ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ဝက်လက်မှာ ၈မိုင် ၁ဖာလုံ အပြေးပြိုင်ပွဲ ကျင်းပ၊
ဒေါ်လာ/MFP၊ ဇွန် – ၁၈
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ၈မိုင် ၁ဖာလုံ မာရသွန် အပြေးပြုင်ပွဲ ကျင်းပကာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သတင်း ထုတ်ပြန်ပါတယ်။
ဇွန် ၁၈ရက် ဒီကနေ့ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ဝက်လက်မြို့နယ် မာရသွန် အပြေးပြိုင်ပွဲကို ဝက်လက်မြို့နယ် ကျေးရွာ ၃၀ က ပြိုင်ပွဲဝင် ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ လမ်းတလျှောက် ကျေးရွာတွေရှိ ပြည်သူတွေကလည်း ပြိုင်ပွဲ၀င်တွေကို စည်းကားစွာ အားပေး ဂုဏ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
“တရားမျှတမှု၊ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် လူထု၏ စည်းလုံးညီညွတ်မှုနှင့် ယခုအချိန် ရုန်းကန် တိုက်ပွဲ၀င်နိုင်စွမ်းကို ဖော်ထုတ်ပြသရန်အတွက် ဒေါ်အောင်ဆန်းစုကြည် (၈၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ၈မိုင် ၁ဖာလုံ မာရသွန်အပြေးပြိုင်ပွဲကို ၀က်လက်သပိတ်ကော်မတီမှ ဦးဆောင် ကျင်းပ ပြုလုပ်ခဲ့ပါသည်” လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဖော်ပြပါတယ်။
ဇွန် ၁၉ရက် မနက်ဖန် ကျရောက်မဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး နှင်းဆီ လှုပ်ရှားမှု ပြုလုပ်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် အာဏာသိမ်းစဉ် အချိန်ကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးကာ အမှုဆင်ထောင်ချထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက ဖမ်းဆီးထားစဉ်အတွင်း သတ်ဖြတ်၊ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ သားဖြစ်သူ အပါအဝင် ပြည်သူအများအပြားက တောင်းဆိုတဲ့ Proof of life လှုပ်ရှားမှုကိုလည်း မြန်မာနိုင်ငံသာမက ကမ္ဘာတဝန်း ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ – ဝက်လက်မြို့နယ် လူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ဝက်လက် #စစ်ကိုင်း #မာရသွန်



