
ပျောက်ဆုံးနေသူတွေလည်း ရှိပြီး ဖမ်းဆီးခံရသူတိုင်း သတ်ဖြတ်ခံနေရ၊
စစ်အုပ်စုက စစ်ကြောင်း ဆက်ထိုး သတ်ဖြတ်၊မီးရှို့နေလို့ သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရ၊
အီသာရမ်/MFP၊ ဇူလိုင်-၂၃
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ လက်ပြန်ကြိုးတုပ် မြေမြှုပ်ထားတဲ့ ပြည်သူ နှစ်ဦးရဲ့ အလောင်းတွေ ထပ်မံတွေ့ရှိရတာကြောင့် သတ်ဖြတ်စွန့်ပစ်ခံရတဲ့ ပြည်သူ ၃၀ နီးပါး ရှိလာပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်က ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်အုပ်စုဟာ ဇွန်လကုန်ပိုင်းက စလို့ ပေါက်နဲ့မြိုင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ဇူလိုင် ၁၂ရက်က စလို့ တွေ့သမျှပြည်သူကို သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ဇူလိုင် ၂၂ရက် မနေ့က မြိုင်မြို့နယ် ဘောတုံနဲ့ဘောင့်ဘင်ကျေးရွာတွေကို စစ်အုပ်စု စီးနင်းလုယက်ပြီး ပြန်ထွက်သွားချိန် လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ် မြေမြုပ်ထားတဲ့ ပြည်သူအမျိုးသား နှစ်ဦးရဲ့ အလောင်းတွေ တွေ့ရတာလို့ ဆိုပါတယ်။
“ကွန်လပ်-ဘောတုံ (ရွာ)ကနေ မြောက်ကို ထွက်တဲ့ အထွက်မှာမှ (ဖမ်းမိထားတဲ့ပြည်သူကို) သတ်တာ၊ စစ်ကြောင်း ထွက်ထွက်ချင်းနေ့က တစ်လောင်း သတ်ခံထားရတာ တွေ့တယ်၊ မနေ့က တစ်လောင်း၊ ဘောတုံမှာ သတ်ခံရပြီး မြေမြုပ်ထားတာ၊ ကွန်လပ်က ကလေးပဲ၊ ဒီနေ့ ဘောင့်ဘင်နားမှာ တွေ့တာကတော့ ဘယ်ရွာကလို့ မသိရသေးဘူး၊ လက်ပြန်ကြိုးတုပ်ပြီး မြေမြုပ်ထားတာပဲ” လို့ မြိုင်နယ်ထဲ စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်နေတဲ့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။
သေဆုံးသူနှစ်ဦးအနက် တစ်ဦးဟာ မြိုင်နယ်၊ ကွန်လပ်ကျေးရွာက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနဲ့ ဘောင့်ဘင့်ကျေးရွာအနီး တွေ့ရှိတဲ့ အလောင်းကတော့ ဘယ်သူဘယ်ဝါ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဇူလိုင် ၁၉ရက်နောက်ပိုင်း ငါးရက်အတွင်း မြိုင်နယ်က ပြည်သူ ၁၂ဦးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ကာ အလောင်းတွေ မြေမြှုပ်စွန့်ပစ်ထားခဲ့တာလို့ ဆိုပါတယ်။
ငါးရက်အတွင်း စစ်အုပ်စု သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ ပြည်သူ ၁၂ ဦးဟာ ကွန်လပ်ကျေးရွာက ပြည်သူ သုံးဦး၊ ဘောတုံကျေးရွာက ပြည်သူ ငါးဦး၊ သံချောင်းကျေးရွာက ပြည်သူတစ်ဦးနဲ့ ဘောင့်ဘင့်ကျေးရွာ အနီး တွေ့ရတဲ့ မည်သူမည်ဝါ မသိရသေးသူတစ်ဦးတို့ ဖြစ်ကာ ဖမ်းဆီးပြီးမှ ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ အညာမြေအရပ်ဘက်အဖွဲ့အစည်း – မြိုင် ပြောပါတယ်။
မြိုင်နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ဖမ်းမိသူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သလို၊ ရွာမီးရှို့တာ၊ ကျေးရွာတွေကို လက်နက်ကြီး ထုတာတွေလည်း ကျူးလွန်နေပြီး ဇူလိုင် ၂၂ရက် မနေ့က မြိုင်နယ် သင်းမကျေးရွာကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ရင်း အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ်ခဲ့ရာ ဝက်ဖိုးကျေးရွာထဲ ကျရောက်ပေါက်ကွဲလို့ ရွာခံပြည်သူ လင်မယားနှစ်ဦး နေအိမ်ထဲမှာပဲ လက်နက်ကြီး ထိမှန် သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်အုပ်စုဟာ မြိုင်နယ်ထဲ စစ်ကြောင်းထိုးချိန် ဖမ်းမိတဲ့ ပြည်သူတိုင်းကို သတ်ဖြတ်နေတဲ့ သဘောဖြစ်ပြီး စစ်ကြောင်းနဲ့ တွေ့ကာ ဖမ်းဆီးခံရသူတွေထဲက အသက်ရှင်လျှက် ပြန်လည် လွတ်မြောက်လာသူ တစ်ဦးမျှ မရှိသေးဘူးလို့ ဆရာထွေးက ပြောပါတယ်။
“ဘောတုံ(ရွာ) ရောက်ပြီး နောက်ပိုင်းတွေမှာ တွေ့သမျှလူ ပြန်လွတ်တာလို့ ကျွန်တော်တို့ မကြားဘူးဗျ၊ ဘောတုံဟိုဘက် (ဘောတုံမရောက်ခင်)မှာတော့ ပြန်လွတ်တဲ့သူ တချို့တဝက် ရှိတယ်၊ ဘောတုံမှာလည်း ပုန်းနေလို့ လွတ်သွားတဲ့သူတချို့ ရှိတယ်၊ အဲဒီ ဘောတုံကနေ မိတဲ့သူမှန်သမျှတော့ လွှတ်လိုက်တာလို့ ကျွန်တော် မကြားတော့ဘူးဗျ၊ အကုန်သတ်ပစ်တာလို့ပဲ ကြားတယ်”

ပေါက်နဲ့ မြိုင်နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးချိန် ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့တဲ့ ဒေသခံပြည်သူ ၃၀ နီးပါး ရှိလာပြီး သေဆုံးသူတွေဟာ ပေါက်မြို့နယ် ထောက်ရှာပင်ရွာ၊ မြိုင်မြို့နယ်ရှိ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင်၊ ကွန်လပ်၊ ဘောတုံနဲ့ သံချောင်းကျေးရွာတွေက ဖြစ်ပါတယ်။
သေဆုံးသူတွေထဲ အမျိုးသမီးတွေလည်း ပါဝင်ပြီး စစ်အုပ်စုက ဖမ်းဆီးကာ ညှဉ်းပန်းပြီးမှ သတ်ဖြတ်ကာ အလောင်းတွေကို မြေကျင်းနဲ့ သစ်ရွက်တွေအုပ်ကာ စွန့်ပစ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် မြိုင်နဲ့ ပေါက်နယ်ထဲ စစ်အုပ်စုက စီးနင်းလုယက်ကာ မီးရှိုပဖျက်ဆီးခဲ့တဲ့ ကျေးရွာလည်း ၁၀ရွာထက်နည်း ရှိပြီး လက်ရှိမှာတော့ စစ်အုပ်စုက သင်းမကျေးရွာကို စီးနင်းကာ နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးပြီးနောက် အဲ့ဒီရွာထဲမှာပဲ ခိုအောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ မြိုင်နယ်၊ စက်မှု – ၂ စစ်အုပ်စု အထိုင်ချထားရာ နေရာကို မနေ့ကနဲ့ ဒီကနေ့မှာ စစ်အုပ်စုက Mi-17 ထောက်ပို့ရဟတ်ယာဉ် ခြောက်ကြိမ် ဆင်းသက်ကာ အင်အားဖြည့်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေလို့ သင်းမရွာ အပါအဝင် မြိုင်မြို့နယ် အနောက်ပိုင်းရှိ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။


ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ကွန်လပ်နဲ့ ဘောတုံရွာအနီး စစ်အုပ်စုက သတ်ဖြတ်စွန့်ပစ်ခဲ့တဲ့ ပြည်သူတွေနဲ့ စစ်အုပ်စု ရန်က ကင်းလွတ်ရေး ထွက်ပြေးနေကြရတဲ့ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပေါက် #မြိုင်



