
ချင်း – မကွေးအစပ် ယောဒေသမှာ တိုက်ပွဲတွေ ဖြစ်နေပြီး ဒေသခံကျေးရွာတွေ စစ်ရှောင်နေရ၊
လှိုင်း / MFP၊ ဇူလိုင် – ၁၈
ရခိုင်ပြည်နဲ့ ချင်းပြည်နယ်တောင်ပိုင်းရှိ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲ အထိနာ အသေများဖြစ်နေချိန် ကုန်သွယ်ရေးနဲ့ လမ်းပန်း ဆက်သွယ်ရေးတွေ ပိတ်ဆို့ဖြတ်တောက်နိုင်ဖို့ ကြိုးစားလာပြီး ချင်း – ရခိုင် – မကွေး လမ်းပိုင်းရှိ အချက်အခြာကျတဲ့ နေရာတွေမှာ အထိုင်ချ တပ်စွဲဖို့ ကြိုးစားလာတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇူလိုင် ၁၇ ရက် မနက်ပိုင်းမှာ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အခြေစိုက် အမြောက်တပ် (အမတ – ၃၆၈) ကနေ ထွက်လာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်အုပ်စုဟာ ကျောက်ထု – ပန်းဆန် – ရွှေအောင်သာ – ထီးလင်း လမ်းမကြီးအတိုင်း ဝင်ရောက်လာပြီး ချင်း – ရခိုင် – မကွေး ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေအောင်သာကျေးရွာရှိ တော်လှန်ရေးတပ်တွေ အထိုင်ချထားတဲ့ နေရာကို ပြန်လည်ရယူဖို့ ကြိုးစားလာတာလို့ ဆိုပါတယ်။
ဒေသတွင်း သတင်းတွေ တင်ဆက်နေတဲ့ ယောအလင်းတန်းရဲ့ ဖော်ပြချက်အရ ဇူလိုင် ၁၇ ရက် မနက်ပိုင်းမှာ ကျောက်ထုမြို့ အမတ ၃၆၈ က ထွက်လာတဲ့ စစ်အုပ်စုဟာ ကျောက်ထုနဲ့ ထီးလင်းကြား၊ ရွှေအောင်သာရွာနဲ့ မနီးမဝေးရှိ မိအယ်ကျေးရွာရဲ့ အရှေ့ဘက် ဘုရားကုန်းနဲ့ လူနေအိမ်တွေမှာ စခန်း ချကာ ဒီနေ့ ဇူလိုင် ၁၈ ရက်မှာ မိအယ်ကျေးရွာကနေ မြောက်ဘက်မှာရှိတဲ့ ကြီးကျေးရွာကို စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းတွေ ဖောက်ထွင်းလုယက်တာ၊ အိမ်မွေးတိရစ္ဆာန် ချက်ပြုတ် စားသောက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ကျောက်ထု – ပန်းဆန် – ရွှေအောင်သာ – ထီးလင်း လမ်းအတိုင်း ရွှေအောင်သာ ရွာဘက် ဆက်လက် စစ်ကြောင်းထိုးမယ်လို့ ယူဆရကြောင်း ယောအလင်းတန်းက ဆိုပါတယ်။
လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျတဲ့ ကျောက်ထု – ထီးလင်း လမ်းပိုင်းပေါ်ရှိ ရွှေအောင်သာ စခန်းကို ၂၀၂၄ ဇွန်လ ကတည်းက စစ်အုပ်စု စခန်းစွန့်ခွာ ထွက်ပြေးလို့ တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပြီး လက်ရှိမှာ စစ်အုပ်စုက အဲ့ဒီ ရွှေအောင်သာရွာမှာ ပြန်လည် အထိုင်ချနိုင်ဖို့ ကြိုးစားတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ရွှေအောင်သာရွာမှာ စစ်အုပ်စု အထိုင်ချတပ်စွဲပါက မကွေးတိုင်းကတဆင့် ချင်းနဲ့ ရခိုင်ပြည်ကို စီးဆင်း တဲ့ ကုန်သွယ်ရေး လမ်းတွေ ပိတ်ဆို့ပြတ်တောက်နိုင်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စု ရန်ကြောင့် ကျောက်ထု – ထီးလင်း လမ်းတလျှောက်ရှိ သရက်ချဥ်၊ အကြည်ပန်းပလွန်း၊ အညာပန်းပလွန်း၊ မိအယ်၊ နှော်၊ လယ်ဆောနဲ့ ကြီးကျေးရွာ စတဲ့ ရွာတွေက ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
“ရွာတွေထဲမှာလည်း မပြေးနိုင်လို့ ကျန်တဲ့သူတွေလည်း ရှိတယ်။ စစ်ကြောင်းရှိနေတဲ့ ရွာတွေက ဖုန်းလိုင်းရော၊ အင်တာနက်ရော မမိဘူးလေ။ စတားလင့်စက်တွေလည်း မရှိတော့ အဆက်အသွယ် သေချာ မရကြဘူး” လို့ ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
မိတ္ထီလာနဲ့ မန္တလေးမြို့တဆင့် ယောဒေသထဲ ရောက်ရှိနေတဲ့ စစ်အုပ်စုဟာ တွေ့သမျှပြည်သူကို ရန်ပြု၊ သတ်ဖြတ်နေတာ ဖြစ်ပြီး မေလအတွင်းကလည်း ယောဒေသ၊ ဆောမြို့နယ်၊ တပြင်းကျေးရွာကို စီးနင်းချိန် ကျောင်းရွာအတွင်း ပိတ်မိနေတဲ့ ကျောင်းထိုင်ဆရာတော်နဲ့ CDM အထက်တန်းပြ ကျောင်းဆရာ အပါအဝင် ဒေသခံ ပြည်သူ ခြောက်ဦးထက်မနည်းကို စစ်အုပ်စုက သတ်ဖြတ်ခဲ့သလို နေအိမ်တွေ ဖောက်ထွင်းကာ တန်ဘိုးရှိ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ချင်းနဲ့ ရခိုင်ပြည်ဘက် လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေးတွေ ပိတ်ဆို့ ဖြတ်တောက်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး မေလကစလို့ ပခုက္ကူကနေ ယောဒေသဘက် စားသောက်ကုန်၊ ဆေးဝါးနဲ့ အိမ်သုံးကုန်ပစ္စည်းတွေ သယ်ယူခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။
ဒါ့အပြင် ဧပြီ ၂၅ ရက်ကစတင်ပြီး မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ ချင်း၊ ရခိုင်ပြည်တို့ကို ဆက်သွယ်ထားတဲ့ ဆော – မင်းတပ် လမ်းပိုင်းပေါ်မှာရှိတဲ့ ကံကြီးကျေးရွာမှာလည်း စစ်အုပ်စု အင်အား ၂၀၀ လောက် အထိုင်ချ တပ်စွဲကာ မကွေး – ချင်း – ရခိုင်ကုန်သွယ်ရေးလမ်းကို ပိတ်ဆို့ ရပ်တန့်ဖို့ ကြိုးစားခဲ့ပါတယ်။
“ဆော – မင်းတပ်လမ်းက ကတ္တရာလမ်းဆိုတော့ ကုန်သည်တွေလည်း သွားလာကြတာပဲ။ လမ်းကောင်း တော့ ခရီးလည်း တွင်တယ်။ ကံကြီးကို စစ်ကောင်စီဘက်က ထိုင်သွားတော့ အဲ့ဒီ့ ဆော – မင်းတပ်လမ်း က သုံးလို့ မရတော့ဘူး။ ဆောမြို့ပေါ်မှာလည်း နေလို့ မရကြတော့ဘူး” လို့ အသက် ၃၀ အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ မေလက စတင်ပြီး မိတ္ထီလာမြို့ တပ်မ ၉၉ ခေါ် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် အပါအဝင် မန္တလေးနန်းတွင်း အခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာချုပ် – လပခ ကနေ ပို့လွှတ်ထားတဲ့ ထောင်ချီတဲ့ အင်အားနဲ့ ဆောမြို့နယ် ကျောက်ထု၊ လောင်းရှည်နဲ့ တပြင်း စတဲ့ မြို့၊ရွာတွေကတဆင့် ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေ ပြန်ရရေး ထိုးစစ်ဆင်နေပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်နဲ့ ကျင်ဒွေးမြို့တွေကို ချင်းတော်လှန်ရေးတပ် ချင်းညီနောင် (CB- Chin Brotherhood) နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ စစ်အုပ်စုက အဲ့ဒီ့မြို့တွေ ပြန်သိမ်းပိုက်နိုင်ရေး ပေါ်တာဆွဲထားသူတွေကို အသုံးချကာ အင်အား အလုံးအရင်းနဲ့ တန်ပြန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#မကွေး #အညာ #ချင်း #ရခိုင်



