စစ်ကိုင်းသတင်း

မုံရွာ ချောင်းဦးမှာ စစ်အုပ်စုက ရွာတွေစီးနင်းကာ ဖောက်ထွင်းခိုးယူပြီးနောက် အိမ်တွေ မီးရှို့ဖျက်ဆီးသွား

MN/MFP၊ ဇွန် – ၁၂

စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့အနီး ချောင်းဦးမြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ကျေးရွာတွေကို စီးနင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းလုယက် ခိုးယူပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇွန် ၁၁ရက် ညနေပိုင်း ချောင်းဦးမြို့နယ် ‌ဆင်မြေကျေးရွာကို စီးနင်းကာ ဖောက်ထွင်း ခိုးယူနေတဲ့ စစ်အုပ်စုဟာ တန်ဘိုးရှိပစ္စည်းတွေကို စစ်ကားတွေနဲ့ သယ်ထုတ်ပြီးနောက် နေအိမ်တွေကို သုံးရက်မြောက်အဖြစ် မီးရှို့ ဖျက်ဆီးသွားခဲ့တာပါ။

စစ်အုပ်စုဟာ ဆင်မြေနဲ့ ငါးလုံးတင်ရွာတွေကို စီးနင်းပြီး တန်ဘိုးရှိပစ္စည်းတွေ ဖောက်ထွင်းခိုးယူနေတာ သုံးရက်ဆက် ရှိလာပြီဖြစ်ပြီး မနေ့ ညနေပိုင်း ခြောက်ဘီးကား ခြောက်စီးနဲ့ ပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းတွေကို ရွာထဲကနေ ခိုးယူ သယ်ထုတ်သွားပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာလို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“အိမ်ခြေပျက်စီးဆုံးရှုံးမှုအသေးစိတ်ကို မသိရသေးပါဘူး။ “လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မေ ၃၁ ရက်က စတင်ကာ ချောင်းဦးမြို့နယ် တောင်ခြမ်းနဲ့ အရှေ့ခြမ်းကို လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ ချောင်းဦး-ရေစကြို-ပခုက္ကူ ကားလမ်းဘေး ဝဲယာရှိ ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

ဆင်မြေရွာနဲ့ တဆက်တည်းဖြစ်တဲ့ ငါးလုံးတင်ရွာတွေထဲမှာ စစ်အုပ်စု အင်အား၂၀၀ကျော်နဲ့ တန်ဘိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူပြီးနောက် နေအိမ်တွေကို မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ပစ္စည်းတွေကို ကားတွေနဲ့ သူတို့ ခိုးယူပြီးတော့ တချို့ကိုတော့ ချောင်းဦးမြို့ပေါ်ကို သယ်လိုက်ပို့လိုက်၊ မုံရွာ(နမခ)ကို သယ်လိုက်နဲ့ပေါ့ လုပ်နေကြတာ”လို့ ချောင်းဦးဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၁၂ရက်နေ့မှာတော့ စစ်အုပ်စုက ရွာထဲကပြန်ထွက်သွားပြီဆိုပေမယ့် ဒေသခံတွေအများစုဟာ မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ကျေးရွာ ၁၀ ရွာကျော်က ပြည်သူ တစ်သောင်းဝန်းကျင် စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ လူငယ်တစ်ဦးက MFP ကို ပြောပါတယ်။

“အခု စစ်ဘေးရှောင်ပြည်သူတွေကတော့ အဆင်ပြေသလို တိမ်းရှောင်နေထိုင်နေကြရတာပေါ့။ တချို့က ဘုန်းကြီးကျောင်းတွေ၊ တချို့ကတော့ (စစ်အုပ်စု) လက်နက်ကြီးတွေလည်း ပစ်နေတာဆိုတော့ လွတ်နိုင်မယ့် တောတွေထဲမှာ ဖြစ်သလို နေနေကြရတာ။ စစ်ရှောင်ပြည်သူတွေက အရမ်းများနေတော့ စားနပ်ရိက္ခာက အဓိက လိုအပ်နေတာပါဗျ။ စစ်ရှောင်ပြည်သူတွေ ချက်ပြုတ်စားသောက်နိုင်ဖို့အတွက် ရိက္ခာခြောက် လေးတွေလည်း လိုပါတယ်ဗျ။ နောက်ပြီး မိုးတွင်းကာလဆိုတော့ အမိုးအကာ လေးတွေလည်း လိုအပ်ပါတယ်”

စစ်အုပ်စုက လက်နက်အားကိုးနဲ့ ချောင်းဦးမြို့နယ် တောင်ခြမ်းနဲ့အရှေ့ခြမ်းကို စစ်ကြောင်းထိုး၊ ဖောက်ထွင်းခိုးယူ၊ မီးရှို့နေတာကြောင့် ငါးယှန်၊ နတ်ရေကန်၊ ဘလွေ၊ ကျောက်ဆစ်ကန်၊ ရွာတော်လေး၊ မှန်ချို၊ ထူးနီ၊ ဆင်မြေ၊ ငါးလုံးတင်၊ မထိသာ၊ မင်းခေါင်၊ မင်းတည် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ တစ်သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတဲ့ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုက ချောင်းဦးနယ် ဆင်မြေကျေးရွာကို စီးနင်းလုယက်၊ မီးရှို့ ဖျက်ဆီးသွားစဉ်/ဓာတ်ပုံ-ဒေသခံ

MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay_Free_Press_MFP

စစ်ကိုင်း #ချောင်းဦး #မီးရှို့လုယက်

Related Articles

Back to top button