
လှိုင်း/MFP၊ ဇွန် – ၁၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ အပါအဝင် ပုလဲ – ဂန့်ဂေါ လမ်းတလျှောက် ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ဒေသခံပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင် ထွက်ပြေးနေရပြီး တစ်နှစ်ပြည့်ချိန်အထိ နေရပ်မပြန်နိုင်ကြသေးဘဲ စားသောက်နေထိုင်ရေး ခက်ခဲနေတယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရသူတွေက MFP ကို ပြောပါတယ်။
၂၀၂၅ ဇွန်လအတွင်း ပုလဲနယ်၊ ပုလဲ – ဂန့်ဂေါ လမ်းပိုင်းပေါ်မှာရှိတဲ့ စစ်အုပ်စုရဲ့ ကန့်ဒေါင့်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုက မင်းတိုင်ပင်ရွာ အပါအဝင် ကန့်ဒေါင့်အနီးဝန်းကျင်ရှိ ကျေးရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မင်းတိုင်ပင်ရွာထဲ အထိုင်စခန်းချ ဂိတ်ဖွင့်ထားသလို ဒေသခံပြည်သူတွေကို ရန်ပြုနေတာကြောင့် ကန့်ဒေါင့်၊ လက်ပုကန်၊ နှောကန်၊ မင်းတိုင်ပင်၊ ငှက်ပျောတော (တောင်၊ မြောက်)၊ အိုင်ရောင်း၊ ပိတောက်ကုန်း၊ သပြေကုန်း၊ အိုင်းမ၊ တလိုင်းကန်၊ သရက်ကန်၊ မြေနီကုန်းနဲ့ ထန်းတောတိုက် စတဲ့ ပုလဲ – ဂန့်ဂေါ ကားလမ်းတလျှောက် ကျေးရွာ ၃၀ ကျော်က သောင်းချီတဲ့ ပြည်သူတွေ ၂၀၂၅ ဇွန်လက စတင်ကာ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ဒီကနေ့အချိန်ထိ ရွာထဲကို ပြန်မဝင်နိုင်သေးဘူးလို့ ဆိုပါတယ်။
“စစ်ရှောင်ရတာတော့ ကြာပြီပေါ့ဗျာ။ အခက်အခဲတွေက ဆိုလို့ရှိရင်တော့ အရင်ကတော့ သုံးလေးလလောက် ရှောင်ရတာဆိုရင် အဆင်ပြေတယ်ပေါ့။ ဒါပေမယ့် လေးငါးခြောက်လ တစ်နှစ်လောက်ကြီး ရှောင်ရတာကျ အဆင်မပြေတော့ဘူး။ ဟိုရှောင်လိုက်၊ ဒီရှောင်လိုက်။ ကိုယ်ရှောင်တဲ့ရွာ စစ်ကြောင်းရောက်လာလိုက်နဲ့ ထပ်ရှောင်လိုက်နဲ့။ အချို့တွေဆို တောထဲတွေမှာ၊ အပင်ရိပ်ကောင်းတဲ့ နေရာတွေမှာ မိုးကာတဲလေးတွေနဲ့ နေရတာတို့၊ ဘုန်းကြီးကျောင်းတွေမှာ ရှောင်ရတာတို့ အများကြီးပေါ့။ စစ်ရှောင်ရတာတော့ အခက်အခဲရှိတာပေါ့။ အလုပ်တွေဘာတွေလည်း မရှိဘူးပေါ့၊ ဒီစစ်ကြောင်း ထွက်မလား ထွက်မလား စောင့်ရင်းနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေ ရှောင်ရတာပေါ့” လို့ မင်းတိုင်ပင်ရွာခံ စစ်ရှောင်ပြည်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာလည်း ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA အခြေပြု လှုပ်ရှားခဲ့ရာ ပုလဲနယ် ကျေးရွာတွေကို စစ်အုပ်စုက အင်အားသုံးကာ ဆက်လက် စစ်ကြောင်းထိုးပြီး ချင်ပြစ်ကျေးရွာမှာ အထိုင်ချတပ်စွဲဖို့ ကြိုးစားနေလို့ ပုလဲနယ်ရှိ ကျေးရွာတွေက ပြည်သူတွေ ထပ်မံ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
“ပထမက ကန့်ဒေါင့်တိုက်ပွဲ ဖြစ်လို့ စစ်ရှောင်ရတယ်။ အဲ့ဒါပြီးတော့ ဗိုလ်နဂါးက စစ်တပ်နဲ့ ပေါင်းသွားတော့ စစ်ကြောင်းတွေက တစ်ကြောင်းဝင် တစ်ကြောင်းထွက်နဲ့ဆိုတော့ အိမ်ကို ပြန်လို့ မရသေးဘူး။ ရင်ပေါင်တိုင်ရွာမှာ သွားရှောင်တဲ့လူတွေက နှစ်ခါရှောင် ဖြစ်သွားတယ်။ အခုကတော့ ကြုံရာကျပန်း လုပ်ကိုင်ပြီး ဝမ်းရေးဖြေရှင်းနေတယ်” လို့ လက်ပုကန်ကျေးရွာက စစ်ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပုလဲနယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုးကာ ရန်ပြုလို့ ပြည်သူတွေ စစ်ဘေးရှောင်နေရသလို ပျူစောထီးတွေက ရန်ပြု၊ လုယက်၊ သတ်ဖြတ်လို့ ပျူစခန်းတွေအနီးရှိ ကျေးရွာတွေက ပြည်သူတွေဟာလည်း စစ်ဘေးရှောင်နေကြရတယ်လို့ ပုလဲမြို့နယ်၊ လူသားစာနာတာဝန်ခံ ဦးဇော်ထွန်းက MFP ကို ပြောပါတယ်။
အထက်ပါ ပုလဲ – ဂန့်ဂေါ ကားလမ်းတလျှောက်နဲ့ BNRA အခြေပြု လှုပ်ရှားခဲ့ရာ ကျေးရွာတွေက ပြည်သူတွေ အပြင် အင်မထီးနဲ့ ဇီးဖြူကုန်းရွာ ပျူစခန်းတွေအနီးရှိ ချောင်းဦး၊ သရက်ကန်၊ တလိုင်းကန်၊ သာယာကုန်း၊ လုပ်သား စတဲ့ ကျေးရွာတွေက ရာချီတဲ့ အိမ်ထောင်စုတွေဟာလည်း အမြဲတမ်းစစ်ရှောင်အဖြစ် စစ်ဘေးရှောင်နေရတာ နှစ်အတော်ကြာပြီဖြစ်တယ်လို့ ဆိုပါတယ်။
“ပုလဲမြို့နယ် အနေအထားကတော့ အမြဲစစ်ရှောင်အနေနဲ့က Camp (စစ်ရှောင်စခန်း) သဘောမျိုးရော၊ ပျံ့နေတာမျိုးရော ဆိုတော့ ၁၁ နေရာလောက် ရှိပါတယ်ဗျ။ အဲ့ဒါတွေက ကျတော်တို့ နဂိုက ကန့်ဒေါင့်နားက ရွာတွေက ကန့်ဒေါင့်စခန်းက တိုက်လို့ ဆုတ်လိုက်တယ်။ မင်းတိုင်ပင်ကို (စစ်အုပ်စု) ထိုင်လိုက်တယ် ဆိုတော့ အပြောင်းအလဲ ဖြစ်တာပေါ့။ အဲ့ဒီ့အခြေအနေမှာ ပုလဲနယ်က အမြဲတမ်း စစ်ရှောင်က မင်းတိုင်ပင် တိုးသွားတာပေါ့နော်။ သူတို့လည်း တစ်နှစ်လောက် ဝန်းကျင်ရှိသွားပြီပေါ့နော်။ စစ်ရှောင် စုစုပေါင်းကတော့ တစ်သောင်းဝန်းကျင် ရှိပါတယ်ဗျ”

လက်ရှိမှာ ပုလဲနယ် မင်းတိုင်ပင်၊ ချင်ပြစ်ကျင်းစတဲ့ ကျေးရွာတွေထဲ စစ်အုပ်စုက စခန်းချ နေရာယူ ထားသလို ရင်ပေါင်တိုင်၊ ပုထိုးသာ၊ ဆင်စွယ်၊ မောင်းတုံ၊ ပုပ္ပါရွာတွေကိုလည်း စုရပ်အဖြစ် အသုံးချကာ ဖောက်ထွင်း ခိုးယူလို့ ရသမျှ ပြည်သူပိုင် ပစ္စည်းတွေကို စုရပ်မှာ ထားပြီး စစ်ကားတွေနဲ့တင်ကာ မြို့ပေါ် သယ်ထုတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်တာ၊ စစ်ကြောင်းထိုးချိန် တွေ့သမျှ ပြည်သူကို ဖမ်းပြီး ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးချတာ၊ သတ်ဖြတ်တာတေါလည်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်း ပုလဲမြို့နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ တွေ့သမျှပြည်သူကို ဖမ်းဆီးပြီးနောက် လူသားဒိုင်းအဖြစ် အသုံးချကာ အဲ့ဒီထဲက အလယ်ဘုံ၊ ချောင်းကန်နဲ့ ရိုးရွာတို့က အရပ်သား ပြည်သူ သုံးဦးကို ညှဉ်းပန်း သတ်ဖြတ်ခဲ့ပြီး ချောင်းကန်ရွာ ဘုန်းကြီးကျောင်းအနီးမှာ မြေမြှုပ်စွန့်ပစ်ခဲ့ပါတယ်။

အာဏာသိမ်း စစ်အုပ်စုက ယင်းမာပင်ခရိုင်တစ်ခုလုံးကို ပြန်လည်စိုးမိုးနိုင်ဖို့နဲ့ ခရိုင်အတွင်းက အဓိကကျတဲ့ ပုလဲ – ဂန့်ဂေ့လမ်း၊ မုံရွာ – ယာကြီး – ကလေးဝ လမ်းပိုင်းတွေကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ဖို့ စစ်အင်အား ထောင်ချီ အသုံးပြုပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ယင်းမာပင်နဲ့ ကနီမြို့နယ်ထဲကိုလည်း ဧပြီလက စပြီး စစ်အုပ်စုက အင်အားသုံး စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ချင်းတွင်းမြစ်အနောက်ဘက် ကျေးရွာတွေရှိ သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

ပုလဲနယ်ရှိ စစ်ဘေးရှောင်ပြည်သူတချို့ကို တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ပုလဲ #စစ်ဘေးရှောင်ပြည်သူ



