မြိုင်နယ် သရက်ကန်ရွာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ လက်နက် ၁၇ လက်ရ၊

စစ်အုပ်စုက ငါးနှစ်ကြာ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၄၀ ကျော် ကယ်ထုတ်နိုင်၊
အီသာရမ်/MFP၊ မေ- ၂၅
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ စစ်အုပ်စုနဲ့ ပျူစောထီးတွေ အခိုင်အမာ နေရာယူ တပ်စွဲထားတဲ့ သရက်ကန်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက မေ ၂၃ရက်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ၁၇လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ မကွေး ပြည်သူ့ကာကွယ်ရေး တပ်မတော် (Magway PDF) က သတင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်အုပ်စုနဲ့ပျူတွေက ကျေးရွာအတွင်း ငါးနှစ်ကြာ ဖမ်းဆီးထားကာ ဓားစာခံ လူသားဒိုင်းကာ အဖြစ် အသုံးချနေတဲ့ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၄၉ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၂၂ ရက် မနက်ပိုင်းမှာ “တမာမြေစစ်ဆင်ရေး” အဖြစ် သရက်ကန်ရွာ ပျူစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် (၂/၆/၇/၁၄/၁၇) တပ်ရင်းတွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်း – ၁ ( MFUDC -1) ၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်စစ်ဌာန (ဒရုန်းတပ်ဖွဲ့)၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄၊ ပြည်သူ့ လုံခြုံရေးအင်အားစု (ကမ္မ)၊ မြိုင်ပကဖအဖွဲ့ဝင် (ဂဠုန် ၊ JOKER ၊ GOOD BROTHER ၊ TYK ၊ JRF ၊ စကြာ် ၊ ဝံပုလွေ ) တပ်ဖွဲ့တွေ၊ တပ်ရင်းဆေးတပ်ဖွဲ့၊ မြို့နယ်ဆေးတပ်ဖွဲ့၊ မြိုင်မြိုနယ်တောင်ပိုင်းဇုန် (ပအဖ ၊ ပကဖ) နဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ သရက်ကန်ရွာ ပျူစခန်းမှာ စစ်အုပ်စုနဲ့ ပျူစောထီး အင်အား ၁၀၀ ခန့် အခြေပြုနေတာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေက မေ ၂၂ရက် မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင်ခဲ့ကာ မေ ၂၃ရက် မနက်ပိုင်းမှာ စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
သရက်ကန်ရွာ ပျူစခန်းသိမ်း တိုက်ပွဲအတွင်း စစ်အုပ်စုက တိုက်လေယာဉ်၊ Y-12 တွေနဲ့ အကြိမ် ၄၀ ထက်မနည်း ဗုံးကြဲပစ်ကူခဲ့တယ်လို့ Magway PDF က ထုတ်ပြန်ပါတယ်။
“တိုက်ပွဲတွင်း ရန်သူ့ထံမှ ကာဘိုင် ၁၁လက်၊ ၁၂ဗို့ ခြောက်လက်၊ လက်လုက် တစ်လက်နှင့် လက်နက်ခဲယမ်း တချို့ သိမ်းဆည်း ရရှိပါသည်။ ထို့ပြင် ငါးနှစ်စာ ပျူစောထီးများ၏ ရွာတွင်း ဖိနှိပ်မှုဒဏ်ကို ခံခဲ့ရသော အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၄၉ ယောက်ကို ကယ်တင်နိုင်ခဲ့ပါသည်” လို့ Magway PDF က ဖော်ပြပါတယ်။

သရက်ကန်ကျေးရွာဟာ အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ကတည်းက စစ်အုပ်စုက သရက်ကန်ရွာခံတချို့ကို ပျူစောထီးအဖြစ် လက်သပ်မွေးကာ ပျူစခန်းအဖြစ် အထိုင်ချတပ်စွဲထားတာ ဖြစ်ပါတယ်။
စစ်အုပ်စုနဲ့ပျူစောထီးတွေ ကျေးရွာစာသင်ကျောင်းမှာ အထိုင်ချတပ်စွဲထားတာကြောင့် ကျေးရွာက ပြည်သူတွေအားလုံးက နေရပ်စွန့်ခွာထွက်ပြေးနေကြရတာ လေးနှစ်ခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
သရက်ကန်ရွာ ပျူစောထီးစန်းကို တော်လှန်ရေးတပ်တွေက ရိက္ခာဖြတ်တောက်ထားပြီး စစ်အုပ်စု စစ်ကြောင်းထိုးပြီး ရိက္ခာပို့ရတာနဲ့ လေကြောင်းကနေ ရိက္ခာထုပ်တွေ ချပေးပြီး ရိက္ခာ ပို့ဆောင်ပေးနေရပါတယ်။


မြိုင်နယ် သရက်ကန်ရွာ ပျူစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိတဲ့ လက်နက်တွေ/Photo – Magway PDF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #မြိုင် #သရက်ကန်ရွာပျူစခန်း



