PDF တပ်ရင်းမှူး ပစ်သတ်ခံရမှု ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး အပါအဝင် ခရိုင်စစ်ဌာန တာဝန်ရှိသူ အားလုံးကို တာဝန်ယာယီရပ်ဆိုင်းကာ လက်နက်ဖြုတ်သိမ်း၊

တိုင်းစစ်ဌာနက ခုံရုံးဖွဲ့ကာ စတင် စစ်ဆေးနေပြီလို့ PDF စစ်ရုံးချုပ် ထုတ်ပြန်၊
ဒေါ်လာ/MFP၊ ဇွန် – ၃၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းရဲ့ တပ်ရင်းမှူး ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး အပါအဝင် ခရိုင်စစ်ဌာန တာဝန်ရှိသူ အားလုံးကို တာဝန်ယာယီရပ်ဆိုင်းကာ လက်နက်ဖြုတ်သိမ်းထားပြီး အမှုအပေါ် လွှမ်းမိုးမှု မရှိစေရေး တိုင်းစစ်ဌာနကို ခေါ်ယူထားတယ်လို့ PDF စစ်ရုံးချုပ်က ဇွန် ၃၀ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။
ဇွန် ၂၆ရက် မွန်းလွဲပိုင်းအချိန် ယင်းမာပင်မြို့နယ်မှာ PDF ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဦးဆောင်တဲ့ ခရိုင်စစ်ဌာန တာဝန်ရှိသူတွေ အစည်းအဝေး ပြုလုပ်နေချိန် ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိ (PA) ရဲဘော် ငဖြိုးက ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်းရဲ့ တပ်ရင်းမှူး ဖြစ်သူ ရဲဘော် ပုလဲမောင် ကို ပစ္စတိုသေနတ်နဲ့ ပစ်ခတ်တာကြောင့် အခင်းဖြစ်နေရာမှာပဲ တပ်ရင်းမှူး ပုလဲမောင် ကျဆုံးခဲ့ပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်ရင်းမှူးကို သေနတ်နဲ့ ပတ်ခတ်ခဲ့တဲ့ ရဲဘော် ငဖြိုးကို ဇွန် ၂၆ရက်ကတည်းက လက်နက်ဖြုတ်သိမ်း၊ ဖမ်းဆီးကာ လက်ရှိမှာ ဗဟို စစ်အချုပ်ထောင်မှာ ပြောင်းရွှေ့ ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်သလို ဇွန် ၂၇ရက်ကတည်းက စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းကာ စုံစမ်း စစ်ဆေးရေး လုပ်ငန်းတွေ စတင် လုပ်ဆောင်နေပြီလို့ PDF စစ်ရုံးချုပ်က ဆိုပါတယ်။
“စုံစမ်းစစ်ဆေးရေး လုပ်ငန်းများအပေါ် ဒေသတွင်း ဩဇာလွှမ်းမိုးမှု ကင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး အပါအဝင် ယင်းမာပင်ခရိုင်စစ်ဌာန တာဝန်ရှိသူများအား တာဝန်မှ ယာယီ ရပ်ဆိုင်းခဲ့ပြီး စစ်ကိုင်းတိုင်း စစ်ဌာန ဌာနချုပ်သို့ တိုင်းစစ်ဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခေါ်ဆောင်ခဲ့ကာ လက်နက်ဖြုတ်သိမ်းခဲ့ပြီး ဖြစ်ပါသည်။ စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း ယင်းမာပင်ခရိုင် စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ ကွပ်ကဲမှုကွင်းဆက် မပြတ်တောက် စေရေးအတွက် စစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက် ကွပ်ကဲသွားမည်ဖြစ်ပါသည်” လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

ယင်းမာပင်ခရိုင် PDF တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ဟာ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကျပ်သိန်း ၅၀၀၀ နဲ့ ကြေးစားအဖြစ် ငှားရမ်းတာကြောင့် ရဲဘော် ငဖြိုးက အစည်းအဝေးမှာ ပစ်သတ်လိုက်တာလို့ ဗိုလ်စွမ်းသူမောင်နဲ့ ရဲဘော်ငဖြိုးတို့က အခင်းဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အစည်းအဝေးမှာ ပစ်သတ်ခံရလို့ ကျဆုံးသူ ယင်းမာပင်ခရိုင် တပ်ရင်း ၆ တပ်ရင်းမှူး ပုလဲမောင်ဟာ နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက တော်လှန်ရေး ရဲဘော်အဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး တပ်ရင်းတာဝန်ခံ အဖြစ် အလုပ်လုပ်ကိုင်ရာမှာလည်း တော်လှန်ရေးအတွက် အပြည့်အဝ အာရုံစိုက် လုပ်ကိုင်သူ ဖြစ်သလို သူ့စည်းဘောင်ထဲကနေ အလုပ်လုပ်တဲ့သူ ဖြစ်တယ်လို့ ကျဆုံးသူ PDF တပ်ရင်းမှူး ပုလဲမောင် နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဗိုလ်စွမ်းသူမောင်ကို လုပ်ကြံဖို့ သူ့ရဲ့ကိုယ်ရေးအရာရှိကို ကျပ်သိန်း ၅၀၀၀ နဲ့ ကြေးစားငှားတယ်ဆိုတဲ့ ပြောဆိုချက်ဟာ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်နိုင်တယ်လို့ ပုလဲမာင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
PDF အစည်းအဝေးမှာ တပ်ရင်းမှူး ပုလဲမောင် ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ PDF စစ်ရုံးချုပ် အနေနဲ့ အမှုမှန် ပေါ်ပေါက်ေရး ဆောင်ရွက်ဖို့နဲ့ ကျူးလွန်သူတွေကို စံပြအဖြစ် အရေးယူဖို့ PDF တပ်ရင်းတပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေး အင်အားစု အများအပြားက ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ဇွန် ၂၆ရက်က PDF ယင်းမာပင်ခရိုင် စစ်ဌာန အစည်းအဝေးမှာ ပစ်သတ်ခံရတဲ့ တပ်ရင်းမှူး ပုလဲမောင်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ယင်းမာပင် #ဗိုလ်စွမ်းပုလဲမောင်



