မကွေးသတင်းအညာမြေ တော်လှန်ရေး

မကွေးအနောက်ခြမ်းကို စစ်အုပ်စုက ရိက္ခာဖြတ်တာ ၁၀ ရက် ရှိလာပြီး ဒေသတွင်း ပြတ်လပ်မှု စကြုံ၊

ပခုက္ကူမြို့ကို ကုန်ကားတွေပင် အဝင်မခံတော့၊

လှိုင်း/MFP၊ မေ  – ၂၄

မကွေးတိုင်း၊ ဧရာဝတီမြစ်ကမ်းနဖူးရှိ ပခုက္ကူမြို့ကနေ တော်လှန်ရေး အားကောင်းရာ ဒေသတွေဆီ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို သယ်ယူခွင့်မပြုဘဲ အာဏာသိမ်း စစ်အုပ်စုက ပိတ်ဆို့ ဖြတ်တောက် ထားတာ ၁၀ရက်ကြာ ရှိလာပြီး မကွေးတိုင်းအနောက်ခြမ်း၊ မကွေးနဲ့ချင်းအစပ် ဒေသတွေမှာ ရိက္ခာပြတ်လပ်မှု စတင် ကြုံတွေနေရပြီလို့ ဒေသခံတွေတွေက MFP ကို ပြောပါတယ်။

မေ ၁၃ ရက်က စတင်ပြီး ပခုက္ကူမြို့တွင်းရှိ ကုန်စည်ဂိတ်တွေကနေတဆင့် တခြားမြို့တွေကို စားသောက်ကုန်၊ လူသုံးကုန်နဲ့ ကုန်စိမ်း၊ ကုန်ခြောက်ပစ္စည်းတွေ သယ်ယူ တင်ဆောင်ခွင့်ကို အာဏာသိမ်း စစ်အုပ်စုက အကြောင်းပြချက်မရှိဘဲ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ သူတို့ကို ခုခံတော်လှန်မှု အားကောင်းတဲ့ မကွေးတိုင်းအနောက်ခြမ်း၊ မကွေးနဲ့ချင်းအစပ် ဒေသတွေကို ရိက္ခာဖြတ်တောက်ဖို့ ကြိုးစားတာ ဖြစ်နိုင်ပြီး လက်ရှိမှာ ပခုက္ကူနယ် အနောက်ခြမ်း အပါ အဝင် မကွေးတိုင်း အနောက်ခြမ်း မြို့၊ရွာတွေ စားနပ်ရိက္ခာ ရှားပါး ပြတ်လပ်လာတယ်လို့ ဆိုပါတယ်။

“ကျမတို့ဘက်တွေကို စစ်တပ်က ရိက္ခာဖြတ်ထားတယ်။ ရက် ၉၀ လို့ ပြောတယ်။ ကုန်ကားတွေကို ပခုက္ကူမြို့ထဲကို အဝင်မခံတော့တာ။ ရိက္ခာမဖြတ်ခင် တက်သွားတဲ့ ကားတွေကလည်း ဘာမှကို သယ်လို့ မရတော့ဘူး” လို့ မကွေးနဲ့ ချင်းအစပ်၊ ယောဒေသ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်း နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ မေလဒုတိယပတ်က စလို့ ဆောမြို့နယ်အတွင်း အင်အား ၁၀၀၀ ကျော်နဲ့ စစ်ကြောင်း ထိုးနေသလို လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေလို့ ဆောမြို့နယ်ရှိ ထောင်သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။

စစ်အုပ်စုက စားကုန်၊ သုံးကုန် သယ်ယူခွင့်ကို ရက်ကြာရှည် ပိတ်ဆို့ ဖြတ်တောက်ထားပါက ယခုထက် ပိုမိုပြီး ရိက္ခာပြတ်လပ်တာတွေ ကြုံရမှာကို စိုးရိမ်နေကြတယ်လို့ မကွေးတိုင်း အနောက်ခြမ်းရှိ ဒေသခံတွေက ဆိုပါတယ်။

“ကျမတို့က ပုလဲ(မြို့နယ်)ကနေ မြိုင်(မြို့နယ်)ကို စစ်ရှောင်လာတာ။ အရင်ကလည်း ဆိုင်ကယ်နဲ့လာတဲ့ စျေးသည်တွေ၊ ရွာထဲက ရောင်းတဲ့ အသားတွေ ဝယ်စားလို့ရတယ်။ တကိုယ်ရည်သုံးတွေကလည်း မရှားဘူး။ မြိုင်က အရင်ကလည်း စျေးကြီးတယ်။ ခုက ပစ္စည်းပြတ်တာတော့ မရှိသေးပေမယ့် စျေးတွေ တက်လာပြီ။ အရင်ကထက် နှစ်ထောင်၊ သုံးထောင် စျေးတက်သွားတာ” လို့ မြိုင်မြို့နယ်မြောက်ပိုင်းရှိ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပခုက္ကူခရိုင်အတွင်းရှိ ပေါက်၊ မြိုင်၊ မြစ်ခြေ အပါအဝင် ပခုက္ကူနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသ၊ မကွေး-ချင်းအစပ် ဒေသတွေဟာ စားကုန်၊ သုံးကုန်အတွက် ပခုက္ကူမြို့ကို အဓိက အားပြု ကုန်သွယ် နေကြရတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မြိုင်၊ ပေါက်၊ ရေစကြို၊ မြစ်ခြေနဲ့ ယောဒေသကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အချိန်မှာ အခုလိုမျိုး ရိက္ခာသယ်ယူခွင့်ကိုပါ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

“မြိုင်၊ ပေါက်၊ ယော၊ ဆောကနေ ချင်းတောင်နဲ့ ရခိုင်ဘက်ထိ ရိက္ခာဖြတ်တောက်ဖို့လို့ လုပ်နေတာပါ။ သူတို့ အုပ်ချုပ်နေတဲ့ ပခုက္ကူမြို့ပေါ်ကိုလည်း မညှာမတာ အကျပ်အတည်း ဖြစ်အောင် လုပ်နေတာ” လို့ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပါတယ်။

စစ်အုပ်စုဟာ ပခုက္ကူမြို့ အနောက်ဘက်ရှိ ပေါက်၊ မြိုင်၊ မြစ်ခြေနဲ့ ယောဒေသကို စစ်ကြောင်းတွေ သုံးကြောင်း ထက်မနည်း ခွဲကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေလို့ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ပြည်သူ တစ်သိန်းဝန်းကျင် ရှိပြီး ယခုလို ရေသန့်ဗူးကအစ စားကုန်၊ သုံးကုန် သယ်ယူခွင့်ကို  တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားတာကြောင့် ပြည်သူတွေ အခက်အခဲ ဖြစ်နေရတယ်လို့ ပခုက္ကူနယ် အခြေပြု တော်လှန်ရေးတပ်တစ်ခု ဖြစ်တဲ့ အညာမြေတပ်ပေါင်းစုက ဆိုပါတယ်။

“အခုဆိုရင် စစ်ရှောင်နေကြတာရော၊ စစ်ကြောင်းတွေ ရှိနေတာရောနဲ့ ဒေသတွင်းမှာ အတော်ကို ကသီကလင် နိုင်ကြရပါတယ်။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာရော၊ မိုးစကျပြီမို့ ရာသီပေါ် ဖျားနာမှုတွေ ကြုံကြရမှာကိုရော တွေးပူနေကြရပါတယ်” လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုရဲ့ စားကုန်၊ သုံးကုန် သယ်ယူခွင့် ပိတ်ပင်မှုတွေကြောင့် ပခုက္ကူမြို့ကို ကုန်ကားတွေလည်း ဝင်ရောက်တာ မရှိတော့ဘဲ ပခုက္ကူမြို့ပေါ်မှာရှိတဲ့ သီးနှံပွဲရုံတွေ၊ ကုန်စုံဆိုင်တွေလည်း အရောင်းအဝယ် ပါးနေတယ်လို့ ဆိုပါတယ်။

“ပခုက္ကူမြို့ပေါ်ကို တက်ရင် ရွာကနေ ရောင်းမယ့် ကုန်တွေ သယ်သွားတယ်။ ရာသီထွက် သီးနှံတွေပေါ့။ ဥပမာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲ၊ စပါး အဲ့ဒါတွေကို မြို့ပေါ်မှာ ရောင်းဖို့ တင်သွားကြတာ၊ အပြန်ကျရင် ရွာဘက်ကမှာတဲ့ ကုန်တွေကို ပြန်သယ်လာတာပေါ့။ အခုက ပခုက္ကူမြို့အဝင်ပဲ ရပြီး အထွက်က ဘာမှ သယ်မရတော့ ဆီစျေးနဲ့လည်း မကိုက်ကြဘူး။ မြို့ပေါ်ကိုလည်း မသွားကြတော့ဘူး” လို့ ကုန်ကားသမားတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုက ပြည်သူတွေကို စားကုန်၊ သုံးကုန် သယ်ယူခွင့် ပိတ်ထားပေမဲ့ မေ ၂၃ ရက်က ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ တကစ ၃ (တပ်မတော်အကြီးစားစက်ရုံ – ၃) ကို ပခုက္ကူကတဆင့် Mi-17 ရဟတ်ယာဥ် နှစ်စင်းနဲ့ စုစုပေါင်း ခြောက်ခေါက် လက်နက်ခဲယမ်း၊ စစ်အင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းခဲ့ပါတယ်။

မြိုင်နယ်ထဲ စစ်အုပ်စုက အင်အားဖြည့်ထားတာကြောင့် မြို့နယ် အနောက်တောင်ပိုင်း၊ တောင်ပိုင်းနဲ့ တကစ ၃ တဝိုက်မှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းနားစွင့်ပြီး သတိဝိရိယနဲ့ နေထိုင်ဖို့ စစ်ကြောင်းသတင်းတွေ ဖော်ပြနေတဲ့ We Love Myaing အဖွဲ့က အသိပေးထားပါတယ်။

စစ်အုပ်စုဟာ မကွေးတိုင်းအနောက်ခြမ်းမှာရှိတဲ့ တော်လှန်ရေးအင်အားကောင်းတဲ့ ဒေသတွေကို စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ အင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်တောက်တာတွေကို လွန်ခဲ့တဲ့နှစ်တွေ အတွင်းကလည်း ပိတ်ဆို့ဖြတ်တောက်ခဲ့သလို ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ပခုက္ကူကနေတဆင့် ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ပိတ်ပင်ခဲ့ပြီး လက်ရှိမှာ အလုံးစုံ ပိတ်ဆို့ဖြတ်တောက်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မကွေးတိုင်းအနောက်ခြမ်း ဆောမြို့နယ် အပါအဝင် မကွေးနဲ့ ထိစပ်နေတဲ့ ချင်းပြည် တောင်ပိုင်း ဒေသတွေကို အင်အား ထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင်နေပါတယ်။

ပခုက္ကူမြို့မှာ ပြည်သူကို တားဆီးငွေညှစ်နေတဲ့ အာဏာသိမ်း စစ်အုပ်စုကို ပြီးခဲ့တဲ့ လတွေအတွင်း တွေ့ရစဉ်/Photo – MOI

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ပခုက္ကူ #ကုန်စည်ပိတ်ဆို့

Related Articles

Back to top button