ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မတိုင်မီ မန္တလေးကနေ စစ်ကိုင်းဘက် နှင်းဆီပန်း သယ်ခွင့်ပိတ်၊

စစ်ကိုင်းတံတားမှာ စစ်အုပ်စုက ပန်းသည်တွေကို တားဆီးကာ လက်နက်ပြ ငွေညှစ်နေ၊
ထင်လင်း/MFP၊ ဇွန် – ၁၆
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့်မွေနေ့ အထိမ်းအမှတ်အဖြစ် ပန်းသပိတ် လှုပ်ရှားမှု ပြုလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေချိန် အာဏာသိမ်း စစ်အုပ်စုက မန္တလေးကနေ စစ်ကိုင်းဘက် နှင်းဆီပန်း သယ်ယူခွင့်ကို ပိတ်ပင်ထားပြီး ပန်းသည်တွေ ငွေပေးနိုင်မှ စစ်ကိုင်းတံတား ဖြတ်ခွင့်ပြုတယ်လို့ ပန်းရောင်းချသူတွေက MFP ကို ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးထောင်ချထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ လာမယ့် ဇွန် ၁၉ရက်မှာ ကျရောက်မဲ့ ၈၁ နှစ်မြောက်မွေးနေ့မှာ နိုင်ငံတဝန်း ပန်းသပိတ် ဆင်နွှဲကြဖို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ ပြည်သူတွေအချင်းချင်း တိုက်တွန်းနှိုးဆော်နေကြတာ ဖြစ်ပါတယ်။
ပြည်သူတွေကြား ပန်းသပိတ်လှုပ်ရှားမူ တိုက်တွန်းနေကြတဲ့တချိန်တည်းမှာပဲ မန္တလေးနဲ့ စစ်ကိုင်းမြို့ကို ကူးတဲ့ ရတနာပုံ ဧရာဝတီမြစ်ကူးတံတား (စစ်ကိုင်းတံတား)မှာ ဂိတ်ဖွင့်ထားတဲ့ စစ်အုပ်စုက ယခုရက်ပိုင်း နှင်းဆီးပန်း သယ်ယူခွင့်ပိတ်လိုက်တာလို့ ပန်းရောင်းချသူတွေက ပြောပါတယ်။
မန္တလေးကနေ စစ်ကိုင်းဘက် သယ်မဲ့ ကုန်စိမ်းကားနဲ့ ပန်းကားတွေကို စစ်ကိုင်းတံတားထိပ်မှာ စစ်အုပ်စုက တားဆီးစစ်ဆေးပြီး နှင်းဆီပန်းဆို သယ်ယူခွင့်မပေးဘဲ ငွေပေးနိုင်မှ ဖြတ်သန်းခွင့် ပေးတယ်လို့ ဆိုပါတယ်။
ကုန်ကားနဲ့ ပန်းကားတွေမှာ နှင်းဆီပန်း ပါ၊မပါ စစ်ဆေးပြီး နှင်းဆီပန်းတွေ့ပါက ငွေကျပ်ငါးသောင်း တောင်းယူတာ ဖြစ်တယ်လို့ ပန်းရောင်းသူ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။
“မနေ့ကမှ ကုန်ကားဝင်တာ၊ ဘုရားပန်းတွေ ရောင်းဖို့ မှာလိုက်တာ၊ ဂန္ဓမာတို့၊ ပန်းတိမ်ငို၊ နှင်းဆီ အစုံပဲ၊ အဲ့ဒါကို နှင်းဆီပန်းတွေ ပါလို့ဆိုပြီး ဒဏ်ကြေးငါးသောင်း ပေးခဲ့ရတယ်တဲ့”
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ယခင်နှစ်တွေက ပြုလုပ်ခဲ့တဲ့ ပန်းသပိတ် လှုပ်ရှားမူတွေကိုလည်း စစ်အုပ်စုက ကန့်သတ်ပိတ်ဆို့တာ၊ ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီး လက်ရှိမှာလည်း ယခင်နှစ်တွေနည်းတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မတိုင်မီ နှင်းဆီပန်း သယ်ယူ ရောင်းချမှုကို ကြိုတင် ကန့်သတ်ဖို့ ကြိုးစားတာ ဖြစ်မယ်လို့ မန္တလေးနယ်ခံ ပန်းရောင်းချသူတစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။

မန္တလေးမြို့ပေါ်မှာတော့ နှင်းဆီပန်းသယ်ယူရောင်းချမှုကို ကန့်သတ်တာမျိုး မကြားရသေးဘူးလို့လည်း ဆိုပါတယ်။
“မြို့ပေါ်မှာ အခုအချိန်ထိတော့ ဘာသံမှ မကြားသေးဘူး၊ စျေးသည်တွေလည်း ပုံမှန်ပဲ၊ ပန်းစျေးထဲလည်း ဘာမှ မကြားဘူး၊ အမေစုမွေးနေ့ ဆိုရင်တော့ သူတို့က ဖမ်းချင်ဖမ်းမှာပေါ့” လို့ သူက ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် အာဏာသိမ်းစဉ် အချိန်ကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးကာ အမှုဆင်ထောင်ချထားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက ဖမ်းဆီးထားစဉ်အတွင်း သတ်ဖြတ်၊ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ သားဖြစ်သူ အပါအဝင် ပြည်သူအများအပြားက တောင်းဆိုတဲ့ Proof of life လှုပ်ရှားမှုကိုလည်း မြန်မာနိုင်ငံသာမက ကမ္ဘာတဝန်း ပြုလုပ်နေကြပါတယ်။



ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ယခင်နှစ်က အညာဒေသမှာ ပန်းသပိတ်လှုပ်ရှားမူ ပြုလုပ်စဉ်/Photo – ထင်လင်း၊ သုထက်/MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #စစ်ကိုင်း #နှင်းဆီပန်း



