စစ်ကိုင်းသတင်း

ရွှေဘို ခင်ဦးမှာ စစ်အုပ်စုက ဘုန်းကြီးကျောင်းကို ဗုံးကြဲသတ်ပြီးနောက် နောက်ထပ် ငါးကြိမ် ဗုံးကြဲ၊

နန်းယု၊ဒေါ်လာ/MFP၊ ဇွန်–၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ စည်ပုတ္တရာကျေးရွာရှိ ရဟန်းသံဃာတွေ သီတင်းသုံးနေတဲ့ ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်း စစ်အုပ်စုက မနေ့က မွန်းလွဲပိုင်း ဒရုန်းတွေနဲ့ ဗုံးကြဲ သတ်ဖြတ်ပြီးနောက် ဒီကနေ့ မွန်းလွဲပိုင်းမှာ ခင်ဦးနယ် မြောက်ခြမ်းရှိ ကျေးရွာတွေကို တိုက်လေယာဉ်တွေနဲ့ ငါးကြိမ် ထပ်မံ ဗုံးကြဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန် ရွှေဘိုမြို့ အခြေစိုက် စစ်အုပ်စုရဲ့ လေ့ကျင့်ရေး ၈ ခေါ် အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ်ကနေ တက်လာတဲ့ ဒရုန်း လေးစီးနဲ့ ခင်ဦးမြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ စည်ပုတ္တရာ (ရှေးမြို့ဟောင်း) ကျေးရွာ စံကျောင်းတိုက် (ရွှေလင်းပင် ဘုရားရှိရာ ဘုန်းကြီးကျောင်း) ကို ဗုံးကြဲရာ ကျောင်းတိုက်အတွင်း ရဟန်းသံဃာတွေအတွက် ဝေယျာ၀စ္စ လုပ်ကိုင်ပေးနေတဲ့ အဖိုးနဲ့ အဖွားတို့ နှစ်ဦး သေဆုံးကာ ကျောင်းဆောင်တွေ ပျက်စီးခဲ့ပါတယ်။

ဇွန် ၂ရက် ဒီကနေ့ မွန်းလွဲ ၃နာရီခွဲဝန်းကျင်မှာလည်း ခင်ဦးနယ် မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်အုပ်စုက မိတ္ထီလာမြို့က တက်လာတဲ့ MIG-29 တိုက်လေယာဉ်နဲ့ နှစ်ကြိမ်၊ မန္တလေးမြို့က တက်လာတဲ့ A-5 လေယာဉ်နဲ့ သုံးကြိမ်၊ စုစုပေါင်း ငါးကြိမ် ဗုံးကြဲခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ – ပကဖ တိုက်နယ် ၄ သတင်းတာဝန်ခံက ဆိုပါတယ်။

“ခင်ဦး မြောက်ခြမ်းနဲ့ အရှေ့မြောက်ခြမ်းကို ဗုံးပတ်ကြဲနေတာ” လို့ ဒေသခံတစ်ဦးက ဆိုပြီး ဒီကနေ့ ဗုံးကြဲခံမှုကြောင့် ထိခိုက်မှု အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။

မနေ့က စည်ပုတ္တရာမြို့ဟောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်အုပ်စုက ဗုံးကြဲရာမှာ ဆွမ်းစားကျောင်းဆောင်ပေါ်ကို ကြဲချခဲ့တာဖြစ်ပြီး ဘုန်းကြီးတွေရဲ့ ဝေယျာဝေစ္စ လုပ်ကိုင်နေသူ အသက် ၇၀ ဝန်းကျင် အဘိုးအိုတစ်ဦးနဲ့ အသက် ၆၀ ဝန်းကျင် အဘွားအိုတစ်ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အသေခံဒရုန်း လေးစင်းနဲ့ ချသွားတာပါ။ ဘုရားစေတီတွေလည်း ပျက်တယ်။ သာသနာပိုင် အဆောက်အဦးတွေ ပျက်တယ်။ ဆွမ်းစားဆောင်လည်း ပျက်တယ်။ ပြီးတော့ ဘုန်းကြီးတွေရဲ့ ဝေယျာဝစ္စ လုပ်ပေးနေတဲ့ သက်ကြီးရွယ်အို အဘိုးအိုနဲ့ အဘွားအို နှစ်ဦး သေဆုံးသွားပါတယ်။ ဒီ အသေခံ ဒရုန်းတွေက ဘုန်းကြီးကျောင်းဝန်းထဲမှာပဲ ကျတာပါ” လို့ ခင်ဦးမြို့နယ်က မြေပြင်တော်လှန်ရေးရဲဘော် တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်ပြည်သူတွေ မရှိသလို လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း မရှိဘဲ ဘုန်းကြီးတွေနဲ့ ကပ္ပိယသာ ရှိနေတာလို့ ဆိုပါတယ်။

မေလ ၂၀ ရက် နေ့ခင်းပိုင်းနဲ့ မေလ ၂၁ ရက် ညပိုင်းအချိန်တွေမှာလည်း ခင်ဦးမြို့နယ် ရွာစဉ်ကျေးရွာကို စစ်အုပ်စုက ဒရုန်းတွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဖွားအို အပါအဝင် ဒေသခံပြည်သူ လေးဦး သေဆုံးကာ အိမ်ခြေ ၂၀ ကျော် ပျက်စီးခဲ့ပါတယ်။

ခင်ဦးမြို့နယ် စည်ပုတ္တရာ(ရှေးမြို့ဟောင်း)ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်း စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့စဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #ခင်ဦး #ဗုံးကြဲ #ဘုန်းကြီးကျောင်း

Related Articles

Back to top button