စစ်ကိုင်းသတင်း

ချောင်းဦးမှာ စစ်အုပ်စု လက်နက်ကြီး ရမ်းကားပစ်ခတ်လို့ ကလေးငယ်တွေနဲ့ မွေးရာပါ စကားမပြောတတ်သူအပါဝင် အမျိုးသမီးလေးဦး ထိခိုက်ဒဏ်ရာရ၊စစ်အုပ်စုရန်ကြောင့် ငါးလအတွင်း ချောင်းဦးနယ်ခံ ၁၀ဦးကျော် သေဆုံးပြီး ၂၀ကျော်ဒဏ်ရာရ

MN/MFP ၊ မေ – ၂၆
စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ကျီကုန်းရွာကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ မွေးရာပါ စကားမပြောတတ်သူအပါဝင် အမျိုးသမီး လေးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ချောင်းဦးမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုက မေ ၂၅ရက် မနေ့ည ၁၁ နာရီခွဲဝန်းကျင်မှာ မြို့အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်ခဲ့တာပါ။ အဲဒီအချိန်မှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ကျီကုန်းရွာအတွင်း ၁၂၀ မမ ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ကျီကုန်းရွာ ဆရာတော်က မိန့်ကြားပါတယ်။

“မနေ့ညက ၁၁ နာရီခွဲလောက်မှာ ချောင်းဦးမြို့ပေါ်ကနေ ရမ်းပြီးလှမ်းထုတာ။ ကျီကုန်းရွာထဲ တစ်လုံးကျပြီးတော့ အမျိုးသမီး လေးဦး ထိခိုက်သွားတယ်။ ထိခိုက်သူတွေထဲမှာ သက်ကြီးပိုင်း အမျိုးသမီး တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ ထိခိုက်သူတွေထဲမှာက မွေးရာပါ စကားမပြောနိုင်တဲ့ မိန်းကလေး တစ်ဦးပါတယ်။ သူ့ကို မနေ့ညက ဆေးကုပေးတော့ လက်ဟန် ခြေဟန်နဲ့ပြောပြီး ကုခဲ့ရတာ”လို့ ကျီကုန်းရွာ ဆရာတော်က MFP ကို မိန့်ပါတယ်။

စစ်အုပ်စု လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ကျီကုန်းရွာက အသက် ၁၄ နှစ်အရွယ်နဲ့ ၁၅ နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦး၊ မွေးရာပါ စကားမပြောနိုင်တဲ့ အသက် ၂၂ နှစ်အရွယ် မိန်းကလေးနဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ ဒါ့အပြင် လက်နက်ကြီးရဲ့ ဗုံးစ ထိမှန်ခဲ့တာကြောင့် နေအိမ် တစ်လုံးနဲ့ စက်ဘီး ဆိုင်ကယ်တွေပါ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ ကျီကုန်းကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း စစ်အုပ်စုတွေ စစ်ကြောင်းထိုး စီးနင်းဝင်ရောက်ခဲ့ပြီး ဘိဝံသဘွဲ့ရ ဆရာတော် တစ်ပါးနဲ့ ဒေသခံပြည်သူ လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို အိမ်ခြေ ၂၀၀ ကျော်ကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကလည်း ချောင်းဦးမြို့ပေါ် အထိုင်ချထားတဲ့ စစ်အုပ်စုတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရှမ်းထူးကျေးရွာက အသက် ၇၀ ကျော်အရွယ် အဖွားတစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါသေးတယ်။

ချောင်းဦးမြို့နယ်ထဲမှာ စစ်အုပ်စုက တိုက်ပွဲဖြစ်စဉ်မရှိဘဲ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာ၊ စက်တပ်လေထီး ပါရာမိုတာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းက ဗုံးကြဲတာ၊ စစ်ကြောင်းထိုး မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုတွေ မကြာခဏ ဖြစ်ပွားနေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အခုနှစ် ငါးလအတွင်းမှာ ချောင်းဦးမြို့နယ်ထဲ စစ်အုပ်စု လက်နက်ကြီးနဲ့ ကျေးရွာတွေထဲကို အကြောင်းမဲ့ ရမ်းကားပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

စစ်အုပ်စု လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရသွားတဲ့ ကျီကုန်းရွာခံအမျိုးသမီးတွေ/ ဓာတ်ပုံ-ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay_Free_Press_MFP

စစ်ကိုင်း #ချောင်းဦး #ကျီကုန်းရွာ #လက်နက်ကြီးကျ

Related Articles

Back to top button