စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာ ချောင်းဦးနယ် တိုက်ပွဲ စစ်အုပ်စု ၂၀ ကျော်သေ၊ သုံ့ပန်းတချို့ ဖမ်းမိကာ လက်နက် ၁၆ လက်ရ၊

စစ်ကိုင်းတိုင်း တစ်လကျော်ကြာ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၃၀ ကျော် သေတယ်လို့ PDF စစ်ရုံးချုပ် ထုတ်ပြန်၊

ဒေါ်လာ/MFP၊ ဇွန် – ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုကို ဇွန် ၂ရက်က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၂၃ ယောက် သေပြီး နှစ်ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိကာ လက်နက် ၁၆ လက် သိမ်းဆည်း ရရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က သတင်း ထုတ်ပြန်ပါတယ်။

ဇွန် ၂ရက်က မုံရွာ – မန္တလေး ကားလမ်းပေါ်ရှိ ချောင်းဦးနယ်၊ ငါးယှန်ကျေးရွာက ထွက်လာပြီး ချောင်းဦး – ပခုက္ကူ ကားလမ်းအတိုင်း လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ ဖောက်ထွင်း လုယက်၊ မီးရှို့နေတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စုကို ဆင်မြေနဲ့ မှန်ချိုရွာကြားမှာ ဒေသခံ တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းမြို့ တပ်မ ၃၃ ခေါ် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ) ၇၆၊ ခြေမြန်တပ်ရင်း (ခမရ) ၁၃၊ ရဲတပ်ရင်း ၁၆ နဲ့ ပျူစောထီးတွေ စုပေါင်းထားတဲ့ အဲ့ဒီ စစ်အုပ်စုကို PDF မုံရွာခရိုင် စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ မုံရွာခရိုင် PDF ပေါင်းစည်းတပ်ရင်းတွေ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ)၊ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပ.လ.ဖ) တို့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

မှန်ချိုရွာကနေ ဆင်မြေရွာဘက် ကူးတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုရဲ့ ရှေ့ပြေးတပ်စု အထိနာ အသေများလို့ မှန်ချိုရွာတွင်း ပြန်ဝင်ပြေးသွားပြီး တော်လှန်ရေးတပ်တွေက မှန်ချိုရွာအတွင်းထိ လိုက်လံ တိုက်ခိုက် သုတ်သင်ရာ စစ်အုပ်စုက ပြည်သူပိုင်ကားတွေကို ချောဆွဲပြီး ချောင်းဦးမြို့အထိ ပြန်ဆုတ်ပြေးတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်အုပ်စု ၂၃ ယောက် သေကာ ကိုးယောက် ဒဏ်ရာရပြီး သုံ့ပန်း နှစ်ယောက် ဖမ်းမိသလို လက်နက် ၁၆ လက် သိမ်းဆည်း ရရှိတယ်လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ပွဲဖြစ်ပြီးနောက် အာဏာသိမ်း စစ်အုပ်စုက ဇွန် ၉ရက်ကနေ ၁၂ရက်အထိ မှန်ချို၊ ဆင်မြေနဲ့ ငါးလုံးတင် ကျေးရွာတွေကို လေးရက်ဆက် စီးနင်းကာ ပြည်သူ အနည်းဆုံး သုံးဦးကို သတ်ဖြတ်ခဲ့သလို တန်ဘိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်း ခိုးယူပြီးနောက် နေအိမ်တွေ မီးရှို့ဖျက်ဆီးရာ သုံးရွာပေါင်း အိမ်ခြေ ၂၃၀ ကျော် ပြာကျပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်အုပ်စုဟာ ဆင်မြေကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေ ကိုးကွယ်တဲ့ ရှေးဟောင်းနှီးဘုရား ရုပ်ပွားတော်ကြီး အပါအဝင် ဘုန်းကြီးကျောင်းနဲ့ သာသနိက အဆောက်အအုံတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မှန်ချို၊ ဆင်မြေနဲ့ ငါးလုံးတင် ရွာတွေကို မီးမရှို့ခင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် တန်ဘိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်း ခိုးယူပြီးနောက် စစ်ကားတွေနဲ့ တင်ကာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ ချောင်းဦးမြို့ဆီ ခိုးယူသယ်ထုတ်ပြီးမှ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

PDF စစ်ကိုင်းတိုင်းစစ်ဌာန အနေနဲ့ ချောင်းဦးနယ် အထက်ပါ တိုက်ပွဲသာမက စစ်ကိုင်းတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ စစ်ဆင်ရေးနယ်မြေအသီးသီးမှာ မေလနဲ့ ဇွန်လ တတိယပတ်အတွင်း ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၃၃ ယောက် သေကာ ၁၇ ယောက် ထိခိုက် ဒဏ်ရာရပြီး စစ်သုံ့ပန်း နှစ်ဦး ဖမ်းမိတယ်လို့ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

PDF တပ်မတော် အနေနဲ့ တိုင်းစစ်ဌာနများအလိုက် စစ်ဆင်ရေးတွေကို စနစ်တကျ ကွပ်ကဲ ဖော်ဆောင် နေတယ် လို့လည်း ဆိုပါတယ်။

ချောင်းဦးနယ် ဆင်မြေရွာအနီး တိုက်ပွဲအတွင်း သိမ်းဆည်း ရရှိတဲ့ စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ/Photo – PDF စစ်ရုံးချုပ်၊ ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #PDF #စစ်ကိုင်း #မုံရွာချောင်းဦး

Related Articles

Back to top button