စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်မှာ စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ ပြည်သူ ခြောက်ဦးရဲ့ အလောင်းတွေ ထပ်တွေ့၊

အမျိုးသမီးတွေ အပါအဝင် စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ အလောင်း ဒါဇင်နဲ့ချီ ရှိလာ၊

သင်္ကြန်ကာလက စပြီး ယင်းမာပင်အနောက်ခြမ်းကို စစ်အုပ်စု စစ်ကြောင်းထိုး လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပြီး ရွာ ၂၀ ကျော် ထွက်ပြေးနေရ၊

သုထက်/MFP၊ မေ-၃၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ သီးကုန်း၊ လက္ကပြားနဲ့ ရင်ပေါင်တိုင်ရွာတွေက ပြည်သူ ခြောက်ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး မေလ ၂၆၊ ၂၈နဲ့ ၃၀ရက်တွေက လမ်းဘေး စွန့်ပစ်ခဲ့တဲ့ အလောင်းတွေနဲ့ မီးရှို့ခဲ့တဲ့ အလောင်းတွေ တွေ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မေလ ၂၆ရက်က ယင်းမာပင်နယ် အနောက်ခြမ်း၊ သီကုန်းရွာကို စီးနင်းချိန် ရွာခံပြည်သူ လူငယ်တစ်ဦးကို သတ်ဖြတ်ကာ အိမ်တစ်အိမ်နဲ့အတူ မီးရှို့ခဲ့ပြီး မေ ၂၈ရက်မှာ လက္ကပြားကျေးရွာကို စီးနင်းချိန် သားအဖ နှစ်ဦး အပါအဝင် ရွာခံပြည်သူ လေးဦးကို သတ်ဖြတ်ကာ အလောင်းတွေကို လမ်းဘေး စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။

“လက္ကပြားက အသတ်ခံရတဲ့သူတွေက လူကြီး တစ်ယောက်၊ လူငယ် သုံးယောက်ပဲ၊ တောစပ်မှာ စစ်ရှောင်ရင်း မိပြီး အသတ်ခံရတာ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

အဲ့ဒီ လေးဦးထဲက နှစ်ဦးစာ သားအဖတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရင်ပေါင်တိုင်ကျေးရွာအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ အသက် ၄၅ ဝန်းကျင် ကိုသိန်းမြင့်ဆွေ ဖြစ်ပြီး စစ်ကြောင်းက ရွာထဲ ဝင်လိုက်၊ ထွက်လိုက် လုပ်နေလို့ ရွာရဲ့အခြေအနေကို ပြန်ကြည့်ချိန် စစ်အုပ်စုရဲ့ ဖမ်းဆီးခံရပြီးနောက် ပုပ္ပါရွာနားအရောက်မှာ သတ်ဖြတ်စွန့်ပစ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“စစ်ကြောင်းက ထရော်လာဂျီတွေ၊ ဆိုင်ကယ်တွေနဲ့ဆိုတော့ မြန်တယ်၊ သတင်းကလည်း ရတာ နောက်ကျတော့ တချို့ ပြည်သူတွေ (လွတ်အောင်ထွက်မပြေးနိုင်) မထွက်နိုင်ကြဘူး။ ရင်ပေါင်တိုင်ရွာထဲ ဝင်တော့ အမျိုးသားတစ်ဦး အဖမ်းခံရပြီး လမ်းမှာ သတ်ထားခဲ့တယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ သင်္ကြန်မတိုင်ခင် ဧပြီလဆန်းက စတင်ပြီး ယင်းမာပင်နယ် အနောက်ခြမ်း၊ ယင်းမာပင်နဲ့ ပုလဲနယ်အစပ် ကျေးရွာတွေကို အင်အား ၅၀၀ လောက် သုံးပြီး လက်နက်အားကိုးနဲ့ ရွာစဉ် ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ မေလ ၂၆ ရက်က ယင်းမာပင်မြို့နယ်ကနေ ကနီမြို့နယ်ဘက် ဦးတည်ကာ စစ်ကြောင်းထိုးခဲ့ပြီး မေ ၂၈ရက်မှာ ကနီကနေ ယင်းမာပင်ဘက် နောက်ပြန်လှည့်လာရာ အထက်ပါအတိုင်း ကျေးရွာ သုံးရွာက ရွာခံပြည်သူ ခြောက်ဦးကို ဖမ်းဆီး သတ်ဖြတ် စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကြောင်း အင်အား ၄၀၀ ခန့် ပါတယ်၊ နေပူမိုးရွာ (မရှောင်) စစ်ကြောင်းက တောက်လျောက် ထိုးနေတာ၊ ကနီအကူး တစ်ယောက် သတ်ထားခဲ့တယ်၊ ကနီက အပြန် ငါးယောက် သတ်ထားခဲ့တယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ယင်းမာပင်နယ်ထဲ ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုဟာ ဆင်စွယ်၊ ရင်ပေါင်တိုင် စတဲ့ ရွာတွေကို စုရပ်အဖြစ် သုံးကာ ရွာစဉ်ပတ်မွှေပြီးနောက် ပြည်သူပိုင်ပစ္စည်းတွေကို သယ်နိုင်သလောက် ခိုးယူကာ စုရက်မှာ စုဆောင်းလိုက်၊ ယင်းမာပင်မြို့ပေါ်ကို သယ်ထုတ်လိုက် လုပ်နေတာလို့ ဆိုပါတယ်။

ဒါ့အပြင် မြေပြင် စစ်ကြောင်းထိုးရာမှာ ခြေလျင်မသွားတော့ဘဲ ဖောက်ထွင်းခိုးယူ လုယက်ထားတဲ့ ပြည်သူပိုင် ထွေလာဂျီတွေ၊ ဆိုင်ကယ်တွေကို အသုံးပြုနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ မေလ ၁၆ ရက်ကလည်း ယင်းမာပင်နယ် အနောက်ခြမ်း၊ မင်းမကုန်းကျေးရွာက ပြည်သူ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီး သတ်ဖြတ်ကာ အလောင်းတွေကို မြေမြှပ် စွန့်ပစ်ခဲ့ပါတယ်။

ဒါ့အပြင် မေလ ၁၇ ရက်မှာလည်း ယင်းမာပင်နယ်၊ ဆင်စွယ်ရွာကို စစ်အုပ်စု စီးနင်းချိန် အမျိုးသား နှစ်ဦးကို သတ်ဖြတ် စွန့်ပစ်ခဲ့ပြီး သေဆုံးသူတွေဟာ စစ်ဘေးရှောင်ရင်း ကျေးရွာထဲ ခေတ္တပြန်ဝင်ချိန် စစ်အုပ်စုနဲ့ တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ သင်္ကြန်ကာလအတွင်းကလည်း ယင်းမာပင်နဲ့ ပုလဲနယ်အစပ်၊ သရက်ကန်ရွာအနီးမှာ ဒေသခံ အမျိုးသား သုံးဦးကို သတ်ဖြတ်ကာ အလောင်းတွေ လမ်းဘေးစွန့်ပစ်ခဲ့သလို မေလ ၆ရက် ကလည်း ယင်းမာပင်နယ် နုံးတန်းရွာကို စီးနင်းလုယ်ချိန် ရွာခံပြည်သူ အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးကို သတ်ဖြတ် စွန့်ပစ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စု လက်ထဲ ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူ အနည်းဆုံး လူ ၂၀ ကျော် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်နယ် အနောက်ခြမ်း တနယ်လုံးရှိ ကျေးရွာတွေက ပြည်သူတွေဟာ စစ်အုပ်စု ရန်က ကင်းလွတ်ရေး ဝရုန်းသုန်းကား ထွက်ပြေးနေကြရတာမို့ ဖမ်းဆီးခံရသူနဲ့ သတ်ဖြတ်ခံရသူ အရေအတွက် အတိအကျ သိရဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

မေလ ၃၁ရက် ဒီကနေ့မှာတော့ ယင်းမာပင်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ခိုးရာပါ ပစ္စည်းတွေနဲ့အတူ ယင်းမာပင်မြို့ဘက် ဦးတည်နေပြီး တရုတ်ပိုင် ကြေးနီစက်ရုံထဲက ထွက်လာတဲ့ စစ်အုပ်စုက ယင်းမာပင်ဘက် ထပ်မံ ဦးတည် စစ်ကြောင်းထိုး လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင့်က ခန့်မှန်းရ ခက်တယ်။ ယင်းမာပင်မြို့ထဲ ဝင်သွားပေမဲ့ ဝမ်ပေါင်၊ယန်စီ (တရုတ်ပိုင် ကြေးနီစက်ရုံ)က စစ်ကြောင်းက အနောက်ကို ဦးတည်နေတယ်။ တပ်ချိန်းမှာလို့လည်း ကြားတယ်၊ တချို့ကလည်း ယင်းမာပင်နဲ့ ဆားလင်းကြီးအကူး ဝမ်ပေါင်၊ယန်စီက လာကြိုတာ ဖြစ်ပြီး ချင်းတွင်းမြစ်အရှေ့ဖက်ကမ်းကူးကာ ဘုတလင်၊ဒီပဲယင်းဖက်ကို စစ်ကူသွားမယ်ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်နယ်အနောက်ခြမ်း၊ ယင်းမာပင်နဲ့ ပုလဲနယ်အစပ်ရှိ ရင်ပေါင်တိုင်၊ ဆင်စွယ်၊ ရွှေလှံ၊ ဆင်တဲ၊ ပျားအို၊ ညောင်တန်း၊ နှုံးတန်း၊ မင်းမကုန်း၊ ဆုံရွာ၊ ပဲခင်းမ၊ ငနန်း၊ မောက်လုပ်၊ အင်တော၊ ပန်းမထုံး၊ အင်းသာ၊ ပုထိုးသာ၊ ရသစ်၊ ကမ္ဘားရပ် စတဲ့ ကျေးရွာ ၂၀ ကျော်က ပြည်သူ ၃၅,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရပါတယ်။

“စစ်ကြောင်းက နှစ်လကြာပြီဆိုတော့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ လိုအပ်လာတယ်၊ မိုးရွာတဲ့ ရာသီဆိုတော့ အမိုးအကာနဲ့ ကျန်းမာရေးအတွက် ဆေးဝါးတွေပါ လိုအပ်နေတယ်” လို့ ဒေသခံ စစ်ရှောင်ပြည်သူ အမျိုးသား တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်တနယ်လုံးကို နယ်မြေစိုးမိုးနိုင်ရေးနဲ့ မုံရွာ – ယင်းမာပင် – ပုလဲ – ဂန့်ဂေါလမ်း၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းတွေကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် အခုလို အင်အားသုံး စစ်ကြောင်းထိုးနေတာ ဖြစ်မယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။

ယင်းမာပင်နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ထွက်ပြေးနေရတဲ့ ဒေသခံ ပြည်သူတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ယင်းမာပင် #စစ်ကိုင်း #ပုလဲ

Related Articles

Back to top button