
ဒေါ်လာ/MFP၊ ဇွန် – ၂၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို အာဏာသိမ်း စစ်အုပ်စုက မနေ့က ညပိုင်း လူအိပ်ချိန်မှာ ဘက်ဟိုးနဲ့ ထိုးချဖျက်ဆီးကာ ဖယ်ရှားလိုက်တယ်လို့ သတင်းရရှိပါတယ်။
ဇွန် ၂၈ရက် ညသန်းခေါင် ၁၂နာရီခွဲလောက်မှာ ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မြို့မရဲစခန်းရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား ရေဦးမြို့နယ် စစ်အုပ်စုရဲ့ စည်ပင်သာယာအဖွဲ့က ဦးဆောင်ကာ ဘတ်ဟိုးတစ်စီးနဲ့ ဖြိုချဖျက်ဆီးတာလို့ ပင်မ သတင်းဌာန (ရွှေဘိုခရိုင်) က ဖော်ပြပါတယ်။

အများပြည်သူ ထည့်ဝင်ပါဝင်မှုနဲ့ တည်ဆောက်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်တုကို အာဏာသိမ်း စစ်အုပ်စုက မနေ့ကညပိုင်း ဖျက်ဆီးသွားတယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဌ ဦးမြင့်ထွေးကလည်း ဆိုပါတယ်။
ရေဦးမြို့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား ၂၀၁၈ ဇွန်လမှာ စိုက်ထူဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွေကို မကြာခဏ ဖျက်ဆီးနေတာ ဖြစ်ပြီး ယခု ဇွန်လအတွင်းမှာ ဗိုလ်ချုပ်ရုပ်တု နှစ်ခုကို ဖျက်ဆီးခဲ့သလို အာဏာသိမ်းကာလအတွင်း ဗိုလ်ချုပ်ရုပ်တု ခြောက်ခုထက်မနည်း ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
ယခု ဇွန်လ ၉ရက်က ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို အာဏာသိမ်း စစ်အုပ်စုက ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ဇူလိုင်လက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဗိုလ်ချုပ်ရုပ်တု၊ ၂၀၂၅ ဩဂုတ်လမှာ ပဲခူးမြို့ရှိ ဗိုလ်ချုပ်ရုပ်တု၊ ၂၀၂၅ နိုဝင်ဘာက ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ဗိုလ်ချုပ်ရုပ်တုနဲ့ ၂၀၂၄ အောက်တိုဘာက မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗိုလ်ချုပ်ရုပ်တုတွေကိုလည်း အာဏာသိမ်း စစ်အုပ်စုက ဖျက်ဆီးခဲ့ပါတယ်။


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို စစ်အုပ်စုက မဖျက်ဆီးမီ တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ရေဦး #စစ်ကိုင်း #ဗိုလ်ချုပ်အောင်ဆန်းရုပ်တု



