မကွေးသတင်း

ပေါက်နဲ့ မြိုင်နယ်မှာ စစ်အုပ်စု ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေ၊

ကြိုးတုပ်၊ မြေမြှုပ်ထားတဲ့ ပြည်သူလေးဦး အလောင်း တွေ့ရပြီး ရွာသုံးရွာ မီးရှို့ဖျက်ဆီးခံရ၊

လေကြောင်းကပါ ဗုံးပတ်ကြဲလို့ သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရ၊

‌အီသာရမ်/MFP၊ ဇူလိုင်-၁၆

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့မြိုင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက အင်အား ၁၀၀၀ လောက်အထိ သုံးကာ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေပြီး သုံးရက်အတွင်း ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီးကာ ဒေသခံပြည်သူ လေးဦးကိုလည်း ညှဉ်းပန်းသတ်ဖြတ်၊ မြေမြှုပ်စွန့်ပစ်ခဲ့တာ တွေ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇွန်လကတည်းက ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်ထဲက ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်အုပ်စုဟာ ပေါက်နဲ့မြိုင်နယ်အစပ် ရွာစဉ်ပတ်မွှေကာ ပြည်သူပိုင် ပစ္စည်းတွေ ဖောက်ထွင်းခိုးယူ၊ လုယက်နေတာ ဖြစ်ပြီး ဇူလိုင် ၁၂ရက်ကစလို့ လူသတ်၊ မီးရှို့တာတွေပါ ဆက်လက် ကျူးလွန်နေတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာကို ရက်၂၀ ကျော်ကြာ စီးနင်းအထိုင်ချ တပ်စွဲကာ ဒေသတွင်း ရွာစဉ်ပတ်မွှေ လုယက်ခိုးယူခဲ့ပြီးနောက် ဇူလိုင် ၁၂ရက်မှာ ရွာထဲက ပြန်ထွက်ချိန် ထောက်ရှာပင်ရွာကို မီးတင်ရှို့ဖျက်ဆီးခဲ့သလို ဇူလိုင် ၁၃နဲ့ ၁၄ရက်တွေမှာ မြိုင်နယ်ရှိ ကန်နက်နဲ့ လက်ခုတ်ပင်ကျေးရွာတွေကို ဆက်လက် မီးရှို့ခဲ့ပါတယ်။

ကန်နက်ကျေးရွာကို စစ်အုပ်စု လုယက်မီးရှို့ပြီး ပြန်ထွက်သွားချိန် ရွာခံတချို့ မီးလောင်ပြင်ကို ဝင်ရောက်ကြည့်ရှု့ရာ မြေမြှုပ်ထားတဲ့ အလောင်းတွေ အပါအဝင် ဒေသခံပြည်သူ လေးဦးကို သတ်ဖြတ်စွန့်ပစ်ခဲ့တာ တွေ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့သူတွေဟာ ကန်နက်၊ မြင်းကိုးသစ်နဲ့ကိုင်းတောမကျေးရွာတွေက ပြည်သူ အမျိုးသားလေးဦး ဖြစ်ပြီး အသက် ၆၀ ကျော်အရွယ် အဖိုးအိုတွေလည်း ပါဝင်ကာ စစ်အုပ်စု စစ်ကြောင်းဝင်ချိန် လွတ်အောင်မပြေးနိုင်လို့ ဖမ်းဆီးခံရပြီးနောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရတာ ဖြစ်မယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

“ကန်နက်က ပြည်သူတွေက မြင်းကိုးသစ်ရွာ မြောက်အစွန်းမှာ မြုပ်ခဲ့တာ၊ လက်ပြန်ကြိုး တုပ်တယ်၊ ဓားနဲ့ထိုးတယ်၊ လည်လှီးတယ်၊ ပြီးတော့ အဝတ်စလစ်တွေ၊ တစ်ယောက်က သတ်ခဲ့တဲ့ဓားပါ အတူတွဲပြီး မြုပ်ခဲ့တာ၊ မြင်းကိုးသစ်က အသက် ၆၀ ကျော် ပြည်သူတစ်ယောက်ရယ်၊ ကိုင်းတောမ ကျေးရွာက အသက် ၅၀ ကျော် အမျိုးအသား တစ်ယောက် ရုပ်အလောင်းတွေပါ ထပ်တွေ့တော့ စုစုပေါင်း အခုစစ်ကြောင်းက သတ်သွားတဲ့သူ လေးယောက် ရှိပါပြီ”

စစ်အုပ်စုဟာ ကန်နက်ကျေးရွာကို ဖောက်ထွင်းလုယက် မီးရှို့ချိန် ဖမ်းမိတဲ့ ပြည်သူတွေကို မြင်းကိုးသစ် ကျေးရွာဘက် ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ မြင်းကိုးသစ်ရွာအစွန်မှာ သတ်ဖြတ်စွန့်ပစ် မြေမြှုပ်ထားခဲ့တာ ဖြစ်ပြီး အလောင်းတွေမှာ လက်ပြန်ကြိုးတုပ်ထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ လူသတ်၊ လုယက်၊ မီးရှို့တဲ့ စစ်အုပ်စုဟာ အင်အား ၇၀၀ ခန့် ပါဝင်ပြီး ပခုက္ကူ တပ်မ ၁၀၁ ကတဆင့် တွင်းမရွာပျူစခန်း၊ အဲ့ဒီကတဆင့် ပေါက်နယ် ထောက်ရှာပင်ရွာထဲ ရက် ၂၀ ခန့် စီးနင်းကာ ဖောက်ထွင်းလုယက်၊ ခိုးယူမီးရှို့ပြီးနောက် ခိုးရာပါ ပစ္စည်းတွေနဲ့အတူ ပေါက်နဲ့မြိုင်နယ်အစပ်၊ မြိုင်နယ်ရှိ ကန်နက်၊ လက်ခုပ်ပင်စတဲ့ ကျေးရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာလို့ ဆိုပါတယ်။

စစ်အုပ်စု မီးရှို့လို့ ထောက်ရှာပင်ကျေးရွာမှာ အိမ်ခြေ ၄၀ ခန့်၊ ကန်နက်ကျေးရွာမှာ အိမ်ခြေ ၁၀ လုံးခန့်နဲ့ လက်ခုပ်ပင်ကျေးရွာအတွင်းရှိ နေအိမ်တွေ မီးလောင်ပြာကျပျက်စီးတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ထောက်ရှာပင်ကျေးရွာရှိ နေအိမ်တွေသာမက ကျေးရွာရဲ့ ထရန်စဖော်မာကိုပါ မီးရှို့ ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ကျေးရွာအတွင်း ဝင်ရောက် ရှင်းလင်းရာမှာ ပါဝင်တဲ့ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုးက MFP ကို ပြောပါတယ်။

“ခန့်မှန်းခြေ (အိမ်ခြေ) ၃၅ လုံးလောက်၊ ၄၀ ကျော်လောက်တော့ ရှိမယ်လို့ ထင်တယ်၊ မီးကတော့ (လျှပ်စစ်မီး) လွယ်လွယ် မရတော့ဘူးပေါ့နော်၊ ဘာလို့လဲဆိုတော့ ထရန်စဖာပုံးကိုလည်း မီးရှို့ခဲ့တယ်၊ နေအိမ်တွေဆိုလည်း အိမ်တိုင်းလိုလို ဖျက်ဆီးခဲ့ပါတယ်၊ မီးမရှို့တဲ့ အိမ်တွေဆိုလည်း ရစရာ မရှိအောင် ဖျက်ဆီးခဲ့တယ်၊ တစ်ရွားလုံးနီးပါးပဲ”

လက်ရှိမှာ စစ်အုပ်စုက မြိုင်နယ်ရှိ ကိုင်းတောမ၊ ဝါးရင်းချိုင်၊ အိုင်းမ စတဲ့ ကျေးရွာတွေဘက် ဆက်လက် စီးနင်းနေပြီး သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဇူလိုင် ၁၅ရက်က ကိုင်းတောမရွာနဲ့ အနီးတစ်ဝိုက်ကို စစ်အုပ်စု စီးနင်းချိန် လွတ်အောင်မပြေးနိုင်ဘဲ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ဇူလိုင် ၁၂ ရက်က ပေါက်နဲ့မြိုင်နယ်အစပ်ရှိ ပေပင်တိုက်ကျေးရွာ ဘုန်းကြီးကျောင်း တဝိုက်ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ရာ ရွာခံပြည်သူ လေးဦး ဒဏ်ရာရပြီး တစ်ဦးက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်မှာ စက်မှု-၂ စစ်အုပ်စု အထိုင်စခန်းမှာလည်း စစ်အုပ်စု ခန့်မှန်းအင်အား ၂၀၀ ခန့်ရှိနေပြီး အဲဒီ စစ်အုပ်စု ကလည်း စက်မှု ၂ထဲက ထွက်ကာ ပေါက်နယ်ကနေလာတဲ့ စစ်ကြောင်းကို လာကြိုတဲ့အနေနဲ့ ဒေသတွင်း စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့တာနဲ့ လေကြောင်း ဗုံးကြဲတာတွေကြောင့် ပေါက်မြို့နယ်ရှိ ကျေးရွာ ကိုးရွာနဲ့ မြိုင်မြို့နယ်ရှိ ကျေးရွာ ၁၅ ရွာ၊ စုစုပေါင်း ရွာ ၂၀​ ကျော်က ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ နှစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ပေါက်မြို့နယ် ထောက်ရှာပင်ရွာနဲ့ မြိုင်နယ် ကန်နက်ရွာတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ညှဉ်းပန်းသတ်ဖြတ် စွန့်ပစ်ခဲ့စဉ်/Photo – ပေါက် လူသားစာနာ၊ အညာမြေ အရပ်ဘက် အဖွဲ့အစည်း – မြိုင်၊ ချစ်သောအညာမြေ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ပေါက် #မြိုင်

Related Articles

Back to top button