
မှူးအိန်ဂျယ်လ်/MFP၊ဇူလိုင် – ၁
စစ်အုပ်စုက မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ကျောက်လုပ်ငန်း လုပ်ကိုင်ခွင့်တွေ ရပ်နားခိုင်းထားပြီး ကျောက်လုပ်ကွက်တချို့မှာ စစ်သားတွေနဲ့ပါ အစောင့်ချကာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံတွေက MFPကို ပြောပါတယ်။
“ကျော်စတားလုပ်ကွက်မှာတော့ အဝင်မှာကို အစောင့်တွေ ဂိတ်ချထားတယ်” လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
ဧပြီလကုန်ပိုင်းကစတင်ကာ မိုးကုတ်အနောက်ဘက် ဝင်းထရံ၊ ကျော်စတား၊ ပင့်ကူတောင်စတဲ့ ကျောက်လုပ်ကွက်တွေကိုသာမက အရှေ့ဘက် ဂေါက်ကွင်းကျောက်တွင်းတွေကိုပါ ဆက်တိုက် ပိတ်သိမ်းခိုင်းခဲ့တာဖြစ်ပြီး “ကန့်သတ်နယ်မြေ မည်သူမှ မဝင်ရ” ဆိုတဲ့ ဆိုင်းဘုတ်တွေပါ ထောင်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။



နောက်ထပ် ဒေသခံတစ်ဦးကလည်း လက်ရှိအချိန်မှာ ကျောက်လုပ်ကွက်တွေကို စစ်တပ်ကပဲ လုံးဝ ထိန်းချုပ်ထားပြီး ဘယ်သူမှ ဝင်ခွင့်မရဘူးလို့ ဆိုပါတယ်။
“အဲ့နားကို မသွားရဲဘူး၊ တွင်းသားတွေတောင် မဝင်ရတော့ဘူး” လို့ နောက်ထပ် မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်းမှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံပိုင်တယ်လို့ ဒေသခံတွေအကြား ပြောဆိုနေကြတဲ့ ကျော်စတားကုမ္ပဏီက မိုးကုတ်က အဖိုးတန် ကျောက်မျက်လုပ်ကွက်တွေကို ထပ်ပြီး လက်ဝါးကြီးအုပ်လာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆို နေကြပါတယ်။
အကြောင်းကတော့ ဧပြီလလယ်အတွင်း မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံကိုယ်တိုင် မိုးကုတ်ကျောက်လုပ်ကွက်နေရာတွေကို လာရောက်ခဲ့ပြီးနောက် ကျောက်လုပ်ကွက်တွေ ရပ်နားဖို့ အမိန့်ထွက်လာပြီး အခုလို လုံခြုံရေးတင်းကြပ်လာတာလို့ ဆိုပါတယ်။
“ဟုတ်တယ်ဗျ။အောင်ပြည့်စုံ(မင်းအောင်လှိုင်ရဲ့သား)က အကုန်ဝင်လုပ်မယ်ထင်တယ်။ လုပ်ကွက်တိုင်းကို ဆိုင်းဘုတ်ထောင်ထားတာ ။ တပ်ပိုင်မြေ သဘောဆောင်တာပေါ့။ ”လို့ ကျောက်ကုန်သည်တစ်ဦးက ပြောပါတယ်။
ဧပြီလ မတိုင်မီကတော့ စစ်အုပ်စုဟာ သူတို့နဲ့ နီးစပ်သူတွေကို လုပ်ကိုင်ခွင့်တွေ ပေးခဲ့ပြီး နေရာအလိုက် တစ်တွင်းကို တစ်လ ငွေကျပ်သိန်း ၁၀၀ ကနေ ၃၀၀ ဝန်းကျင်အထိ တောင်းခံတာတွေရှိပြီး၊ တချို့ ကျောက်ကောင်းထွက်တဲ့ နေရာတွေမှာတော့ တစ်ရက်တည်းနဲ့ သိန်း ၁၀၀ ကျော်အထိ တောင်းတာတွေလည်း ရှိတယ်လို့ ကျောက်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ဧပြီ ၂၀ ရက် မနက်ပိုင်းမှာတော့ ဝင်းထရံ ကျောက်လုပ်ကွက်ကို စစ်အုပ်စုက သေနတ်ပစ်ဖောက်ကာ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ကျောက်လုပ်ကွက်တွေ အကုန်လုံး ရပ်နားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် ယခင်က ကျောက်လုပ်ခွင့်ရဖို့ သိန်းရာချီ ပေးဆောင်ထားတဲ့ လုပ်ငန်းရှင်တွေလည်း ငွေတွေဆုံးပြီး လုပ်ငန်းတွေ ရပ်နားခဲ့ရတယ်လို့ ကျောက်ကုန်သည် တစ်ဦးက ဆိုပါတယ်။
လက်ရှိမှာတော့ ကျောက်လုပ်ကွက်တွေ ရပ်နားထားတာကြောင့် ကျောက်မျက်စျေးကွက်အတွင်း စျေးနှုန်းတွေ နှစ်ဆနီးပါး မြင့်တက်နေတယ်လို့လည်း ကျောက်ကုန်သည်တွေက ပြောပါတယ်။
မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအဖြစ် ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ခဲ့ပြီး အဲဒီအချိန်တုန်းတော့ ကျောက်လုပ်ကွက်တွေကို TNLA က ထိန်းချုပ်ကာ လုပ်ကိုင်ခွင့်တွေ ချပေးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေက ပြောပါတယ်။
မိုးကုတ်မြို့ ကျောက်လုပ်ကွက်တချို့ကို မြင်ရစဉ် / ဓာတ်ပုံ-MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#မိုးကုတ် #ကျောက်လုပ်ကွက် #လုံခြုံရရေးတင်းကျပ်



