မန္တလေးသတင်း

တောင်သာမှာ စစ်အုပ်စုက အလုပ်ကပြန်လာတဲ့ ဒေသခံ ငါးဦးကို မီးရှို့သတ်ဖြတ်ပြီး နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

MN/MFP ၊ ဇွန် – ၁

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အလုပ်ကနေ ပြန်လာတဲ့ ဒေသခံတွေကို စစ်အုပ်စုက တောင်သာ-ဝဲလောင် လမ်းပိုင်းပေါ်မှာ ဖမ်းဆီးခဲ့ပြီးနောက် ငါးဦးကို မီးရှို့သတ်ဖြတ်ကာ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တောင်သာမြို့ပေါ်က ထွက်လာတဲ့ စစ်အုပ်စုဟာ ဒီကနေ့ ဇွန်လ(၁)ရက်၊ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်မှာ မြင်းခြံ-ကျောက်ပန်းတောင်း လမ်းပိုင်း(တောင်သာ-ဝဲလောင်လမ်း)ပေါ်က ကိုင်း(ရွာ)ချောင်းကူးတံတားအနီး လမ်းပိတ်ပြီး စစ်ဆေးရေးလုပ်နေချိန် ဒေသခံပြည်သူ စုစုပေါင်း ခုနှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် အဲဒီထဲက ငါးဦးကို မီးရှို့သတ်ဖြတ်သွားကာ ကျန်နှစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ-ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အဲဒီဖြစ်စဉ်က မှန်ပါတယ်ဗျ။ ဖြစ်စဉ်ကတော့ စစ်ကြောင်းနဲ့တွေ့တဲ့ ပန်းရံလုပ်နေတဲ့ အလုပ်သမား ခုနစ်ဦးကို ဖမ်းပြီးတော့ ငါးယောက်ကို သတ်တယ်။ နောက်ထပ် နှစ်ယောက်ကိုတော့ သူတို့(စစ်အုပ်စု) လိုရာခရီးကို ဖမ်းပြီးတော့ ခေါ်သွားတာပေါ့။ ရုပ်အလောင်းတွေကတော့ ငါးလောင်းတွေ့တာပေါ့။ နောက်ထပ် နှစ်ယောက် အလောင်းတော့ မတွေ့ရဘူး။ အဲဒီ နှစ်ယောက်ကလည်း သေမလား ရှင်မလားတော့ မသိရသေးဘူးပေါ့ဗျာ” လို့ သူက ပြောပါတယ်။

စစ်အုပ်စု ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ထားခဲ့တဲ့ ရုပ်အလောင်းတွေနဲ့ ဖမ်းဆီးခံထားရသူ နှစ်ဦးတို့ရဲ့ ကျား၊မ အသက်အရွယ် အသေးစိတ်အချက်အလက်တွေကိုတော့ လက်ရှိမှာ စစ်ကြောင်းရှိနေတာကြောင့် မသိရသေးဘူးလို့ သူက ဆိုပါတယ်။

အဲဒီလို စစ်အုပ်စုတွေ ဖမ်းဆီးမီးရှို့သတ်ဖြတ်သွားခဲ့သူတွေဟာ တောင်သာနယ်၊ ညောင်ကုန်းရွာက ဒေသခံ အရပ်သားပြည်သူတွေဖြစ်တယ်လို့ ကနဦး ကြားသိထားရတယ်လို့လည်း တောင်သာမြို့နယ် ပကဖ ထံက သိရပါတယ်။

လူထုလှုပ်ရှားမှုကော်မတီ- တောင်သာကလည်း အဲဒီဖြစ်စဉ်ကို လူမှုကွန်ယက်စာမျက်နှာမှာ အတည်ပြု‌ရေးသားထားပြီး ပြည်သူတွေ ဂရုစိုက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

လက်ရှိမှာ တောင်သာမြို့နယ်အတွင်းမှာ စစ်အုပ်စုက အင်အား ၈၀၀ ကျော်နဲ့ စစ်ကြောင်းတွေ ဖြန့်ခွဲကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိပြုသွားလာကြဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

တောင်သာမြို့နယ်ထဲမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဒီကနေ့ ဇွန် ၁ ရက်ထိ လေးလအတွင်းမှာ စိတ်ကျန်းမာရေးမကောင်းသူနဲ့ သက်ကြီးရွယ်အိုတွေအပါဝင် ဒေသခံပြည်သူ အယောက်(၂၀)ဝန်းကျင်ကို သတ်ဖြတ်ခဲ့သလို ကျေးရွာပေါင်း ၁၀ ရွာကျော်က အိမ်ခြေ ၁၅၀၀ ကျော်ကိုလည်း စီးနင်းလုယက် မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောဆိုထားပါတယ်။

Related Articles

Back to top button