မန္တလေးသတင်း

တောင်သာနယ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုက အမျိုးသား တစ်ဦးကို ထပ်မံသတ်ဖြတ်၊နှစ်ရက်အတွင်း စစ်အုပ်စုက ဒေသခံ ခြောက်ဦးကို သတ်ဖြတ်ပြီး ကျောင်းသား နှစ်ဦးအပါဝင် ဒေသခံတွေကို ဓားစာခံ ဖမ်းဆီးထား၊စစ်အုပ်စုက တောင်သာမြို့နယ် ပကဖ စခန်းကိုပါ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးသွား၊

MN/MFP ၊ ဇွန် – ၂
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုက ဒီကနေ့မှာ ဒေသခံ အမျိုးသားတစ်ဦးကို ထပ်မံဖမ်းဆီး သတ်ဖြတ်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တောင်သာနယ်ထဲကို စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုဟာ ဒီကနေ့ ဇွန် ၂ ရက်မှာ လမ်းပေါ်မှာ သွားလာနေတဲ့ ဒေသခံအမျိုးသား တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းကို စွန့်ပစ်ထားခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ နောက်ထပ် အရပ်သားတစ်ဦးကတော့ အသတ်ခံရတာမဟုတ်ဘဲ စစ်ကြောင်းထိုးချိန် လန့်ပြီးသေဆုံးသွားပုံရ တယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့က မူးဆူအမှုနဲ့ ထိန်းသိမ်းထားတဲ့သူကို လွှတ်ပေးလိုက်တာ။ လွှတ်ပေးလိုက်တော့ သူက ဆိုင်ကယ်စီးပြီးတော့ စစ်ကြောင်းကြားထဲ ရောက်သွားတယ်။ သူ့ကို (စစ်အုပ်စုက)ဖမ်းခေါ်သွားပြီးတော့မှ ထန်းပင်ခြံရွာ အရောက်မှာ သတ်ထားခဲ့တာ။ နောက်တစ်ဦးကကျတော့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတော့မတွေ့ရဘူး။ စစ်ကြောင်းလာတဲ့အချိန်မှာ ကြောက်လန့်ပြီးတော့ သေဆုံးတယ်လို့ ယူဆရတယ်။ သူကတော့ နွားချေးပုံထဲမှာလဲပြီးတော့ သေဆုံးနေတာ တွေ့ရတယ်”လို့ တောင်သာမြို့နယ်-ပကဖ တာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာပဲ တောင်သာနယ်အနောက်ခြမ်း နတ်စောင့်ကျေးရွာအနီးရှိ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးစခန်းကို စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာကြောင့် လူနာတင်ယာဉ်တစ်စီး၊ ပကဖပိုင် 4Wheel ကား တစ်စီး၊ ရိက္ခာပစ္စည်းတွေနဲ့ စာဖိုးဆောင်အပါဝင် တဲအဆောက်အဦးတွေ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တောင်သာမြို့နယ်-ပကဖ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီလို ဝင်ရောက်စီးနင်းချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အင်အားမမျှတာကြောင့် ဆုတ်ခွာပေးခဲ့ပြီး စခန်းမှာ တော်လှန်ရေးတပ်တွေ ဆင်ထားခဲ့တဲ့ မိုင်းထိကာ စစ်အုပ်စုဝင်နှစ်ယောက် သေသွားခဲ့တယ်လို့ ယူဆရကြောင်း သူက ဆက်ပြောပါတယ်။

“သူတို့ဘက်က အင်အားအများအပြားနဲ့ ကျွန်တော်တို့ရဲ့ ပကဖ-ဌာနေစခန်းကို ဝင်စီးသွားတာ။ အင်အားမမျှလို့မို့ ကျွန်တော်တို့က မိုင်းတွေကာထားခဲ့ပြီးတော့ ဆုတ်ပေးလာခဲ့တာ။ အဲဒီမှာ သူတို့(စစ်အုပ်စု) ကျွန်တော်တို့မိုင်းတွေမိပြီးတော့ နှစ်ယောက်သေသွားတယ်လို့ ယူဆရတယ်။ သေဆုံးတဲ့အလောင်းဘေးမှာ စစ်အသုံးအဆောင်တွေလည်း တွေ့ရတယ်။ ရုပ်လောင်းတွေကိုတော့ ပြည်သူနေအိမ်ထဲမှာ မီးရှို့ထားခဲ့တာတွေ့ရတယ်။ မိုင်းထိပြီးတော့ သူတို့လည်း စခန်းအနီးက ပြည်သူနေအိမ်တွေမီးရှို့ပြီး ပြန်ဆုတ်သွားတယ်။ ကျွန်တော့်စခန်းထဲကတော့ ဘာပစ္စည်းမှတော့ သူတို့ယူမသွားနိုင်ဘူး။ ကားတွေနဲ့ တဲတွေကိုတော့ မီးရှို့ထားခဲ့တယ်”လို့ သူက ဆိုပါတယ်။

တောင်သာနယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ဒီကနေ့ ဇွန် ၂ ရက် မနက်ပိုင်းမှာလည်း အင်းတဲကျေးရွာကနေ အသက် ၁၈ နှစ်အရွယ် Grade – 12 ကျောင်းသား နှစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။

အဲဒီလို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောင်းသားနှစ်ဦးကို စစ်အုပ်စုက သတ်ဖြတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးဘူးလို့လည်း ဒီကနေ့မှာ ပြေပြင်ရှင်းလင်းရေး လုပ်ဆောင်ခဲ့တဲ့ တောင်သာ-ပကဖ တာဝန်ရှိသူက MFP ကို ပြောဆိုထားပါတယ်။

“ကျောင်းသား နှစ်ယောက်က ဖမ်းဆီးသွားတာတော့ ဟုတ်တယ်။ သတ်ပစ်လိုက်တာတော့ အတည်ပြုလို့မရသေးဘူး။ မနက်တုန်းက ရုပ်အလောင်း လေးလောင်းဆိုလို့ နယ်မြေရှင်းလင်းရေးသွား လုပ်တဲ့အချိန်မှာ ရုပ်အလောင်းက နှစ်လောင်းတည်း တွေ့တာပါ။ အဲဒီရုပ်အလောင်း နှစ်လောင်းက မိုင်းထိလို့ သေဆုံးသွားတဲ့ စကစ ရုပ်အလောင်းတွေပါ။ ကျောင်းသားလေးတွေကိုတော့ ဖမ်းခေါ်သွားတာ ဖြစ်နိုင်ပါတယ်”လို့ သူက ပြောပါတယ်။

တောင်သာနယ်ထဲ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုတွေဟာ မနေ့က ဇွန် ၁ ရက်မှာလည်း မြင်းခြံ-ကျောက်ပန်းတောင်း လမ်းပိုင်း(တောင်သာ-ဝဲလောင်လမ်း)ပေါ်က ကိုင်း(ရွာ)ချောင်းကူးတံတားအနီး လမ်းပိတ်ပြီး စစ်ဆေးရေးလုပ်နေချိန် ဒေသခံ ခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် အဲဒီထဲက အမျိုးသား ငါးဦးကို မီးရှို့သတ်ဖြတ်သွားခဲ့ပြီး ကျန်နှစ်ဦးကိုတော့ ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာနယ်မှာ မေ ၃၁ ရက်က စတင်ကာ အင်အား ၈၀၀ ကျော်နဲ့ စစ်ကြောင်းသုံးခုခွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ ဖမ်းဆီးသတ်ဖြတ်နေတာဖြစ်ပြီး ဒီကနေ့မှာလည်း ထန်းကျင်း၊ နတ်စောင့်၊ ကျားမတွင်း၊ ထန်းပင်ခြံ၊ ညောင်ကုန်း၊ တံတား(အရှေ့) စတဲ့ ကျေးရွာတွေက နေအိမ်တွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတယ်လို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာက ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ တောင်သာမြို့နယ်ထဲမှာ စစ်အုပ်စုရန်ကြောင့် ဒေသခံ သောင်းချီ ထွက်ပြေးတိမ်းရှောင် နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

စစ်အုပ်စုက တောင်သာမြို့နယ်ထဲ စစ်ကြောင်းထိုး မီးရှို့ချိန်မှာ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေသလို စစ်ကြောင်းပြန်ထွက်ပြီအထင်နဲ့ ကျေးရွာထဲ ပြန်ဝင်မိတဲ့ ဒေသခံတွေနဲ့ စစ်ကြောင်းသွားရာ လမ်းတလျှောက်က ဒေသခံတွေပါ ဖမ်းဆီးခံရတာတွေ လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

တောင်သာမြို့နယ်မှာာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဒီကနေ့ ဇွန် ၂ ရက်ထိ လေးလအတွင်းမှာ စစ်အုပ်စုက စိတ်ကျန်းမာရေးမကောင်းသူနဲ့ သက်ကြီးရွယ်အိုတွေအပါဝင် ဒေသခံပြည်သူ ၂၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ကျေးရွာပေါင်း ၁၀ ရွာကျော်က အိမ်ခြေ ၁၅၀၀ ကျော်ကို စီးနင်းလုယက်မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်နဲ့ဧပြီအတွင်း တောင်သာနယ်ကျေးရွာတွေကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့စဉ်/ ဓာတ်ပုံ -ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP

#တောင်သာ #မီးရှို့သတ်ဖြတ် #စစ်ကြောင်းထိုး

Related Articles

Back to top button