စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ဆားလင်းကြီးမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ဆွမ်းလောင်းဆုတောင်းပွဲပြုလုပ်

သုထက်/MFP၊ဇွန်-၁၉

စစ်ကိုင်းတိုင်း ၊မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ ဇွန်လ (၁၉)ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ ပြည့်မွေးနေ့အဖြစ် စုပေါင်းဆွမ်းလောင်းပွဲနဲ့ ဆုတောင်းပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်သပိတ်ကော်မတီဝင်တစ်ဦးက MFP ကိုပြောပါတယ်။

အဲဒီဆွမ်းလောင်းပွဲကို ဆားလင်းကြီးမြို့နယ်သပိတ်ကော်မတီနဲ့ ပြည်သူလူထု ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ဒေသခံအယောက်(၄၀၀)ကျော်က ရှင်သာမ‌ဏေနဲ့ သံဃာတော်( ၂၂)ပါးကို တန်းဆွမ်းလောင်းလှူခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ဖို့ ဆုတောင်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ပြည်သူတွေရဲ့ ရင်ထဲက အမေစုကို ထုတ်ပစ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီကို ပြည်သူတွေရင်ထဲ အမေရှိနေသေးတယ်ဆိုတာကို ပြသဖို့ ရည်ရွယ်ပြီး လုပ်ခဲ့တာ”လို့ ဆားလင်းကြီးမြို့နယ် သပိတ်ကော်မတီဝင်တစ်ဦးက MFPကို ပြောပါတယ်။

ဆွမ်းလောင်းဖို့ လာကြတဲ့ ပြည်သူတွေဟာ နှင်းဆီပန်းနဲ့ စပယ်ပန်းတွေ ပန်ဆင် ကိုင်ဆောင်ကာ ပါဝင်ကုသိုလ်ပြု ဆုတောင်းပေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေ တရစပ်ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ မတိုင်မီကတည်းက နည်းလမ်းအမျိုးမျိုးနဲ့ ပိတ်ပင်တားဆီး ခြိမ်းခြောက်နေတဲ့ကြားက အခုလို မွေးနေ့ဖြစ်မြောက်အောင် အောင်အောင်မြင်မြင်လုပ်နိုင်တဲ့အတွက် ပီတိဖြစ်ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်းက ကြားကာလ စာသင်ကျောင်းတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ သစ်ပင်စိုက်တာတွေ၊မွေးနေ့ကိတ်ခွဲပြီး ဆုတောင်းတာတွေ လုပ်ခဲ့ကြသလို ကျောင်းသားလူငယ်တွေကလည်း ပန်းတွေဆင်မြန်းယူဆောင်သွားတာတွေလုပ်ပြီး ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ သပိတ်ဦးဆောင်သူများက ပြည်သူတွေနဲ့အပြင် ကျောင်းသား ကျောင်းသူတွေနှင့်ပါ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ကျောင်းသားကျောင်းသူတွေကို အမေစုရဲ့ အကြောင်းတွေမျှဝေခဲ့တယ်”လို့ ဆိုပါတယ်။

ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး နှင်းဆီလှုပ်ရှားမှုကို ပြည်တွင်းပြည်ပက ပြည်သူတွေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

နှင်းဆီလှုပ်ရှားမှုအဖြစ် ပြည်သူလူထုဟာ နှင်းဆီပန်း (ဒါမှမဟုတ်) ရရှိနိုင်တဲ့ တခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာ၊ အပြန်အလှန် ဝေငှတာတွေ ပြုလုပ်တာတွေအပြင် မိမိတို့ ပန်ဆင်/ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံတွေကို Social Media မှာ တင်ပြီး အွန်လိုင်းလှုပ်ရှားမှုတစ်ခုအနေနဲ့ ပါဝင်နေကြတာလည်းဖြစ်ပါတယ်၊။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် အာဏာသိမ်းစဉ် အချိန်ကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးကာ အမှုဆင်ထောင်ချထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဖမ်းဆီးထားစဉ်အတွင်း သတ်ဖြတ်၊ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြဖို့ သားဖြစ်သူ အပါအဝင် ပြည်သူအများအပြားက တောင်းဆိုတဲ့ Proof of life လှုပ်ရှားမှုကိုလည်း မြန်မာနိုင်ငံသာမက ကမ္ဘာတဝန်း ပြုလုပ်နေကြပါတယ်။

ဇွန်လ ၁၉ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆားလင်းကြီးမြို့နယ်အတွင်း စုပေါင်းဆွမ်းလောင်းပွဲနဲ့ ဆုတောင်းပွဲ ကျင်းပနေစဉ်/ဓာတ်ပုံ-CJ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

Mandalay_Free_Press_MFP

အညာ #ဆားလင်းကြီး #စစ်ကိုင်း #စုပေါင်းဆွမ်းလောင်း

Related Articles

Back to top button