စစ်ကိုင်းသတင်း

စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင် ဖမ်းဆီးခံရပြီး တစ်ပတ်ကြာသည့်တိုင် အဆက်အသွယ်ပြတ်တောက်နေ

Phoenix /MFP ၊ ဇွန် – ၂၂

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု(SRA)အဖွဲ့ဝင် စစ်ကိုင်းPDFအဖွဲ့ရဲ့ ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်ဟာ ရဲဘော်သုံးဦးနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင်တာဝန်ရှိသူတွေရဲ့ ခေါ်ဆောင်ခြင်းကိုခံရပြီးနောက်ပိုင်း လက်ရှိအချိန်အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ကာယကံရှင်အသိုင်းအဝိုင်းက MFP ကို ပြောပါတယ်။

ရဲဘော် စစ်ငြိမ်းနိုင် နဲ့ ရဲဘော် ပေါက်စ၊ ရဲဘော် အားကျူး၊ ရဲဘော်ကျော်လေးတို့လေးဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ကသာခရိုင်ကွပ်ကဲရေးမှူးရဲ့ ဖိတ်ခေါ်အချက်အရ ခရီးထွက်ခွာသွားပြီးနောက်ပိုင်း ဒီကနေ့အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“ရဲဘော်စစ်ငြိမ်းနိုင်က အစည်းအဝေး တက်စရာရှိလို့ဆိုပြီး ဒီကနေ အညာဘက်ကို ဆင်းသွားတယ်။ သူဆင်းသွားတဲ့အချိန် ကျနော့ကို message ချန်ထားခဲ့တယ်။ အခုနောက်ဆုံး ဖမ်းလိုက်တယ်လို့ သတင်းကြားတယ်။ အဆက်သွယ်မရတော့ဘူး။ သူတို့ရဲ့ တပ်ထဲက တာဝန်ရှိတဲ့ လူတွေကိုမေးကြည့်တော့လည်း ဟုတ်တယ်၊ ကျနော်တို့လည်း အဆက်သွယ်မရသေးဘူး။ သူတို့အဖွဲ့ကလူတွေလည်း အဆက်အသွယ်မရသေးဘူး။ အဖမ်းခံရတယ်လို့ပဲ သိရပါတယ်။ ဘာကြောင့်ဖမ်းလဲ မသိရသေးပါဘူး” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အခြေအနေသိရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ဝန်ကြီးဌာန(MOD) ကို MFP က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

အရှေ့မှာလည်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NLA)၊ ကျောင်းသားတော်လှန်ရေးတပ်တော်(SRA) တို့တုန်းကလည်း အလားတူဖြစ်စဉ်မျိုး ရှိခဲ့ဖူးတဲ့အတွက် အခုတစ်ခေါက်ဖြစ်စဉ်အပေါ်မှာလည်း စိုးရိမ်မှုရှိတယ်လို့ ရဲဘော်စစ်ငြိမ်းနိုင်ရဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

“ဖြစ်နိုင်ချေရှိတာက ဟိုအရင်တုန်းကလို NLA က ကိုဇီးကွက်တို့လိုပဲ SRF က ရဲဘော်စံတင်ထွန်းတို့လိုပဲ COC အောက်ကိုမဝင်လို့ အခုလိုဖမ်းတယ်၊ အကြပ်ကိုင်တယ်လို့ ကျနော်ယူဆပါတယ်။ တခြားနည်းနဲ့ လုပ်လည်းရပါတယ်။ ဒီလို ဖမ်းတယ်၊ အကြပ်ကိုင်တယ်ဆိုတာက နည်းနည်းတော့လွဲနေတယ်လို့တော့ ယူဆတယ်။” လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက SRA တပ်ဖွဲ့ဝင် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ထိပ်ပိုင်းတာဝန်ရှိသူတွေကို အမှတ် (၁) စစ်ဒေသက ဖမ်းဆီးခဲ့သလို၊ မေလတုန်းကလည်း စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) အဖွဲ့ခေါင်းဆောင် ကိုစံတင်ထွန်းအပါအဝင် တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ NUG လက်အောက်ခံအဖြစ် ရပ်တည်ဖို့ သဘောတူညီတယ်ဆိုတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

အခုလို ကွပ်ကဲမှုအောက်မှာမရှိတဲ့ ဒေသခံ Local PDF အဖွဲ့တွေကို ဖမ်းဆီးပြီး MOD အောက် ဝင်ဖို့ ဖိအားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ဝေဖန်ကန့်ကွက်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

စစ်ကိုင်း PDF အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး NUG တပ်တွေနဲ့အတူ မိုးကုတ်စစ်ဒေသကစလို့ စစ်ရေးအရ ပူးတွဲလှုပ်ရှားခဲ့သလို “၁၀၂၇ စစ်ဆင်ရေး” အတွင်းမှာလည်း မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုစစ်ငြိမ်းနိုင်/ ဓာတ်ပုံ – ကိုစစ်ငြိမ်းနိုင် ဖေ့ဘွတ်စာမျက်နှာ

MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်းPDF #ရဲဘော်စစ်ငြိမ်းနိုင်

Related Articles

Back to top button