စစ်ကိုင်းသတင်း

အရာတော်နယ်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ ဦးကျဆုံး၊သေဆုံးစစ်အုပ်စုဝင်တွေရဲ့ လက်နက်တွေ သွားကောက်ချိန်မှာ ပစ်ခတ်ခံရတာဖြစ်

MN/MFP ၊ ဇွန် – ၂၅

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် (၁၀)ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇွန်လ ၂၄ ရက် မနေ့က မနက်ပိုင်းမှာ အရာတော်နယ်အရှေ့ခြမ်းရှိ ငွေတွင်းရွာပျူစခန်းကနေ အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်ဆီကို ထွက်လာတဲ့ စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ အခုလိုကျဆုံးခဲ့တာလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“မနေ့က တိုက်ပွဲဖြစ်တာကတော့ ငွေတွင်း(ပျူရွာ)ကနေပြီး အရာတော်မြို့ပေါ်က လေ့ကျင့်ရေး (၁၀)ဘက်ကို လာတဲ့ စခ(စစ်အုပ်စု)တွေကို ကြားကနေဖြတ်တိုက်တာ။ အဲဒီလို တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ စခတ(၁၀)ကနေ သွားကူတဲ့အဖွဲ့နဲ့ ရဲဘော်တွေနဲ့ ထိပ်တိုက်တွေ့တာ။ အဲဒီလို သွားကူတဲ့အဖွဲ့ကနေ ကြားဖြတ်တိုက်ခိုက်နေတဲ့ ရဲဘော်တွေကို နောက်ကနေ ဝင်သိပ်သွားတာပေါ့ဗျာ။ ရှင်းရှင်းပြောရရင်”လို့ သူကဆိုပါတယ်။

တော်လှန်ရေးရဲဘော်တွေဟာ တိုက်ပွဲအတွင်း မျက်မြင်သေဆုံးသွားတဲ့ စစ်အုပ်စုဝင်တချို့ရဲ့ လက်နက်တွေ သွားယူချိန်မှာ စစ်ကူတွေရောက်လာပြီး နောက်ကနေ အပစ်ခံလိုက်ရတာဖြစ်တယ်လို့ သူကဆက်ရှင်းပြပါတယ်။

“မနေ့ကတိုက်ပွဲမှာဆိုရင် သူတို့(စစ်အုပ်စု)ဘက်က ခုနစ်ယောက်ကျသွားတာကိုမျက်မြင်တွေ့လို့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေက လက်နက်တွေ သွားကောက်တယ်။ အဲဒီလို သွားကောက်တဲ့အချိန်မှာ နောက်ကနေ စစ်ကူရောက်လာတဲ့ အဖွဲ့(စစ်အုပ်စု)ကပစ်လို့ ရဲဘော်တွေက ပေးဆပ်(ကျဆုံး)လိုက်ရတာ”လို့ဆိုပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်ကလည်း ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အ‌လောင်းတွေကို စစ်အုပ်စုက ပြန်သယ်သွားပြီလို့လည်း ပြောပါတယ်။

“ငွေတွင်းရွာကနေထွက်လာတဲ့ စခ(စစ်အုပ်စု)တွေကတော့ သူတို့ဘက်ကလည်း ကျတာတွေရှိတာပေါ့။ အဲဒီလို သူတို့ဘက်ကကျသွားတဲ့ အလောင်းတွေကတော့ သူတို့(စစ်အုပ်စု)ပြန်ကောက်သွားတယ်။” လို့ အဆိုပါရဲဘော်က ပြောပါတယ်။

လက်ရှိမှာတော့ ငွေတွင်းရွာ ပျူစခန်းကနေထွက်လာတဲ့ စစ်အုပ်စုတွေဟာ အရာတော်မြို့ပေါ်က အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်စခန်းထဲကို မနေ့ကတည်းက ပြန်လည်ဝင်ရောက်သွားပြီလို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်ကလည်း ရန်သူ့ရုပ်အလောင်း ၁၀လောင်း၊ လက်နက်မျိုးစုံ သုံးလက်၊ လက်လုပ် လက်ပစ်ဗုံး ၁၉ လုံး၊ လက်လုပ်မိုင်း ကိုးလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဝါဒဖြန့် ဖော်ပြထားပါတယ်။

အရာတော်မြို့နယ်မှာ တိုက်ပွဲ​တွေဖြစ်ပွား​နေတာ နှစ်လ​ကျော်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်အုပ်စု ပျူစခန်းကျေးရွာတွေဖြစ်တဲ့ ငွေတွင်း၊ ဆိပ်ဖူးကြီး၊ စပါးတွင်း၊ သလဲဘာ စတဲ့ စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က အထိနာအသေများခဲ့သလို မြေပြင်စစ်ကူမပို့နိုင်တဲ့ စစ်အုပ်စုက လေကြောင်းကနေ အကြိမ် ၁၀၀ ကျော် ဗုံးကြဲပစ်ကူပေးခဲ့ပါသေးတယ်။

အဲဒီလို လေကြောင်းရန်ကြောင့် စစ်အုပ်စုပျူစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်အုပ်စုဆီကနေ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိတာ၊ သုံပန်းအချို့ဖမ်းမိတာနဲ့ အလင်းဝင်လာသူတွေပါရှိခဲ့ပြီး လက်ရှိမှာ အလင်းဝင်လာသူတွေနဲ့ ဖမ်းဆီးရမိထားသူတွေကို ကောင်းမွန်စွာ စောင့်ရှောက်ပေးထားတယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တွေက MFPကို ပြောပြထားပါတယ်။

အရာတော်မြို့နယ်ထဲမှာ စစ်အုပ်စုရဲ့ အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ အမှတ် (၃၆၉) အမြောက်တပ်ရင်းတို့ အခြေစိုက်ထားသလို စစ်အုပ်စုလက်အောက်ခံ ပျူစခန်းတွေဖြစ်တဲ့ ငွေတွင်း၊ ဆိပ်ဖူးကြီး၊ စပါးတွင်း၊ သလဲဘာစတဲ့ ကျေးရွာတွေက ပျူတွေနဲ့ စစ်အုပ်စုတို့ ပူးပေါင်းပြီး ဒေသတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းလုယက်မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းကနေပါ မကြာခဏ ဗုံးကြဲသတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

ဇွန်လ ၂၄ ရက်နေ့က အရာတော်နယ်တိုက်ပွဲတွင်း သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်အုပ်စုထုတ်ပြန်ထားတဲ့ လက်နက်တွေ/ ဓာတ်ပုံ-စစ်အုပ်စု

Related Articles

Back to top button