/CPA

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ချင်းပြည် #မတူပီ #မင်းတပ်

Related Articles

Back to top button