မန္တလေးသတင်း

မိတ္ထီလာ မလှိုင်မှာ စစ်အုပ်စုက ဗုံးကြဲသတ်လို့ ၁၀ တန်းကျောင်းသား နှစ်ဦး အပါ ခြောက်ဦး သေဆုံး၊

PDF တွေ ရွာထဲ ရှိတယ်ဆိုလို့ ရွာပေါ် ဗုံးကြဲတာဖြစ်ပြီး သေတာ PDF တွေလို့ စစ်လော်ဘီတွေ အောင်ပွဲခံ သတင်းဖြန့်၊

ညပိုင်း လူအိပ်ချိန်မှာလည်း ရွာပေါ် ထပ်မံ ဗုံးကြဲ၊

လှိုင်း/MFP၊ ဇွန် ၆

မန္တလေးတိုင်း၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်မြောက်ခြမ်းမှာရှိတဲ့ သရက္ကောင်းပင်ကျေးရွာကို မနေ့က ညနေပိုင်း အာဏာသိမ်း စစ်အုပ်စုက ရွာပေါ် ဗုံးပတ်ကြဲတာကြောင့် ကျောင်းဆင်းချိန် အိမ်ပြန်လာတဲ့ ၁၀ တန်းကျောင်းသား နှစ်ဦး အပါအဝင် ရွာခံပြည်သူ ခြောက်ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇွန်လ ၅ရက် မွန်းလွဲ ၃နာရီခွဲဝန်းကျင်၊ ကျောင်းဆင်းချိန်မှာ စစ်အုပ်စုက မန္တလေးမြို့ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ် နှစ်စင်းနဲ့ မလှိုင်နယ်၊ သရက္ကောင်းပင်ကျေးရွာကို ဗုံးပတ်ကြဲတာလို့ ဆိုပါတယ်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ မနေ့က ညနေက ကျောင်းဆင်းချိန်ကြီးမှာ ဗုံးလာကြဲတာ။ သရက်ကောင်းပင်ရွာ ထဲမှာလည်း လေယာဥ်နဲ့ ဗုံးသုံးလုံး ကြဲသွားတယ်။ ကျောင်းသားလေးတွေရော၊ အသက်ကြီးပိုင်းတွေရော စုစုပေါင်း ခြောက်ဦး သေသွားတာ။ ဒဏ်ရာရတဲ့ အထဲမှာ ကလေးငယ်လေးတွေလည်း ပါတယ်” လို့ ရွာခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ဗုံးဒဏ်ကြောင့် နေအိမ်ခြောက်လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဇွန် ၆ ရက် ဒီမနက် ၃ နာရီဝန်းကျင် လူအိပ်ချိန်မှာလည်း အဲ့ဒီ သရက္ကောင်းပင်ကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

“ရွာထဲမှာ ဘယ်အဖွဲ့အစည်းမှ မရှိဘူး။ ခုကတော့ ရွာထဲက အများစုက အခြေအနေ ကြည့်ပြီး ရွာထဲကနေ ရှောင်ဖို့လို့ စီစဥ်နေကြတယ်။ ကလေးငယ်တွေဆို စာသင်ကျောင်းကို သွားဖို့လို့ ကြောက်နေကြတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သရက္ကောင်းပင်ကျေးရွာက မလှိုင်မြို့နဲ့ ၁၂ မိုင်ဝန်းကျင်အကွာအဝေးမှာ တည်ရှိပြီး နွားထိုးကြီးမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။

သရက္ကောင်းပင်ရွာကို ဗုံးကြဲသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ အဲ့ဒီ မလှိုင်နယ် သရက်ကောင်းပင်ကျေးရွာထဲ နွားထိုးကြီး PDF ခေါင်းဆောင်နဲ့ PDF တွေ ရှိနေတယ်လို့ သတင်းကြားတာကြောင့် ဗုံးကြဲသတ်ဖြတ်ခဲ့တာ ဖြစ်ပြီး PDF ၁၅ ယောက် သေကာ ဒဏ်ရာရသူ ၃၀ ရှိတယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ကလည်း စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ လုပ်နေချိန် တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ မလှိုင်မြို့နယ်ထဲက ရေငွေ့ကျေးရွာကို စက်တပ်လေထီး (Paramotor)နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာတွေ ရခဲ့ပါတယ်။ အဲ့ဒီ စက်တပ်လေထီးဟာ ပန်းအိုင်နဲ့ မုံကန်ကျေးရွာ လမ်းတလျှောက်ကိုလည်း ဗုံးကြဲခဲ့ပါသေးတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၉ ရက်ကလည်း မလှိုင်မြို့အနောက်ဘက် ရထားသံလမ်းကူးကနေ မြောက်ဘက်ခြမ်းရှိ ကျေးရွာတွေဘက် အာဏာသိမ်း စစ်အုပ်စုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့လို့ ကမ္ဘားဖြူကျေးရွာ အနောက်ဘက်ခြမ်းရှိ နေအိမ်တချို့ ထိခိုက်ပျက်စီးကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

မတ် ၂၆ ရက်မှာလည်း မလှိုင်မြို့နယ် အနောက်ဘက်ရှိ ညောင်တုန်းကျေးရွာကို စစ်အုပ်စုက စက်တပ်လေထီး နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ လေးဦး သေဆုံးကာ နေအိမ်ရှစ်လုံး ပျက်စီးခဲ့ပါတယ်။

ရန်ကုန် – မြင်းခြံ လမ်းမကြီးပေါ်မှာရှိတဲ့ တောင်သာ၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် မလှိုင်နယ်မှာ တိုက်ပွဲဖြစ်စဉ် သိပ်မရှိဘဲ စစ်အုပ်စုက မကြာခဏ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

မလှိုင်မြို့နယ်ဟာ စစ်အုပ်စုရဲ့ အခြေစိုက်စစ်စခန်းတွေဖြစ်တဲ့ လေတပ်ဌာနချုပ်ရှမ်းတဲ၊ မြေပြင် အတတ်သင် လေတပ်စခန်း၊ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် – တပ်မ ၉၉၊ သံချပ်ကာတပ်ရင်း၊ အမှတ် ၃၅ ရဲတပ်ရင်း၊ အမြောက်တပ်ရင်း၊ ကုတင် ၅၀၀ ဆံ့ စစ်ဆေးရုံတို့ တည်ရှိနေတဲ့ မိထ္တီလာမြို့နဲ့ ၂၂ မိုင်သာ ကွာဝေးပါတယ်။

မလှိုင်မြို့နယ် သရက္ကောင်းပင်ကျေးရွာကို စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်လို့ ပျက်စီးတဲ့ အိုးအိမ်တွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #သရက္ကောင်းပင်ရွာ #မလှိုင်

Related Articles

Back to top button