
ခြေလျင်မလှည့်ဘဲ ခိုးယူလုယက်ထားတဲ့ ကားနဲ့ဆိုင်ကယ်တွေ သုံးကာ ရွာစဉ်ပတ်မွှေ၊
သတ်ဖြတ်ခံရသူ အလောင်း ကိုးလောင်း၊ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာ ၁၀ရွာ ထက်မနည်းရှိကာ ပြည်သူ သောင်းချီ စစ်ဘေးရှောင် ထွက်ပြေးနေရ၊
သုထက်/MFP၊ မေ- ၂၄
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ဆက်လက် ကျူးလွန်နေပြီး ယခုရက်ပိုင်း ကျေးရွာ သုံးရွာရှီ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သင်္ကြန်ကာလ ဧပြီလအတွင်းက စတင်ကာ ယင်းမာပင်နယ် အနောက်ခြမ်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ် အစပ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ တွေ့သမျှလူကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေ ဖောက်ထွင်းလုယက်ခိုးယူတာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ လက်ရှိမှာ ခြေလျင်စစ်ကြောင်းထိုးတာမျိုး မဟုတ်တော့ဘဲ ဖောက်ထွင်းလုယက် ခိုးယူထားတဲ့ ကားနဲ့ ဆိုင်ကယ်တွေ သုံးကာ ယာဉ်တန်းနဲ့ ရွာစဉ်ပတ်မွှေပြီး လူသတ်၊ လုယက်၊ မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ပြည်သူတွေရဲ့ ကား၊ဆိုင်ကယ်တွေ ယူသွားပြီး စစ်ကြောင်းထိုးရာမှာ အသုံးပြုနေတာ၊ ရွာတွေ ပတ်မွှေပြီး ပစ္စည်းတွေ ခိုးယူလုယက်နေဆဲပဲ” လို့ ယင်းမာပင်နယ်ခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
လက်ရှိမှာ ခိုးယူလုယက်ထားတဲ့ ဆိုင်ကယ် ၂၇စီး၊ ကားသုံးစီးနဲ့အတူ အင်အား ၃၀၀ နဲ့ ယင်းမာပင် နယ်ထဲ ရွာစဥ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ မေလ ၂၂ရက်က ပန်းမထုံးရွာရဲ့ မြောက်ဘက်၊ တောတိုက်ရှိ လူနေတဲတိုက်တွေကို စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးသလို မေလ ၂၃ ရက်မှာလည်း တာဝရွာအနီးရှိ တဲတွေကို မီးရှို့ဖျက်ဆီးတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်မြို့နယ် အနောက်ခြမ်းရှိ ဆင်စွယ်၊ ရင်ပေါင်တိုင် စတဲ့ ကျေးရွာတွေထဲ အခြေပြုကာ ဒေသတွင်း ရွာစဉ်ပတ်မွှေနေတာ ဖြစ်ပြီး မေ ၂၄ရက် ဒီကနေ့ မနက်ပိုင်းမှာ အလောင်းတော်ကဿပ ကြိုးဝိုင်းအနီးရှိ ကပိုင်နဲ့ သီးကုန်းရွာတွေ ဆက်လက် စီးနင်း၊ ဖောက်ထွင်း လုယက်နေကာ သီးကုန်းရွာရှိ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် အလောင်းတော်ကဿပ ကြိုးဝိုင်းအနီးရှိ ကပိုင်၊ သီးကုန်း၊ တာဝ၊ ချောင်းကောက်၊ ပန်းမထုံး၊ အင်းသာ စတဲ့ ရွာတွေက ပြည်သူ ၅၀၀၀ ကျော် အရေးပေါ် စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ယင်းမာပင်နယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ တွေ့သမျှလူကို ဖမ်းဆီးသတ်ဖြတ်၊ ရန်ပြုလို့ ယင်းမာပင်နဲ့ ပုလဲနယ်ရှိ ရင်ပေါင်တိုင်၊ ဆင်စွယ်၊ ရွှေလှံ၊ ဆင်တဲ၊ ပျားအို၊ ညောင်တန်း၊ နှုံးတန်း၊ မင်းမကုန်း၊ ဆုံရွာ၊ ပဲခင်းမ၊ ငနန်း၊ မောက်လုပ်၊ အင်တော၊ ပန်းမထုံး၊ အင်းသာ၊ ပုထိုးသာ၊ ရသစ်၊ ကမ္ဘားရပ် စတဲ့ ကျေးရွာ ၂၀ ကျော်က ပြည်သူ ၃၅,၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ လနဲ့ချီကြာမြင့်နေပြီ ဖြစ်ပါတယ်။

သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ အနေနဲ့ စစ်ဘေးရှောင်နေရတာ လနဲ့ချီကြာမြင့်ပြီ ဖြစ်ပြီး အမိုးအကာ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာတွေ လိုအပ်သလို ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေစခံ စစ်ဘေးရှောင်အမျိုးသားက ပြောပါတယ်။
“စစ်ကြောင်းက ဆက် ထိုးနေတာဆိုတော့ စစ်ရှောင် အရေအတွက် တိုးနေတယ်၊ နေပူရှိန် တအားပြင်းတော့ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေအတွက် ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်၊ ဒီကြားထဲ မိုးကရွာတော့ ပိုပြီးဆိုးတာပေါ့”
ယင်းမာပင်နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ သင်္ကြန်ကာလနောက်ပိုင်း တစ်လကျော်အတွင်း အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ကိုးဦးကို သတ်ဖြတ် စွန့်ပစ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ယင်းမာပင်နဲ့ ပုလဲနယ်ရှိ လည်ငေါက်၊ တမာပင်ခွ၊ အေးကုန်း၊ သရက်ကန်၊ အင်တော၊ ဆင်စွယ်၊ ရင်ပေါင်တိုင် စတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၀ရွာထက်မနည်း စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
စစ်အုပ်စု စစ်ကြောင်းထိုးချိန် လွတ်အောင် ထွက်မပြေးနိုင်ဘဲ ဖမ်းဆီးခံရသူနဲ့ ပျောက်ဆုံးနေသူတွေလည်း အများအပြား ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ယင်းမာပင်နယ်ထဲ နယ်မြေစိုးမိုးနိုင်ရေးနဲ့ မုံရွာ – ယင်းမာပင် – ပုလဲ – ဂန့်ဂေါလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် ဖေဖေါ်ဝါရီက စတင်ကာ ယင်းမာပင်နယ်ထဲ အင်အားသုံး စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ယင်းမာပင်နယ်ထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ထွက်ပြေးနေရတဲ့ ဒေသခံ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ



