စစ်ကိုင်းသတင်း

ကလေးဝ -မဟာမြိုင်လမ်းမှာ မိုးများပြီး လမ်းပျက်ကာ ကားအစီး ရာချီ ပိတ်မိနေ

ရွှေဥ/MFP၊ ဇွန်- ၂၉

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ပျဉ်းကိုင်းကျေးရွာအနီး ကလေးဝ -မဟာမြိုင်ကားလမ်းမှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် လမ်းပျက်စီးကာ ကားအစီး ရာချီ ပိတ်မိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

ပြီးတဲ့ရက်တွေအတွင်း သုံးရက်ဆက်တိုက် မိုးရွာသွန်းခဲ့တာကြောင့် ကုန်တင်ကားနဲ့ ခရီးသည်တင်ကား အစီးရေ (၁၅၀)ခန့်ဟာ ဗွက်နစ်ပြီး ရှေ့ဆက်သွားမရဘဲ ပိတ်မိနေတာကြောင့် ကားတွေကို ထွန်စက်တွေနဲ့ ဆွဲယူနေရတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။

“ဒီလမ်းက ရှင်းရှင်းပြောရရင် နွေရာသီ ရေသန့်ဗူး အဖုံးပွင့် ဖိတ်ကျရင်တောင် နွံက နစ်နေတဲ့လမ်းဗျ ၊နွေခေါင်ခေါင်တောင် အဲ့ဒီနေရာက နစ်တယ်။အခုမိုးတွေဆက်တိုက်ရွာတော့ ဘယ်လိုမှ သွားမရဘူး ။စက်နဲ့ ဆွဲယူနေရတယ်”လို့ သူကဆိုပါတယ်။

ဒီလိုထွန်စက်နဲ့ ဆွဲယူရာမှာ ကားအကြီးအသေးအပေါ် မူတည်ပြီး ငွေကျပ် တစ်သိန်းကနေ ခုနှစ်သိန်းကြား ပေးနေရတယ်လို့ ကလေးမြို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

“ထွန်စက်က သုံးစီးပဲရှိတယ်။ တခြားထွန်စက်တွေက ငှားလို့မရဘူး ။ဌားခွင့်လဲ မရှိဘူး ၊သူတို့သုံးစီးနဲ့ပဲ ဆွဲခိုင်းထားတာလို့ သိရတယ်။လမ်းကောင်းမှာစိုးလို့ ထွန်စက်သမားတွေက အဲ့ဒီနေရာ ရေလောင်းထားတယ်လို့ တောင်ရီစရာပြောကြတယ်။ပေးရတာလဲ အင့်ကနဲ ပေးရတာကိုး ” လို့ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလလယ်က စတင်ကာ မုံရွာမြို့ပေါ်ကနေ မုံရွာ-ယာကြီး-မင်းကင်း-ကလေးဝ လမ်းအတိုင်း မင်းကင်းမြို့နယ်ထဲကို စစ်အုပ်စုအင်အား ၂၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာနေပြီး လက်ရှိအချိန်မှာတော့ မင်းကင်းမြို့နယ်ထဲက ကျော်ရွာကျေးရွာအနီးမှာ တစ်ပတ်ကျော်ကြာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အဲဒီလို စစ်ကြောင်းထိုးလာချိန် တစ်လကျော်အတွင်းမှာ အဆိုပါ လမ်းပိုင်းပေါ်မှာရှိတဲ့ ကလေးဝမြို့အနီးက မြစ်သာ မြစ်ကူးတံတားကို စစ်အုပ်စုက ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေ လတ်တလော ရပ်တန့်နေတယ်လို့ မင်းကင်းမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

“မြစ်သာ မြစ်ကူးတံတားက ပိတ်ထားတာ တစ်လကျော်ကြာပြီ ၊ယာကြီးလမ်းမှာ တိုက်ပွဲတွေ မဖြစ်ကတည်းက ပိတ်ထားတာ ၊ကုန်စည်တွေ ပြတ်နေပြီ ၊ဆားတစ်ပိသာ လေးသောင်းရှိတယ်၊။ဝယ်လို့မရဘူး”လို့ မင်းကင်းနယ်ခံ တစ်ဦးကဆိုပါတယ်။

ဒါ့ကြောင့် ဒေသခံပြည်သူတွေဟာ ကလေးဝ-မဟာမြိုင်လမ်းကိုသာ အဓိက အားထားနေရပြီး လတ်တလော မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသူတွေကလည်း အခက်ကြုံနေ ကြရတာပါ။

အဲ့ဒီ မဟာမြိုင်လမ်းဟာ ကလေး၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက်၊ တမူး မြို့နယ်တွေကို ကုန်စည်စီးဆင်းနေတဲ့ အဓိကကျတဲ့ လမ်းမကြီးဖြစ်ပြီး စစ်အုပ်စုက ကလေး-ကလေးဝ-ယာကြီးလမ်း၊ ကလေး-ဂန့်‌ဂေါလမ်းတွေကို ပိတ်ထားတာ သုံးနှစ်ကျော် ရှိပြီဖြစ်တဲ့အတွက် မဟာမြိုင်လမ်းမကိုပဲ အဓိက အားထားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုံးရက်ဆက်တိုက် မိုးရွာသွန်းလို့ ကလေးဝ-မဟာမြိုင်လမ်း လမ်းပျက်ပြီး ပိတ်မိနေတဲ့ ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေကို ထွန်စက်တွေနဲ့ ဆွဲယူနေစဉ်/ ဓာတ်ပုံ-ဒေသခံ

Related Articles

Back to top button