မကွေးသတင်း

မကွေးကနေ ချင်းတောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်တဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်ကြောင်းတချို့ ပြန်ဆုတ်၊စစ်အုပ်စုက ကန်ပက်လက်မြို့ကို အဆက်မပြတ်ဗုံးကြဲနေပြီး တိုက်ပွဲအတွင်း CPA တပ်စိပ်မှူးတစ်ဦးကျဆုံး

ဒံယေလ/MFP၊ မေ-၂၆

မကွေးတိုင်း ၊ဆောမြို့နယ်က‌နေ ချင်းပြည်တောင်ပိုင်း၊ကန်ပက်လက်မြို့ကို အင်အားအလုံးအရင်းနဲ့ ချီတက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း တိုက်ခိုက်ခံရပြီးတော့ စစ်ကြောင်းတချို့ ပြန်ဆုတ်ခွာသွားတယ်လို့ စစ်‌ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစတင်ကာ မကွေးတိုင်းအခြေစိုက် အမြောက်တပ် (အမတ -၃၆၈) တည်ရှိရာ ကျောက်ထုမြို့ နဲ့ ဆောမြို့ တွေမှာ လူ၊လက်နက် ၊ရိက္ခာဖြည့်တင်းပြီး ချင်းပြည် တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေခဲ့တာပါ။ အဲဒီနောက် မေ ၁၆ ရက်ကစတင်ကာ အဆိုပါ မြို့တွေကတဆင့် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့ကို ဦးတည်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

ဒီလိုစစ်ကြောင်းထိုးလာရာမှာ ချင်း-မကွေး ကုန်စည်စီးဆင်းရာ လမ်းမကြီးဖြစ်တဲ့ ဆော -ကန်ပက်လက်လမ်းက စစ်ကြောင်းတစ်ကြောင်းနဲ့ နဲ့ကျောက်ထု -မင်းတပ် လမ်းက စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်လာတာဖြစ်ပြီး အင်အား(၁၀၀၀)ကျော် ပါဝင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဆိုပါ စစ်အုပ်စုတွေနဲ့ တော်လှန်ရေးတပ်တွေဟာ ကန်ပက်လက်မြို့မှာ (၁၀) ရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်အုပ်စုတချို့ ပြန်ဆုတ်ခွာသွားသလို ၊မင်းတပ်မြို့နယ်နဲ့ (၁၀)မိုင်ခန့် ဝေးတဲ့ မကွေးတိုင်း၊ကံကြီးရွာမှာလည်း စစ်အုပ်စုက အင်အားဖြည့်တင်း ပြင်ဆင်တာတွေလုပ်​နေတယ်လို့ ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA) -မြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။

“ထိုးတာကတော့ ကန်ပက်လက်ဘက်ထိုးတာပါ၊မင်းတပ်ဘက်ကိုတော့ မထိုးသေးဘူး ၊ကျောက်ထုနယ် ကံကြီးကျေးရွာမှာ တပ်ဖြန့်ထားတုန်းပါပဲ။သူတို့က စစ်ကြောင်းထိုးလို့မရလို့ လေကြောင်းက ဆက်တိုက်ပစ်နေတာ ။တိုက်ပွဲကတော့ ဒီ‌နေ့ ငြိမ်နေတယ်”လို့ အဆိုပါရဲဘော်က ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုဘက်က အထိနာသေဆုံးမှုတွေရှိနေပြီး စစ်အုပ်စုက ကန်ပက်လက်မြို့ ကို အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေခဲ့တာပါ။ မေ (၂၄) ရက်မှာတော့ ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA)တပ်ရင်း (၉) မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်စိတ်မှူးတစ်ဦး ကျဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ကန်ပက်လက်တိုက်ပွဲမှာ ကျဆုံးတာပါ ။ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA)တပ်ရင်း (၉) ကပါ”လို့ သူကဆိုပါတယ်။

တော်လှန်ရေးအင်အားစုဖြစ်တဲ့ ကန်ပက်လက်မြို့သတင်းကဖွဲ့ကလည်း ကန်ပက်လက်မြို့ကို ဦးတည်တဲ့ စစ်အုပ်စု စစ်ကြောင်းတချို့ ပြန်လည်ဆုတ်ခွာသွားပြီးတော့ လူ ၊လက်နက်၊ရိက္ခာ ဖြည့်တင်းနေတာကြောင့် ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ မေ (၂၆) ရက် ဒီနေ့မှာ လူမှုကွန်ယက်ကတဆင့် ရေးသားထုတ်ပြန်ထားပါတယ်။

“ဆောနှင့်ကန်ပက်လက်ကြားက စစ်ခွေးစစ်ကြောင်းကို စကစမှ ရိက္ခာ နင့် ခဲယမ်းများ လာချပေးတယ်လို့ သိရပါတယ်။စစ်ခွေးအချို့ ပြန်နောက်ဆုတ်ပြီး ဆောမြို့ မူလစခန်းတွင်း ပြန်ဝင်ရောက်ပြီး တစ်ချို့စစ်ခွေးများ ဒေသအခေါ် ၆မိုင် နင့် ၄မိုင် အကြား ရှိနေသေးကြောင်း သိရပါတယ်။လောလောဆယ် ငြိမ်နေပေမယ့် စစ်ခွေးများဆီ ရိက္ခာနှင့် ခဲယမ်းများ ရောက်ရှိလာပြန်ပြီမို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ပါတယ်။ ပြည်သူများဘေးကင်းကြပါစေ”လို့ ရေးသားထားတာပါ။

ဒီလိုတိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကလည်း မကွေးတိုင်း ၊ယောဒေသနဲ့ ပုံတောင်ပုံညာမှာ စစ်အုပ်စုတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်တွေ စစ်ဆိုင်ထားသလို ၊စစ်အုပ်စုက မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့တွေကို လေကြောင်းကနေ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဆေးဝါးအကူအညီပေးနိုင်ဖို့ လူမှုကွန်ယက်ကတဆင့် အကူအညီ တောင်းခံထားပါတယ်။

“လက်ရှိမှာ အကြမ်းဖက် စကမတွေ ရှေ့ဆက်မတိုးနိုင်အောင် တားထားနိုင်ပေမဲ့လည်း စခတွေ နောက်ထပ် စစ်ကူအင်အား (၁၀၀၀)ကျော် ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလ ကြာရှည်မယ့် ပြင်းထန်မယ့် သဘောရှိပါတယ်။ဒီအလှူခံပို့စ်နဲ့ ပတ်သက်ပြီး အလှူခံလိုတာ (၂) ခု ရှိပါတယ်။ (က) ရှေ့တန်းစစ်မြေပြင်မှာ အလိုအပ်ဆုံးအရာတွေ ကူညီဖြည့်တင်းဖို့၊ (လက်ရှိ ရှေ့တန်းစစ်မျက်နှာမှာ အလိုအပ်ဆုံးအရာတွေဘာလဲဆိုတာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူကို မေးမြန်းစုံစမ်းထားပါတယ်) (ခ) ရဲဘော်တွေကို ဆေးကုသတဲ့အခါ လိုအပ်တဲ့အရာတွေ ဝယ်ယူဖြည့်တင်းဖို့ ဖြစ်တယ်”လို့ ချင်းပြည်သူ့တပ်မတော် (Chin People’s Army-CPA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ရေးသားထားပါတယ်။

လက်ရှိအချိန်မှာ စစ်အုပ်စုရန်ကြောင့် ကန်ပက်လက်နဲ့ မင်းတပ်မြို့ကဒေသခံတွေနဲ့ အနီးအနားက ကျေးရွာပေါင်း (၂၀)ကျော်ကဒေသခံ သောင်းချီဟာ စစ်ဘေးရှောင် ထွက်ပြေးနေကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်အတွင်းမှာတော့ စစ်အုပ်စုတပ်တွေက ချင်းပြည်မြောက်ပိုင်းက ဖလမ်းနဲ့ တွန်းဇံမြို့တွေကို ထိန်းချုပ်ထားပြီး နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိဒ်မြို့ကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေသလို ၊ချင်းပြည်တောင်ပိုင်းမှာလည်း စစ်အုပ်စုဟာ (ရခိုင် _မကွေး-ချင်း ) သုံးမြို့ရဲ့ ကုန်သွယ်ရေးလမ်းမကြီး တည်ရှိရာ ကန်ပက်လက်နဲ့ မင်းတပ်မြို့ကို ဦးတည် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ချင်းတောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ / ဓာတ်ပုံ- Chin Defence Force- Kanpetlet

Related Articles

Back to top button