စစ်ကိုင်းသတင်း

ယင်းမာပင် ပုလဲမှာ စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းပြီး ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူနေ၊

လက်တောင်းကြီးရွာကို ငါးကြိမ်မြောက် စီးနင်းဖောက်ထွင်းပြီး တန်ဘိုးရှိပစ္စည်းတွေ စစ်ကားသယ်၊

သုထက်/MFP၊ ဇွန် – ၃၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ နေအိမ်တွေ ဖောက်ထွင်းပြီးနောက် တန်ဘိုးရှိ ပစ္စည်းမှန်သမျှ စစ်ကားနဲ့တင်ကာ ခိုးယူ သယ်ထုတ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇွန် ၂၉ရက် မနက် ၉ နာရီအခချိန် ပုလဲမြို့ပေါ်က ထွက်လာတဲ့ စစ်အုပ်စုဟာ လက်တောင်းကြီး ကျေးရွာကို စီးနင်းပြီးနောက် နေအိမ်တွေ ဖောက်ထွင်းကာ ပြည်သူပိုင်ပစ္စည်း၊ တန်ဘိုးရှိ ပစ္စည်းမှန်သမျှကို ဖောကားသုံးစီးနဲ့တင်ပြီး သယ်ထုတ်သွားတယ်လို့ ဆိုပါတယ်။.

“ရတဲ့ဟာ အကုန်ခိုးတော့တာ။ ပုလဲက စစ်သားတွေက ဒီလအတွင်း လက်တောင်းကြီးက ပစ္စည်း သယ်တာ ငါးခေါက်ရှိပြီ၊ ပြည်သူတွေလည်း ရှောင်ရတိမ်းရနဲ့ အတော် ပင်ပန်းနေပြီ”လို့  ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ လက်တောင်းကြီးကျေးရွာကို မနက် ၁၀ နာရီလောက်ကနေ ညနေပိုင်းအထိ စိမ်ပြေနပြေ ဖောက်ထွင်းခိုးယူပြီးနောက် ညနေ ၅နာရီအချိန်မှာ ခိုးရာပါပစ္စည်းသယ် ကားတွေနဲ့အတူ ပုလဲမြို့ထဲ ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက စတင်ကာ ပုလဲနယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့၊ ဖောက်ထွင်းခိုးယူနေတာ ဖြစ်ပြီး လက်တောင်းကြီးရွာကတော့ သင်္ကြန်ကာလနောက်ပိုင်း ငါးကြိမ်မြောက် ဖောက်ထွင်းခိုးယူခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ပုလဲမြို့ပေါ်မှာ တချို့တဝက် နေရာယူထားသလို ပုလဲ – ယင်းမာပင် လမ်းပိုင်းပေါ်မှာရှိတဲ့ လည်ငေါက်ရွာမှာလည်း အထိုင်ချတပ်စွဲထားပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေ ဖောက်ထွင်းခိုးယူကာ စစ်အင်အား အချိန်းအပြောင်းလုပ်တိုင်း ခိုးရာပါ ပစ္စည်းတွေကို စစ်ကားနဲ့တင်ကာ သယ်ထုတ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ပုလဲမြို့ အနီးအနားရှိ အလည်ဘုံ၊ လက်တောင်းကြီး စတဲ့ ရွာတွေ အပါအဝင် သရက်ကန်၊ မန်ကျီး၊ လက်တောင်းငယ်၊ လည်ငေါက် စတဲ့ ကျေးရွာတွေက ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေကြရတာ သုံးလခန့် ကြာပြီဖြစ်ပါတယ်။

ယင်းမာပင် – ပုလဲ ကားလမ်းပေါ်က အချက်အခြာကျတဲ့ လည်ငေါက်ကျေးရွာကို ဧပြီလအတွင်း စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးမှုနဲ့ လက်တောင်းကြီးရွာ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ယင်းမာပင် #ပုလဲလက်တောင်းကြီး

Related Articles

Back to top button