
ဒေါ်လာ/MFP၊ မေ- ၂၄
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဆားတွင်းကျေးရွာ ဘုန်းကြီးကျောင်းကို အာဏာသိမ်း စစ်အုပ်စုက မနေ့က ညနေပိုင်း တိုက်လေယာဉ်နဲ့ ဗုံးလေးလုံး ကြဲချသတ်ဖြတ်ခဲ့ရာ ကျောင်းထိုင် ဆရာတော် ထိခိုက်ဒဏ်ရာရပြီး ကျောင်းတိုက်အတွင်း စစ်ဘေးရှောင် ခိုလှုံနေသူတွေထဲက ဆယ်ကျော်သက်အရွယ် ကလေးတစ်ဦး သေဆုံးတယ်လို့ သတင်းရရှိပါတယ်။
မေ ၂၃ရက် ညနေ ၅နာရီကျော်အချိန် ဝန်းသိုမြို့နယ်၊ ကျွန်းပင်အုပ်စု၊ ဆားတွင်းကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ တဲတွေကို ပစ်မှတ်ထားကာ စစ်အုပ်စုက ဗုံးလေးကြိမ် ကြဲချခဲ့တာလို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်းထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ မန္တလေးမြို့၊ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဘုန်းကြီးကျောင်းကို ပထမအကြိမ် ဗုံးနှစ်လုံး ကြဲချပြီးနောက် ငါးမိခန့်အကြာမှာ နောက်ထပ် ဗုံးနှစ်လုံး ကြဲချတာကြောင့် ကျောင်းထိုင်ဆရာတော်နဲ့ ကျောင်းဝင်းအနီး ခြင်းခတ်နေတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေ သေဆုံး၊ ဒဏ်ရာရကာ ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးတာလို့ ဆိုပါတယ်။

ဗုံးထိမှန်လို့ ကျောင်းထိုင်ဆရာတော် အပါအဝင် လေးဦး ဒဏ်ရာရပြီး ဆေးဝါးကုသဖို့ ကြိုးစားရင်း အသက် ၁၄နှစ်အရွယ် ဆယ်ကျော်သက် လူငယ်တစ်ဦး သေဆုံးတာလို့ ဝန်းသို ပကဖ က ဖော်ပြပါတယ်။
တိုက်ပွဲမရှိဘဲ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားကာ စစ်အုပ်စုက ဗုံးကြဲ သတ်ဖြတ်တာ ဖြစ်ပြီး ဗုံးထိမှန် ပျက်စီးတဲ့ ဆားတွင်းရွာ ဘုန်းတော်ကြီးကျောင်းရဲ့ ကျောင်းဆောင်မကြီးနဲ့ သိမ်တော်ဟာ ဝန်းသိုမြို့နယ် အတွင်း အကြီးဆုံး သိမ်တော်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခွေးစိတ်ပေါက်နေသော စကမသည် စစ်ရေးပစ်မှတ် မဟုတ်သော (စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံနှင့် ပြည်သူ့နေအိမ်) များကို အဓိက ပစ်မှတ်ထား လုပ်ဆောင်နေသောကြောင့် ပြည်သူများ အနေဖြင့် ပကဖမှ သတိပေး ဆောင်ရွက်ပေးနေသော လေကြောင်းရန် ကာကွယ်ရေး သတိပေးချက် များကို သတိမပြတ် နားထောင်ပြီး အထူးဂရုပြုပြီး နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်” လို့ ဝန်းသိုမြို့နယ် ပကဖ က တိုက်တွန်းထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဝန်းသိုနယ် အပါအဝင် နိုင်ငံတဝန်းမှာ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲမူတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။

၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သား ပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန် ထားပါတယ်။


ဝန်းသိုနယ်၊ ဆားတွင်းကျေးရွာ ဘုန်းကြီးကျောင်းကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဝန်းသိုမြို့နယ် ပကဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဝန်းသို #ဘုန်းကြီးကျောင်းဗုံးကြဲ



