စစ်ကိုင်းသတင်း

ချောင်းဦးတိုက်ပွဲအတွင်း စစ်အုပ်စုဝင် ၄၀ကျော်သေပြီး သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းဆည်းရရှိ

MN/MFP ၊ ဇွန် – ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က အယောက် ၄၀ ကျော်သေဆုံးပြီး သုံ့ပန်းတွေနဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

စစ်အုပ်စုဟာ ချောင်းဦးမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို အင်အား ၂၀၀ ကျော်နဲ့ မေလ ၃၁ ရက်ကနေ ဇွန်လ ၁၂ ရက်အထိ စစ်ကြောင်းထိုးခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လို့ စစ်အုပ်စုတွေ နှစ်ကြိမ်တိုင် ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့လည်း နယ်မြေခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ပေါ်တာဆွဲပြီး စစ်သားသစ် စုဆောင်းထားတဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၃)နဲ့ (၄)က သင်တန်းဆင်းတွေ အပါအဝင် ရဲကွန်မန်ဒိုနဲ့ စုစုပေါင်း စစ်အုပ်စုဝင် ၄၀ ကျော် သေဆုံးခဲ့တာဖြစ်ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သလို သုံ့ပန်းအရှင် နှစ်ဦးနဲ့ လက်နက် ၁၆ လက်ကို ဖမ်းမိရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

“ဆင်မြေနဲ့ ငါးလုံးတင်ရွာကို (စစ်အုပ်စု) သုံးကြိမ် စစ်ကြောင်းထိုးတယ်။ နှစ်ကြိမ် အထိနာပြီးတော့ ဆုတ်ပြေးရတယ်။ သုံးကြိမ်ကျမှ ရတာ။ အရင်စစ်ကြောင်းထိုးတဲ့ နှစ်ကြိမ်မှာ သုံးတဲ့စစ်ကြောင်းက ဖွဲ့စည်းပုံပါပျက်လို့ တပ်အသစ်ချိန်းချိန်းပြီးမှ ထိုးရတာ။ တပ်အသစ်ပြန် change(ပြောင်း)တာကိုက နှစ်ခါရှိတယ်။ ဇွန် ၂ ရက်နေ့က တိုက်တာမှာ ၉ ရက်နေ့ကျမှ ဆင်မြေ(ရွာ)နဲ့ ငါးလုံးတင်ရွာကို သူတို့(စစ်အုပ်စု)ရတယ်။ စစ်ဆင်ရေးတလျှောက်လုံးမှာ စကစ စစ်ကြောင်းက အသေက ၄၀ ကျော်နဲ့ ဒဏ်ရာရက ၃၀ ကျော်ရှိတယ်”လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မေလ ၃၁ရက်နေ့က စတင်ကာ ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၂ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်းမှာ ခဲယမ်းလိုအပ်ချက်တချို့ ရှိခဲ့ပေမဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုစည်းညီညွတ်မှုကြောင့် အောင်မြင်မှုတွေ ရခဲ့တာဖြစ်တယ်လို့လည်း တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

“ကျွန်တော်တို့ တိုက်ပွဲစခဲ့တာကတော့ ဇွန် ၂ ရက်နေ့ပေါ့။ ဒီတိုက်ပွဲက ခရိုင်စစ်ဌာနရဲ့စီစဉ်ညွှန်ကြားမှုနဲ့ လုပ်ဆောင်ခဲ့တာဆိုတော့ ဘာမှသိပ်ပြီးတော့ ခက်ခဲတာမျိုးတော့ မရှိခဲ့ဘူး။ ဒါပေမဲ့ တိုက်ပွဲအတွင်းမှာ တောက်လျှောက် ကျည်ကို ထောက်ပံ့မှုမပေးနိုင်တာကြောင့် ကျွန်တော်တို့အနေနဲ့ အခက်တွေ့ခဲ့တယ်။ ခရိုင်ဘက်ကလည်း ချပေးသလောက်တော့ ချပေးပါတယ်။ ဒါပေမဲ့လည်း သူတို့အနေနဲ့ ကျည်ကို လုံလုံလောက်လောက်နဲ့ ချမပေးနိုင်တဲ့ အခက်ခဲလည်းရှိမှာပေါ့။ ဒီတိုက်ပွဲမှာ အောင်မြင်မှုကတော့ မိဘပြည်သူတွေရဲ့ အားပေးယုံကြည်မှုတွေနဲ့ ထောက်ပံ့ပေးမှုတွေလည်းပါတာပေါ့”လို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်က ပြောပါတယ်။

‌ချောင်းဦးတိုက်ပွဲအတွင်း စစ်အုပ်စုဝင် အယောက် ၄၀ ကျော် သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း ရဲဘော် ရှစ်ဦး ကျဆုံးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ချောင်းဦးနယ်တိုက်ပွဲတွေအတွင်းမှာ အထိနာတဲ့ စစ်အုပ်စုဟာ အသေခံဒရုန်းတွေ အပါအဝင် ဂျက်ဖိုက်တာ၊ ဂျိုင်ရိုကော်ပတာ၊ စက်တပ်လေထီး ပါရာမိုတာတွေနဲ့လည်း လေကြောင်းကနေ ဗုံးကြဲပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

ချောင်းဦးမြို့နယ်ထဲကို စစ်အုပ်စု တပ်မ (၃၃) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ (ခလရ-၇၆)၊ (ခမရ -၁၃)၊ ရဲတပ်ဖွဲ့- ၁၆၊ ပြည်သူစစ်တွေနဲ့ ပူးပေါင်းထားတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ချောင်းဦး-ပခုက္ကူ လမ်းပိုင်းပေါ်ရှိ မှန်ချိုကျေးရွာကနေတဆင့် ဆင်မြေရွာဘက်ကိုထွက်ခွာလာချိန်မှာ မုံရွာခရိုင် ပေါင်းစည်းတပ်ရင်းတွေနဲ့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တို့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF စစ်ရုံးချုပ်က ဇွန် ၂၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ချောင်းဦးနယ်တိုက်ပွဲအတွင်းမှာ အထိနာခဲ့တဲ့ စစ်အုပ်စုဟာ ဆင်မြေရွာကို ဇွန်လ ၉ ရက်ကနေ ၁၂ ရက်ထိ စီးနင်းလုယက်မီးရှို့ချိန်မှာတော့ အသက် ၆၀ ဝန်းကျင်အရွယ် လေဖြတ်နေတဲ့ အမျိုးသားတစ်ဦးကို နေအိမ်ထဲထည့် မီးရှို့သတ်ဖြတ်ခဲ့သလို ငါးလုံးတင်ရွာနဲ့ ရွာတော်လေးကျေးရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသား နှစ်ဦးကိုလည်း ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ကာ မီးရှို့သတ်ဖြတ် သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်အုပ်စု စစ်ကြောင်းကြောင့် ဆင်မြေရွာက ရှေးဟောင်းနှီးဘုရားလို့ လူသိများထင်ရှားတဲ့ မဟာလာဘမုနိ ချမ်းသာကြီး ရုပ်ပွားတော်မြတ်ကြီးအပါအဝင် သာသနိက အဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့သလို ဆင်မြေရွာထဲက အိမ်ခြေ ၂၀၀ ကျော်၊ ငါးလုံးတင်ရွာက အိမ်ခြေ ၂၇ လုံး၊ မှန်ချိုရွာက အိမ်ခြေ ၂၈ လုံး စုစုပေါင်း အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပြာကျသွားခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ ဒေသခံပြည်သူအများစုဟာ ကျေးရွာအတွင်း ဝင်ရောက်နေထိုင်နေကြပြီ ဖြစ်ပေမဲ့ စစ်အုပ်စုက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် မီးဘေးသင့် ပြည်သူအများစုဟာ စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်နေကြရပြီး စားနပ်ရိက္ခာ၊ဆေးဝါး အပါအဝင် ပြန်လည်ထူထောင်ရေးပစ္စည်းတွေနဲ့ ငွေကြေးအကူညီတွေ လိုအပ်နေတယ်လို့ မီးဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ပေးနေသူတွေက ပြောဆိုထားပါတယ်။

ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ ချောင်းဦးနယ်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်တွေနဲ့ တော်လှန်ရေးရဲဘော်တွေ/ ဓာတ်ပုံ- မုံရွာခရိုင်-လျှပ်စီးတပ်ခွဲ

Related Articles

Back to top button