သတင်း

မြန်မာ့သယံဇာတတွေသာမက ဆေးဘက်ဝင်အပင်တွေပါ တရုတ်ကိုရောင်းဖို့ မင်းအောင်လှိုင် သဘောတူ၊ မြစ်ဆုံစီမံကိန်းပြန်စဖို့ ဝါဒဖြန့်စည်းရုံးနေတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်လည်း တရုတ်ကိုလိုက်သွား

လူလေး/MFP၊ ဇွန်-၁၆

တရုတ်နိုင်ငံကို ငါးရက်ကြာခရီးသွားရောက်နေတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်အစိုးရအကြား ဇွန်လ ၁၆ ရက်နေ့မှာ နားလည်မှုစာချွန်လွှာ၊ စာလွှာ၊ သဘောတူစာချုပ် စုစုပေါင်း ၁၈ ခုကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့တယ်လို့ အာဏာသိမ်းအုပ်စုဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းအုပ်စုဘက်က စာချုပ်/စာလွှာ ၁၈ ခု လက်မှတ်ထိုးခဲ့တယ်လို့ဆိုပေမယ့် သတင်းထုတ်ပြန်ချက်မှာတော့ စာချုပ်/စာလွှာ ၁၇ ခုရဲ့ နာမည်ကိုပဲ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲ့ဒီ ၁၇ ခုကတော့ –
(၁) ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (Global Security Initiative-GSI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
(၂) မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရများအကြား ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအစီအမံ (Global Civilization Initiative-GCI) ပူးတွဲမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
(၃) ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု (Global Development Initiative-GDI) အကောင်အထည်ဖော်ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊
(၄) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်(၂၀၂၆)အတွက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
(၅) အောင်ဆန်းအားကစားကွင်းသစ် ပြန်လည်တည်ဆောက်ခြင်း စီမံကိန်းဆောင်ရွက်ရန်အတွက် အကူအညီပေးရေးဆိုင်ရာ စာလွှာ၊
(၆) မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ တရုတ်တိုင်းရင်းသား ဆေးဖက်ဝင်အပင်များ တင်ပို့ခြင်းဆိုင်ရာ အပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊
(၇) မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ လတ်ဆတ်သော ငှက်ပျောသီးများတင်ပို့ခြင်းဆိုင်ရာ အပင်ကျန်းမာရေးလိုအပ်ချက် သဘောတူစာချုပ်၊
(၈) မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ စားသုံးရန် ရေထွက်တိရစ္ဆာန်များတင်ပို့ခြင်းဆိုင်ရာ ကန့်သတ်စစ်ဆေးရေးနှင့် သန့်ရှင်းရေးလိုအပ်ချက်ဆိုင်ရာ သဘောတူစာချုပ်၊
(၉) မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေး အကောင်အထည်ဖော်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
(၁၀) ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
(၁၁) တရုတ်-မြန်မာ သိပ္ပံနှင့်နည်းပညာ ပြည်သူချင်းဖလှယ်ရေးအစီအစဉ်ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
(၁၂) ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် တတ်သိပညာရှင်ဖိုရမ် ယန္တရား နားလည်မှုစာချွန်လွှာ၊
(၁၃) ရုပ်သံထုတ်လွှင့်ခြင်း၊ ရုပ်မြင်သံကြားနှင့် အွန်လိုင်းအသံ/ရုပ်ဝန်ဆောင်မှုများ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ၊
(၁၄) ဉာဏပစ္စည်းမူပိုင်ခွင့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
(၁၅) ယှဉ်ပြိုင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊
(၁၅) လွတ်လပ်သောကုန်သွယ်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
(၁၆) မြေငလျင်ဘေးအရေးပေါ် လူသားချင်းစာနာထောက်ထားမှု နည်းပညာအကူအညီ လွှဲပြောင်းပေးအပ်ခြင်းနှင့် လက်ခံရေးဆိုင်ရာစာလွှာ၊
(၁၇) မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာနှင့် အသိပညာဖလှယ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု နားလည်မှုစာချွန်လွှာ တို့ဖြစ်ပါတယ်။

သတင်းထုတ်ပြန်ချက်မှာ မပါဝင်လာတဲ့ ကျန် စာချုပ်(သို့) စာချွန်လွှာ(သို့) စာလွှာ တစ်ခုဟာ ဘာဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

အခုတစ်ခေါက် တရုတ်ခရီးစဉ်မှာ မင်းအောင်လှိုင်နဲ့အတူ လိုက်ပါခွင့်ရတဲ့ သူရဲ့ဝန်ကြီးအဖွဲ့ထဲ ထူးထူးခြားခြားအနေနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို တွေ့ရပါတယ်။

ကချင်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ တစ်သျှူးငှက်ပျော စိုက်ပျိုးမှုအများဆုံး ဒေသဖြစ်ပြီး ဒေသခံတွေကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းရှိရာအရပ်လည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဦးခက်ထိန်နန်နဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဟာ မြစ်ဆုံစီမံကိန်းပြန်စနိုင်ဖို့ ဒေသခံလူထုကို မြို့နယ်အလိုက် သွားရောက်တွေ့ဆုံပြီး စည်းရုံးဝါဒဖြန့်နေတာ အကြိမ်ရေ ၃၀ ကျော်ခဲ့ပါပြီ။

ကချင်ပြည်နယ်ဒေသခံ မြစ်ဆုံစီမံကိန်းကန့်ကွက်ကြောင်း လှုပ်ရှားသူ အမျိုးသမီးတစ်ဦးက “ခက်ထိန်နန် ပါတယ်ဆိုတော့ သူတို့ခရီးစဉ်က သာမန်ကိစ္စထက်ပိုတဲ့အဓိပ္ပာယ် ရှိနိုင်တယ်လို့ သံသယဝင်စရာရှိတယ်။ ခက်ထိန်နန်တို့က မြစ်ဆုံပြန်လုပ်ဖို့ လူထုတွေ့ဆုံပွဲ အကြိမ်ပေါင်း ၃၀ ကျော်လောက်လုပ်ခဲ့တယ်။ ဒီတော့ မြစ်ဆုံစီမံကိန်းလုပ်ဖို့တော့ ဆွေးနွေးနိုင်တယ်။ ဒါပေမဲ့ သိပ်တော့ မရိုးရှင်းဘူး။ KIA ရဲ့ ဩဇာလွှမ်းမိုးမှု၊ လူထုလက်မခံမှုနဲ့ လုံခြုံရေးအခြေအနေ၊ စစ်ပွဲက တောက်လျှောက်ဖြစ်နေတော့ မလွယ်နိုင်ဘူး” လို့ MFP ကို မှတ်ချက်ပြုပါတယ်။

တရုတ်ဟာ ပြီးခဲ့တဲ့ ကာလတစ်လျှောက်မှာလည်း ကချင်ပြည်နယ်၊ ရေခဲတောင်ဒေသထွက် အဖိုးတန် သစ်ဥတစ်ဖု၊ ဆေးဝါး၊ ဆေးပင်၊ ပန်းမန်တွေနဲ့ ရှားပါး တောရိုင်းတိရစ္ဆာန်တွေကို နယ်စပ်တစ်လျှောက် တရားမဝင်လမ်းကြောင်းတွေကနေတဆင့် ဝယ်ယူရရှိနေခဲ့ပါတယ်။

ဒါပေမဲ့ အခု အရောင်းအဝယ်အတွက် တရားဝင်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်တာကြောင့် ဒေသတွင်းမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း “တရုတ်က ကချင်ဒေသရဲ့ သဘာဝအရင်းအမြစ်တွေကို သစ်၊ ကျောက်စိမ်း၊ ရွှေကနေ ဆေးမြစ်အထိ ဆက်တိုက်စုပ်ယူနေတယ်။ ဆေးမြစ်တွေကို မတရားဈေးနှိမ်ပြီးဝယ်တာအပြင် တောထဲကအပင်အမြစ်တွေကို တူးယူတဲ့အတွက် မျိုးစိတ်တွေ ပျောက်ကွယ်လာတယ်။ တောပြုန်းတီးမှုမြန်လာတယ်။ ဂေဟစနစ်ထိခိုက်လာတယ်။ အထူးသဖြင့် ဝယ်လိုအားဖြင့်လာတဲ့အခါ ဒီနှစ်ရောင်းပြီး နောက်နှစ်ပြန်ပေါက်မယ့်အခြေအနေ မဟုတ်တော့ဘဲ အရင်းအမြစ်ကုန်ဆုံးသွားတဲ့ ပြဿနာဖြစ်တတ်တယ်။” လို့ MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ကာလတစ်လျှောက်ကလည်း ကချင်ပြည်နယ်မှာ တရုတ်တစ်သျှူးငှက်ပျောခင်းတွေကြောင့် ရာသီဥတုပြောင်းလဲပြီး အပူချိန်တိုးလာတာ၊ မြေဆီလွှာပျက်စီးတာ၊ စစ်ရှောင်တွေရဲ့ မြေ ခြံ နဲ့လယ်ယာဆုံးရှုံးတာ၊ စိုက်ခင်းသုံး ပိုးသတ်ဆေးအပြင်းတွေကြောင့် အမျိုးသမီးတွေ ကိုယ်၀န်ပျက်ကျတာ၊ စိုက်ခင်းလုပ်သားတွေ လုပ်ခလစာခေါင်းပုံဖြတ်ခံရတာ၊ လုပ်သားအမျိုးသမီးတွေကို စိုက်ခင်းပိုင်ရှင်တရုတ်တွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေ ဖြစ်ပွားခဲ့တယ်လို့ အထက်ပါတက်ကြွလှုပ်ရှားသူက ကိုယ်တိုင်ကွင်းဆင်း ရရှိခဲ့တဲ့ သုတေသနအချက်အလက်တွေအပေါ် မူတည်ပြီး ဆက်ပြောပါတယ်။

အခုတစ်ခေါက် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ ဦးခက်ထိန်နန်နည်းတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ကို ခေါ်ဆောင်သွားတာလည်း တွေ့ရပါတယ်။

ရှမ်းပြည်နယ်ဟာ တရုတ်ရဲ့ BRI စီမံကိန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုအကျိုးစီးပွားတွေအတွက် အရေးပါတဲ့ဒေသဖြစ်သလို ပြည်တွင်းစစ်ပဋိပက္ခတွေ၊ မြို့သိမ်းတိုက်ပွဲတွေ၊ ကျားဖြန့်လောင်းကစားမှုတွေနဲ့ များစွာရှုပ်ထွေးနေတဲ့ ဒေသလည်းဖြစ်ပါတယ်။

မင်းအောင်လှိုင်နဲ့ တရုတ်အစိုးရအကြားချုပ်ဆိုတဲ့ စာချုပ်တွေအထဲမှာ သတင်းမီဒီယာနဲ့ပတ်သက်တဲ့ စာချုပ် ၂ ခုပါဝင်လာတဲ့အပေါ်မှာလည်း လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ(IPCM)ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးတိုးဇော်လတ်က “မီဒီယာတွေ ဖွံဖြိုးတိုးတက်အောင်လုပ်ဖို့ မဟုတ်ဘူး။ ပိုပြီးတော့ ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ နည်းပညာပိုင်းဆိုင်ရာတွေ ပိုပြီးတော့ ယူလာလိမ့်မယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာပြည်မှာ firewall ပေါ့ဗျာ။ တရုတ်ရဲ့ ကမ္ဘာကျော် firewall ဆိုတာကတော့ digital ပလက်ဖောင်းတွေကို ဝင်လို့မရအောင်၊ သတင်းမီဒီယာဆိုက်တွေ ဝင်ကြည့်လို့မရအောင် လူတွေကို စောင့်ကြည့်အောင်၊ အစိုးရဆန့်ကျင်ရေးတွေမလုပ်နိုင်အောင်၊ အဲ့ဒီနည်းပညာတွေတော့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်လို့တော့ နားလည်ထားတယ်” လို့ MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သြဂုတ်လက တရုတ်ပြည်မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး ခရီးစဉ်တုန်းကလည်း မင်းအောင်လှိုင် နဲ့အတူပါသွားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအကြား နားလည်မှုစာချွန်လွှာခြောက်ခု လက်မှတ်ထိုးခဲ့ပါသေးတယ်။

အဲ့ဒီတုန်းကတော့ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း လက်မှတ်ရေးထိုးတာဖြစ်ပြီး အခုတစ်ကြိမ်ကတော့ မြန်မာနဲ့တရုတ် နိုင်ငံအစိုးရချင်း ကိုယ်စားပြုအနေနဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Related Articles

Back to top button