သတင်း

မင်းတပ်မြို့က စစ်ရှောင် ၁၇,၀၀၀ ဝန်းကျင် ဆေးဝါးနဲ့အစားအသောက်တွေ အရေးပေါ်လိုအပ်နေ၊လေးနှစ်အတွင်း သေဆုံးသူ ၈၀၀ နီးပါးရှိပြီး ဆေးဝါးနဲ့ အာဟာရ ပြတ်လပ်တာကြောင့်လို့ဆို

ဒံယေလ/MFP၊ ဇွန်-၃

ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ (၁၇၀၀၀) ဝန်းကျင်ရှိလာပြီး ဆေးဝါးနဲ့ အစားအသောက်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးသူတွေနဲ့ ဒေသခံတွေက MFP ကိုပြောပါတယ်။

မင်းတပ်မြို့ အနီး တိုက်ပွဲတွေကြောင့် မင်းတပ်မြို့နယ် ၊တိုက်နယ် (၁) ၊တိုက်နယ် (၂) ၊တိုက်နယ် (၃) ၊တိုက်နယ် (၄) ၊တိုက်နယ် (၁၀ ) ၊တိုက်နယ် (၁၂)၊တိုက်နယ် (၁၁) ၊တိုက်နယ် (၁၃၊တိုက်နယ် (၁၄) နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံ ၁၇၀၀၀ ခန့်ဟာ အခုလို အရေးပေါ် အကူအညီတွေ လိုအပ်နေတာဖြစ်တယ်လို့ မင်းတပ်မြို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“ကလေးတွေလည်း ပါတယ်။သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ရာသီဥတုက မိုးက ခဏ၊ခဏရွာတယ်။ နေထိုင်ရခက်ကြတယ်။ ဆန်တွေကတော့ လမ်းတွေပိတ်တော့ သယ်ရတာ ခက်ကြတယ်။ အစားအသောက်ကတော့ ဆာဗူးသီး စားကြရတယ်။”လို့ အဆိုပါ စစ်ရှောင်ပြည်သူကပြောပါတယ်။

မင်းတပ်မြို့အနီး တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ ၊ကိုယ်ဝန်ဆောင်မိခင်တွေ ၊ကလေးငယ်တွေနဲ့ နာမကျန်းဖြစ်သူတွေလည်း ပါဝင်နေပြီး မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် အတော်လေး အခက်ကြုံနေတယ်လို့ မင်းတပ်မြို့နယ် စစ်ရှောင်စခန်းတွေ စီမံခန့်ခွဲရေး ကော်မတီ ( Mindat Township IDPs Camp Management Committee)ရဲ့ တာဝန်ခံ Lawrence Yaw Kee က ပြောပါတယ်။

“ မိုးကဆက်တိုက်ကို ရွာနေတယ် နှစ်ပတ်သုံးပတ်လောက်ရှိပါပြီ။ မိုးတွင်းကာလမှာ အမြဲတမ်း ဘယ်လိုပဲပြင်ဆင်ပြင်ဆင် ကြုံတွေ့နေရတာက အစားအသောက်တွေ ဆန်တွေ ပဲတွေ စိုထိုင်းပြီး မှိုတက်လွယ်တယ်။ နွေရာသီမှာ စုဆောင်းထားတဲ့ ပဲနဲ့ ဆန်တွေကလည်း လွယ်လင့်တကူ ပျက်လွယ်တယ်ဗျ။ ဆိုတော့ မိုးတွင်းကာလမှာ အောက်ပြည်အောက်ရွာမှာလို အသီးအရွက်တွေ ဝယ်ခြမ်းလို့ မရဘူး။ စျေးလည်းမရှိဘူး။ ကိုယ့်ဘာသာကိုယ် စိုက်ပျိုးစားသောက်နေရတာ။ ဝဥကိုပဲ အဓိကစားနေရတယ် ” လို့ သူကပြောပါတယ်။

မင်းတပ်မြို့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်အုပ်စုတပ်တွေက အစားအသောက်နဲ့ ဆေးဝါး သယ်ယူရေး လမ်းကြောင်းတွေကို ဖြတ်တောက်ထားတာကြောင့် ဆေးဝါးနဲ့ ရိက္ခာတွေ အကူပေးကြဖို့ကိုလည်း Mindat Township IDPs Camp Management Committee ရဲ့ လူမှုစာမျက်နှာကတဆင့် တောင်းဆိုထားပါတယ်။

“နှစ်ရှည်လများမှာ အကြိမ်ကြိမ်စစ်ဘေးရှောင်ခဲ့ကြရပြီး ယခုအကြိမ်လည်း အချိန်အတော်ကြာ ထပ်ရှောင်ရအုံးမယ် ။ယခု‌ဒုတိယအကြိမ် ဖြတ်လေးဖြတ်နှင့် ထပ်မံရင်ဆိုင်နေရပြီး စကမ မှ မင်းတပ်ဒေသအား အင်အားထောင်ကျော်ဖြင့် ထိုးစစ်ဆင်လာသဖြင့် မြို့နှင့် ဆယ်မိုင်ခန့်အကွာတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေပြီး ရေရှည်ထပ်မံ စစ်ဘေးရှောင်ရမည့် အနေထားမှာ မြင်သာနေပါသည်၊ ယခုတစ်ကြိမ် ကျွန်တော်တို့ ဘယ်‌လောက်ထိ တောင့်ခံသွားနိုင်မလဲ ဆိုတာကိုတော့ အကူအညီတွေအပေါ်အများကြီး မူတည်နေပါသည်။” လို့ လူမှုကွန်ရက်မှာ ရေးသားထားတာပါ။

လက်ရှိအချိန်မှာ မကွေးတိုင်း ၊ကျောက်ထုမြို့နယ် ၊ကံကြီးရွာကနေ မင်းတပ်မြို့ကို ဦးတည်လာတဲ့ စစ်အုပ်စု စစ်ကြောင်းတွေဟာ မင်းတပ်မြို့ရဲ့ (၁၀)မိုင်အကွာကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ အဆိုပါ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ သုံးရက်တာအတွင်း ကြားဖြတ် တိုက်ခိုက်နေပြီး စစ်အုပ်စုဘက်က အထိနာကာ အသေအဆုံးများတယ်လို့ ချင်းပြည်သူ့တပ်မတော်(Chin People’s Army-CPA)ရဲ့ မြေပြင် တော်လှန်ရေးရဲဘော်တစ်ဦးက MFPကို ပြောပါတယ်။

“မင်းတပ်ဘက်ကို ထိုးတဲ့ စစ်ကြောင်းက ထင်ချောင်းရွာအပေါ်က လုပ်တက်ရွာရောက်နေပြီ။မင်းတပ်မြို့နဲ့က တော့ (၁၀) မိုင်လောက် ဝေးသေးတယ်၊ကြားဖြတ်တိုက်ခိုက်တာပေါ့ ၊စစ်တပ်ဘက်က အကျအဆုံးများတယ်။ စစ်ကြောင်းတစ်ကြောင်းက ပျောက်နေတယ်”လို့ သူကဆိုပါတယ်။

ဒီလို စစ်ကြောင်းထိုး ဝင်ရောက်လာချိန်မှာ ဇွန်လ(၁)ရက်နေ့ကလည်း စစ်အုပ်စုဟာ မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာကို မီးရှို့ ဖျက်ဆီးသွားပြီး ထွက်မပြေးနိုင်တဲ့ အဘိုးအိုတစ်ဦးကို ဖမ်းဆီးသတ်ဖြတ် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလအတွင်းမှာ မင်းတပ်နဲ့ ကန်ပက်လက် ၊မတူပီ ၊ပလက်ဝမြို့တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်ရက်ဆက် အကြိမ်ကြိမ် ကျူးလွန်နေခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုတွေကြောင့် မေ (၂၈) ရက်နေ့မှာ ပလက်ဝမြို့နယ်က ခရီးသွားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့သလို မေ (၁၃) ရက်နေ့ကလည်း မတူပီမြို့က မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါသေးတယ်။

မင်းတပ်မြို့နယ်အတွင်းမှာ ၂၀၂၁ ဇန်နဝါရီလကနေ ၂၀၂၄ ဒီဇင်ဘာလအထိ လေးနှစ်တာအတွင်း အာဟာရချို့တဲ့လို့ သေဆုံးသူ နှစ်ဦး ၊မီးဖွားနေစဉ်အတွင်း သေဆုံးသူရှစ်ဦး ၊ကူးစက်ရောဂါ (တီဘီ /AIDS ၊ဝမ်းပျက် ၊ဝမ်းလျှော ၊ကာလဝမ်းရောဂါ)တွေကြောင့် သေဆုံးသူခြောက်ဦး၊ဆေးဝါးပြတ်လပ်လို့ နာတာရှည် လေဖြတ်ရောဂါနဲ့ သေဆုံးသူတစ်ဦး ၊လက်နက်ကြီး ၊လေကြောင်းတိုက်ခိုက်မှု ၊မိုင်းစထိမှန်သေဆုံးသူ ခုနှစ်ဦး ၊မွေးကင်းစ ကလေးငယ်လေးဦး ၊အခြားသေဆုံးသူ ကိုးဦးအပါအဝင် သေဆုံးသူ စုစုပေါင်း (၇၆၆) ဦးရှိခဲ့တယ်လို့ စစ်ရှောင်တွေအရေး ကူညီပေးနေတဲ့ Mindat Township IDPs Camp Management Committee က ဇွန် (၂) ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်တောင်ပိုင်းကို စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းက စတင်ကာ မကွေးတိုင်းအခြေစိုက် အမြှောက်က်တပ် (အမတ -၃၆၈) တည်ရှိရာ ကျောက်ထုမြို့ နဲ့ ဆောမြို့ တွေမှာ လူလက်နက် ၊ရိက္ခာဖြည့်တင်းကာ ချင်းပြည်နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး အစားအသောက် ၊ဆေးဝါး ၊ကုန်ပစ္စည်းသယ်ယူခွင့်တွေကိုလည်း လေးနှစ်ကျော် ကန့်သတ်ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို စစ်အုပ်စု စစ်ကြောင်းထိုးလို့ ထွက်ပြေးနေကြရတဲ့ စစ်‌ရှောင်ပြည်သူတွေ/ ဓာတ်ပုံ- Mindat Township IDPs Camp Management Committee

Related Articles

Back to top button