
တိုက်ပွဲရှုံးတဲ့ စစ်အုပ်စုက ပြည်သူတွေကို သတ်ဖြတ်၊ ရွာမီးရှို့နေပြီး နှစ်ရက်အတွင်း ပြည်သူ ခြောက်ဦး သတ်ဖြတ်ကာ ရွာခြောက်ရွာ မီးရှို့ဖျက်ဆီး၊
ဒေါ်လာ၊ MN/MFP ၊ ဇွန် – ၂
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ထဲ စီးနင်းဝင်ရောက်လာတဲ့ အာဏာသိမ်း စစ်အုပ်စုကို နှစ်ရက်ဆက် တိုက်ခိုက်ရာ စစ်အုပ်စု ၁၀ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က သတင်း ထုတ်ပြန်ပါတယ်။
မေ ၃၁ ရက်က ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာကနေ ငါ့သရောက် – ဝဲလောင်လမ်းအတိုင်း တောင်သာမြို့နယ်၊ တံတားကျေးရွာဘက် ဝင်ရောက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်အုပ်စုကို ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် – PLA၊ Popa Guerilla Force – PGF၊ 21 Bagan တပ်ဖွဲ့၊ ဂဠုန် ပြောက်ကျားတပ်ဖွဲ့နဲ့ မြင်းခြံခရိုင် PDF တပ်ရင်း ၃ တို့ ပူးပေါင်းကာ မေ ၃၁ရက်နဲ့ ဇွန် ၁ရက်တွေက တိုက်ခိုက်ခဲတာလို့ ဆိုပါတယ်။
အဲ့ဒီ တောင်သာနယ် တံတားကျေးရွာအနီး မိနစ်အနည်းငယ်စီကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ရက်တာ တိုက်ပွဲတွေ အတွင်း စစ်အုပ်စု ၁၀ ယောက်ထက်မနည်း သေတာကို မြင်တွေ့ရပြီး စစ်အသုံးအဆောင်နဲ့ ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ PLA က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ပွဲဖြစ်ပြီးနောက် ဇွန် ၁ ရက် မနေ့က မွန်းလွဲပိုင်းမှာ အာဏာသိမ်း စစ်အုပ်စုက မြင်းခြံ-ကျောက်ပန်းတောင်း လမ်းပိုင်း (တောင်သာ-ဝဲလောင်လမ်း)ပေါ်ရှိ ကိုင်း(ရွာ)ချောင်းကူးတံတားအနီး လမ်းပိတ်ကာ လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲ ရန်ပြုပြီးနောက် ဒေသခံ ခုနစ်ဦးကို ဖမ်းဆီးကာ အဲဒီထဲက အမျိုးသား ငါးဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ကျန်နှစ်ဦးကိုတော့ ဓားစာခံအဖြစ် ဆက်လက် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
“အဲဒီဖြစ်စဉ်က မှန်ပါတယ်ဗျ။ ဖြစ်စဉ်ကတော့ စစ်ကြောင်းနဲ့တွေ့တဲ့ ပန်းရံလုပ်နေတဲ့ အလုပ်သမား ခုနစ်ဦးကို ဖမ်းပြီးတော့ ငါးယောက်ကို သတ်တယ်။ နောက်ထပ် နှစ်ယောက်ကိုတော့ သူတို့(စစ်အုပ်စု) လိုရာခရီးကို ဖမ်းပြီးတော့ ခေါ်သွားတာပေါ့။ ရုပ်အလောင်းတွေကတော့ ငါးလောင်းတွေ့တာပေါ့။ နောက်ထပ် နှစ်ယောက် အလောင်းတော့ မတွေ့ရဘူး။ အဲဒီ နှစ်ယောက်ကလည်း သေမလား ရှင်မလားတော့ မသိရသေးဘူးပေါ့ဗျာ” လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ-ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက ဖမ်းဆီးမီးရှို့သတ်ဖြတ်ခဲ့သူတွေဟာ တောင်သာနယ်၊ ညောင်ကုန်းရွာက ဒေသခံ အရပ်သား ပြည်သူတွေ ဖြစ်တယ်လို့ ကနဦး ကြားသိထားရပြီး ရုပ်အလောင်းတွေနဲ့ ဖမ်းဆီးခံထားရသူ နှစ်ဦးတို့ရဲ့ ကျား၊မ အသက်အရွယ် အသေးစိတ် အချက်အလက်တွေကိုတော့ လက်ရှိမှာ စစ်ကြောင်း ရှိနေတာကြောင့် မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့ ဇွန် ၂ ရက်မှာလည်း တောင်သာနယ်ထဲ လမ်းပေါ် သွားလာနေတဲ့ ဒေသခံအမျိုးသား တစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းကို စွန့်ပစ်ထားခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ နောက်ထပ် အရပ်သားတစ်ဦးကတော့ အသတ်ခံရတာမဟုတ်ဘဲ စစ်ကြောင်းထိုးချိန် လန့်ပြီးသေဆုံးသွားပုံရ တယ်လို့ သူကဆိုပါတယ်။
“ကျွန်တော်တို့က မူးဆူအမှုနဲ့ ထိန်းသိမ်းထားတဲ့သူကို လွှတ်ပေးလိုက်တာ။ လွှတ်ပေးလိုက်တော့ သူက ဆိုင်ကယ်စီးပြီးတော့ စစ်ကြောင်းကြားထဲ ရောက်သွားတယ်။ သူ့ကို (စစ်အုပ်စုက) ဖမ်းခေါ်သွားပြီးတော့မှ ထန်းပင်ခြံရွာ အရောက်မှာ သတ်ထားခဲ့တာ။ နောက်တစ်ဦးကကျတော့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတော့ မတွေ့ရဘူး။ စစ်ကြောင်းလာတဲ့အချိန်မှာ ကြောက်လန့်ပြီးတော့ သေဆုံး တယ်လို့ ယူဆရတယ်။ သူကတော့ နွားချေးပုံထဲမှာလဲပြီးတော့ သေဆုံးနေတာ တွေ့ရတယ်”လို့ တောင်သာမြို့နယ်-ပကဖ တာဝန်ရှိသူက ဆိုပါတယ်။
တိုက်ပွဲရှုံးတဲ့ စစ်အုပ်စုဟာ တောင်သာနယ်ထဲ ရွာစဉ်ပတ်မွှေနေပြီး ဒီကနေ့ ဇွန် ၂ ရက် မနက်ပိုင်းမှာ အင်းတဲကျေးရွာကနေ အသက် ၁၈ နှစ်အရွယ် Grade – 12 ကျောင်းသား နှစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီလို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျောင်းသားနှစ်ဦးကို စစ်အုပ်စုက သတ်ဖြတ် လိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးဘူးလို့လည်း ဒီကနေ့မှာ ပြေပြင် ရှင်းလင်းရေး လုပ်ဆောင်ခဲ့တဲ့ တောင်သာ-ပကဖ တာဝန်ရှိသူက MFP ကို ပြောဆိုထားပါတယ်။
“ကျောင်းသား နှစ်ယောက်က ဖမ်းဆီးသွားတာတော့ ဟုတ်တယ်။ သတ်ပစ်လိုက်တာတော့ အတည်ပြုလို့မရသေးဘူး။ မနက်တုန်းက ရုပ်အလောင်း လေးလောင်းဆိုလို့ နယ်မြေရှင်းလင်းရေးသွား လုပ်တဲ့အချိန်မှာ ရုပ်အလောင်းက နှစ်လောင်းတည်း တွေ့တာပါ။ အဲဒီရုပ်အလောင်း နှစ်လောင်းက မိုင်းထိလို့ သေဆုံးသွားတဲ့ စကစ ရုပ်အလောင်းတွေပါ။ ကျောင်းသားလေးတွေကိုတော့ ဖမ်းခေါ်သွားတာ ဖြစ်နိုင်ပါတယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် တောင်သာနယ်အနောက်ခြမ်း နတ်စောင့်ကျေးရွာအနီးရှိ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ စခန်းကို စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး စခန်းအတွင်းရှိ အဆောက်အဦးတွေနဲ့ ပစ္စည်းတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်သာ-ပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“သူတို့ဘက်က အင်အားအများအပြားနဲ့ ကျွန်တော်တို့ရဲ့ ပကဖ-ဌာနေစခန်းကို ဝင်စီးသွားတာ။ အင်အားမမျှလို့မို့ ကျွန်တော်တို့က မိုင်းတွေကာထားခဲ့ပြီးတော့ ဆုတ်ပေးလာခဲ့တာ။ အဲဒီမှာ သူတို့(စစ်အုပ်စု) ကျွန်တော်တို့မိုင်းတွေမိပြီးတော့ နှစ်ယောက်သေသွားတယ်လို့ ယူဆရတယ်။ သေဆုံးတဲ့အလောင်းဘေးမှာ စစ်အသုံးအဆောင်တွေလည်း တွေ့ရတယ်။ ရုပ်လောင်းတွေကိုတော့ ပြည်သူနေအိမ်ထဲမှာ မီးရှို့ထားခဲ့တာတွေ့ရတယ်။ မိုင်းထိပြီးတော့ သူတို့လည်း စခန်းအနီးက ပြည်သူနေအိမ်တွေမီးရှို့ပြီး ပြန်ဆုတ်သွားတယ်။ ကျွန်တော့်စခန်းထဲကတော့ ဘာပစ္စည်းမှာတော့ သူတို့ယူမသွားနိုင်ဘူး။ ကားတွေနဲ့ တဲတွေကိုတော့ မီးရှို့ထားခဲ့တယ်”လို့ သူက ဆိုပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးစခန်းကို စစ်အုပ်စုတွေ ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာကြောင့် လူနာတင်ယာဉ် တစ်စီး၊ ပကဖပိုင် 4Wheel ကား တစ်စီး၊ ရိက္ခာပစ္စည်းတွေနဲ့ စာဖိုးဆောင်အပါဝင် တဲအဆောက်ဦတွေကို မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တောင်သာမြို့နယ်-ပကဖ တာဝန်ရှိသူက ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ တောင်သာနယ်ရှိ ထန်းကျင်း၊ နတ်စောင့်၊ ကျားမတွင်း၊ ထန်းပင်ခြံ၊ ညောင်ကုန်း၊ တံတား (အရှေ့) စတဲ့ ကျေးရွာ ခြောက်ရွာကို စီးနင်းကာ တန်ဘိုးရှိပစ္စည်းတွေ ဖောက်ထွင်းခိုးယူပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ မြေပြင် ကင်းထောက်အဖွဲ့ဖြစ်တဲ့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာက ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ တောင်သာမြို့နယ်ထဲမှာ စစ်အုပ်စုရန်ကြောင့် ဒေသခံ သောင်းချီ ထွက်ပြေးတိမ်းရှောင် နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက တောင်သာမြို့နယ်ထဲ စစ်ကြောင်းထိုး မီးရှို့ချိန်မှာ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေသလို စစ်ကြောင်းပြန်ထွက်ပြီအထင်နဲ့ ကျေးရွာထဲ ပြန်ဝင်မိတဲ့ ဒေသခံတွေနဲ့ စစ်ကြောင်းသွားရာ လမ်းတလျှောက်က ဒေသခံတွေပါ ဖမ်းဆီးခံရတာတွေ လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။
တောင်သာမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဒီကနေ့ ဇွန် ၂ ရက်ထိ လေးလအတွင်းမှာ စစ်အုပ်စုက စိတ်ကျန်းမာရေးမကောင်းသူနဲ့ သက်ကြီးရွယ်အိုတွေအပါဝင် ဒေသခံပြည်သူ ၂၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ကျေးရွာပေါင်း ၁၀ ရွာကျော်က အိမ်ခြေ ၁၅၀၀ ကျော်ကို စီးနင်းလုယက်မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောဆိုထားပါတယ်။

တောင်သာနယ် တိုက်ပွဲက သိမ်းဆည်းရရှိတဲ့ စစ်အုပ်စုရဲ့ ပစ္စည်းတချို့/Photo – PLA
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



