သတင်း

တီးတိန်မှာ စစ်အုပ်စုလက်အောက်ခံ ZRA-EC အဖွဲ့က အရပ်သားတစ်ဦးကို သေဒဏ်စီရင်၊လက်နက်အားကိုးပြီး အုပ်စုဖွဲ့ စွပ်စွဲသတ်ဖြတ်မှုလို့ ဒေသခံတွေပြော

ရွှေဥ/MFP၊ ဇွန်-၁၆

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာမှာ စစ်အုပ်စုလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ Zomi Revolutionary Army – Eastern Command (ZRA-EC) တပ်ဖွဲ့က အရပ်သားလူငယ်တစ်ဦးကို သေဒဏ်ပေး သတ်ဖြတ်လိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာမှာ နေထိုင်သူ ကိုကပ်လျန်မန်းကို စစ်အုပ်စုလက်အောက်ခံ (ZRA-EC) တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးတဲ့ကိစ္စမှာ ပါဝင် ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးကာ ဇွန် (၁၄) ရက်နေ့မှာ သေဒဏ်ပေး သတ်ဖြတ်လိုက်တာ ဖြစ်တယ်လို့ တီးတိန်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ တပ်ဖွဲ့ဝင် (Zomi Revolutionary Army – Eastern Command (ZRA-EC) တစ်ယောက်သေတဲ့ ကိစ္စမှာ သူ (ကိုကပ်လျန်မန်း) သတ်ပါတယ်ပေါ့။ ဖမ်းပြီးတော့ သေဒဏ်စီရင်လိုက်တာ”လို့ ‌အဆိုပါ ဒေသခံကပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ခိုင်ကမ်းမြို့ ဒေသခံတစ်ဦးကတော့ အမှုကို သေချာစစ်ဆေးတာမရှိဘဲ လက်နက်အားကိုးပြီး ချက်ချင်း သေဒဏ်ပေးလိုက်တဲ့အပေါ် တရားမျှတမှုရှိရှိနဲ့ ဖြေရှင်းပေးစေချင်တယ်လို့ ပြောပါတယ်။

“ဘာအပြစ်မှန်း သေသေချာချာ မသိရဘဲနဲ့ လူငယ်တစ်ယောက်ကို လက်နက်အားကိုးပြီး ချက်ချင်း သေဒဏ်ပေးလိုက်တာမျိုးကတော့ လုံးဝမဖြစ်သင့်ပါဘူး။ ကိုယ့်ဒေသခံ အချင်းချင်းကြားမှာ အငြိုးအတေးတွေ၊ သွေးကြွေးတွေ ထပ်မများပါစေနဲ့တော့။ အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ ချက်ချင်းရပ်ပေးဖို့နဲ့ ဘယ်အမှုမဆို မှန်မှန်ကန်ကန် စုံစမ်းပြီး တရားမျှတအောင်ပဲ ဖြေရှင်းပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ သူကဆိုပါတယ်။

လက်ရှိအချိန်မှာ (ZRA-EC) တပ်ဖွဲ့ဝင်တွေက သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတော်စပ်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တာတွေနဲ့ ရန်ပြုပြောဆိုတာတွေ လုပ်နေတာကြောင့် ကျန်မိသားစုဝင်တွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့လည်း တွန်းဇံမြို့ခံတစ်ဦးက ပြောပါတယ်။

“နောက်ထပ်လည်း ဖမ်းမယ်။ သတ်မယ်လို့ခြိမ်းခြောက်တယ်လို့သိရတယ်။ မိသားစုတွေကော ဆွေမျိုးတွေကော အကုန်ကြောက်နေရတာ”လို့ သူကဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး၊ စစ်အုပ်စုလက်အောက်ခံ (ZRA-EC) တပ်ဖွဲ့ကတော့ ပြီးခဲ့တဲ့ ဇွန် (၉) ရက်နေ့က ဇိုမီးအမျိုးသားလုပ်သား ဖာပေါင်ငိုက်မန်း (PA PAU NGAIH MANG) အသတ်ခံရမှုမှာ ပါဝင်ပတ်သက်သူကို ဖမ်းဆီးကာ သေဒဏ်ပြစ်ဒဏ်ပေး အရေးယူလိုက်ပြီ ဖြစ်ကြောင်းနဲ့ ပါဝင်ပတ်သက်သူတွေကို ဆက်လက် အရေးယူသွားမယ်လို့လည်း ဇွန်လ ၁၄ ရက်မှာ တီးတိန်ဘာသာစကားနဲ့ ရေးသားထုတ်ပြန်ထားပါတယ်။

“လွန်ခဲ့သော ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က ဇိုမီးအမျိုးသားလုပ်သား ဖာပေါင်ငိုက်မန်း (PA PAU NGAIH MANG) အသတ်ခံရမှုနှင့် ပတ်သက်၍ ZNA လက်နက်ကိုင်များနှင့် ၎င်းတို့နှင့် ဆက်နွှယ်နေသော လူသတ်သမားများအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ တွီထန် (Tuithang) ရွာသား ကပ်လျန်မန်း (ခ) ဟဲလ်ပါ (အဖ-ဦးကျင်ဇာခုပ်) အား တွီထန်ရွာတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းကို အမြင့်ဆုံးပြစ်ဒဏ် (သေဒဏ်) ပေးလိုက်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်” လို့ (ZRA-EC) တပ်ဖွဲ့က တီးတိန်ဘာသာစကားနဲ့ ထုတ်ပြန်ထားတာပါ။

ချင်းတော်လှန်ရေးအင်အားစုတွေကတော့ (ZRA-EC)အဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ လက်နက်အားကိုး စီရင်ချက်တစ်ခုသာဖြစ်ပြီး အဲဒီအဖွဲ့ဟာ အရပ်သားတွေကို မကြာခဏ ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ MFP ကိုပြောပါတယ်။

Zomi Revolutionary Army – Eastern Command (ZRA-EC) တပ်ဖွဲ့ဟာ တီးတိန်မြို့နယ်မှာ အခြေပြုလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်အုပ်စုနဲ့ ပူးပေါင်းကာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

ဇွန်လ ၁၄ ရက်နေ့က Zomi Revolutionary Army – Eastern Command (ZRA-EC) တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲကာ သေဒဏ်ပေးခံရသူ အရပ်သားတစ်ဦး/ ဓာတ်ပုံ-CJ

Related Articles

Back to top button