မကွေးသတင်း

ရှေးဟောင်းနယ်မြေ ပခန်းငယ်ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီးနေ၊

ပခန်းငယ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရှေးဟောင်း အဆောက်အအုံ ၈၀ ကျော် ရှိ၊

ချောက်နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးတာ တစ်လကျော်ကြာ ရှိလာပြီး ပြည်သူ ၁၀ ကျော် သတ်ကာ ရွာ ၁၀ရွာကျော် မီးရှို့ဖျက်ဆီးပြီးဖြစ်၊

ဒေါ်လာ/MFP၊ ဇူလိုင် – ၂၅

နိုင်ငံအဆင့် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရှေးဟောင်းယဉ်ကျေးမှူ အဆောက်အအုံတွေ တည်ရှိရာ မကွေးတိုင်း၊ ချောက်မြို့နယ်၊ ပခန်းငယ်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက စီးနင်းကာ ဒီကနေ့ မနက်ပိုင်း ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ သတင်းရရှိပါတယ်။

ပခန်းငယ်‌ကျေးရွာကို စီးနင်းထားတဲ့ စစ်အုပ်စုဟာ ဇူလိုင် ၂၅ ရက် ဒီကနေ့ မနက် ၈နာရီကျော်က စတင်ပြီး ကျေးရွာအတွင်း နေရာ‌ လေးနေရာခွဲကာ မီးရှို့ဖျက်ဆီးနေတာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ မကွေးတိုင်း ပကဖ က ထုတ်ပြန်ပါတယ်။

“ပုဂံမြို့နှင့် ခေတ်ပြိုင် ယဉ်‌ကျေးမှုများ ထွန်းကားခဲ့သည့် ပခန်းငယ် (ခ) ပုဂံငယ်ကျေးရွာအား အကြမ်းဖက် စစ်တပ်မှ မီးရှို့ဖျက်ဆီးနေ” လို့ မကွေးတိုင်း ပကဖ က ဖော်ပြပါတယ်။

ပခန်းငယ်ကျေးရွာအတွင်း နိုင်ငံအဆင့် ထိန်းစိမ်းစောင့်ရှောက်ထားတဲ့ ရှေးဟောင် ယာဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံ ၈၀ ကျော် ရှိပြီး စစ်အုပ်စုက ရွာကို မီးရှို့ ဖျက်ဆီးနေတာကြောင့် ရှေးဟောင်းအဆောက်အအုံတွေပါ ပြာကျပျက်စီးမှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“ပုဂံနှင့် ခေတ်ပြိုင် ယဉ်ကျေးမှုများထွန်းကားခဲ့ပြီး လက်ရှိ ထိန်းသိမ်းထားရသည့် ဘုရားစေတီနှင့် ရှေးဟောင်း အဆောက်အဦပေါင်း (၈၁) ခု ရှိပါသည်။ ဘုရားစေတီနှင့် အဆောက်အဦများ၏ အတွင်းပိုင်းလက်ရာများတွင် ပုဂံခေတ် ယဉ်‌ကျေးမှု လက်ရာများ တွေ့မြင်ရပြီး အပြင်ဘက်ပိုင်းတွင် ညောင်ရမ်းခေတ်၊ အင်း၀ခေတ်၊ ကုန်းဘောင်ခေတ် လက်ရာများ တွေ့မြင်ရနိုင်ပါသည်။ ပါးစပ်ရာဇ၀င်များအရ ကျန်စစ်သားမင်းထံမှ ထွက်ပြေးလာခဲ့ရသည့် စောလူးမင်း၏ နောက်လိုက် နောက်ပါနှင့် ဆွေမျိုးများသည် ပုဂံအား လွမ်းဆွတ်၍ ပုဂံငယ် (ခ) ပခန်းငယ်မှ ပုဂံကို တိုက်ရိုက် မြင်‌နေရသည့် နေရာတွင် ပုဂံမျှော်ဟူ၍ စေတီ တစ်ဆူ တည်ထားကိုးကွယ်ခဲ့ပြီး ထိုစေတီ၏ ပရဝုဏ်မှ ပုဂံဘက်သို့ လှမ်းမျှော်ကြည့်ခဲ့ကြကြောင်း သိရသည်။ ထိုနေရာမှ ပုဂံသို့ လှမ်းမျှော် ကြည့်သည့်အခါတိုင်းတွင် ကျန်စစ်သားမင်းမှ ခေါင်းကိုက်ဝေဒနာ ခံစားခဲ့ရသည်။ အကြောင်းစုံ လေ့လာကြည့်ရာ ပုဂံမျှော် ဘုရား ရှိနေကြောင်း သိရှိရသဖြင့် ပုဂံမျှော်ဘုရားမှ ပုဂံသို့ ကြည့်ရှု မမြင်နိုင်စေရန် ရှင်ပင်ကာဆီး ဘုရားဟူ၍ ထပ်မံ တည်ထားခဲ့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ပထမ မြန်မာနိုင်ငံတော် ပုဂံနှင့် ခေတ်ပြိုင် ယဉ်ကျေးမှု ထွန်းကားခဲ့သည့်၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်း အမွေအနှစ်များ ရှိနေသည့် ပုဂံငယ် (ခ) ပခန်းငယ် ကျေးရွာအား အကြမ်းဖက် မင်းအောင်လှိုင်၏ လက်ပါးစေ စစ်တပ်မှ ရမ်းကားစွာ မီးရှို့ဖျက်ဆီးနေသည် ဖြစ်ပါသည်”

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဇွန်လကုန်ပိုင်းကတည်းက ချောက်မြို့နယ် တောင်ပိုင်းကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ထွက်မပြေးနိုင်တဲ့ အဖိုးအဖွားတွေကို မီးရှို့ သတ်ဖြတ်မှု အပါအဝင် ဒေသခံပြည်သူ ၁၀ ဦးထက်မနည် သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို ကျေးရွာ ၁၀ ရွာကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

ဇွန်လ တတိယပတ်အတွင်း ချောက်မြို့ရှိ ခြေလျင်တပ်ရင်း (ခလရ) ၁၃ က ထွက်လာတဲ့ အင်အား ၅၀၀ ခန့်ပါ စစ်အုပ်စုနဲ့ ချောက်မြို့နယ် ဝါဇီငွေထုတ်စက်ရုံ၊ စလေမြို့နဲ့ ပုဂံ-ညောင်ဦးမြို့ကနေ ထွက်လာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်အုပ်စု ပူးပေါင်း စစ်ကြောင်းတို့က ချောက်မြို့နယ် တောင်ပိုင်းကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

MFP က ရရှိထားတဲ့ အချက်အလက်တွေအရ ဇွန်လကုန်ပိုင်းကနေ ယခု ဇူလိုင်လဝက်အထိ ချောက်မြို့နယ်ရှိ ဆူးတော၊ ရွာမ၊ ညောင်ဇင်၊ လေးပင်ကုန်း၊ ညောင်ချောင်း၊ ဝံဂင်္ဘာ၊ ပွင့်လင်း၊ ဆူးရစ်ကန်၊ ကြိတ်စု (တ)၊ သုံးဆင့်နဲ့ မြေပဒုံ အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်းကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

စစ်အုပ်စုက ရွာကို မီးရှို့ချိန် ဗုံးခိုကျင်းထဲ ပိတ်မိကာ သေဆုံးသူနဲ့ မီးရှို့သတ်ဖြတ်ခံရသူ အပါအဝင် တစ်ရွာတည်းတင် သက်ကြီးရွယ်အို သုံးဦး သေဆုံးတဲ့ ဖြစ်စဉ် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာမှာဆိုရင် အမေကြီးတစ်ယောက်နဲ့ အဖိုးနှစ်ယောက်နဲ့ အားလုံးပေါင်း ဒီစစ်ကြောင်းရက်က သုံးယောက် ဆုံးသွားတယ်ပေါ့နော်။ အမေကြီးနဲ့ အဖိုးတစ်ယောက်က ဒီ မီးရှို့ခံရတဲ့ထဲကို ပါသွားတာ။ ကျန်တဲ့ အဖိုးတစ်ယောက်က ရက်ရှည် ရှောင်ရမယ် မထင်တော့ ဗုံးခိုကျင်းထဲမှာ ထားခဲ့လိုက်ပေးတာ၊ တစ်ရက်နှစ်ရက်စာပဲ ရိက္ခာက ရှိမယ်ပေါ့နော်။ စစ်ကြောင်းက တအားကြီး ရက်ရှည်သွားတော့ ဗုံးခိုကျင်းထဲမှာပဲ အာဟာရပြတ်တာရယ်၊ ပြီးတော့မီးက တစ်ရွာလုံး ဟုန်းဟုန်းတောက်အောင် လောင်တော့ အဲ့ အပူရှိန်နဲ့ပဲ ဗုံးခိုကျင်းထဲမှာ ဆုံးသွားတာ အဲ့အဘက” လို့ လုံခြုံရေးအရ ရွာအမည် မဖော်ပြလိုတဲ့ မီးရှို့ခံရတဲ့ ကျေးရွာတစ်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ မီးရှို့ခံရတဲ့ ကျေးရွာတွေ အပါအဝင် ချောက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်အုပ်စု ရန်ကြောင့် စစ်ဘေးရှောင် ထွက်ပြေးနေရတာ တစ်လကျော်ကြာ ရှိလာပြီး လုံလောက်တဲ့ အမိုးအကာ မရှိဘဲ တောထဲမှာ ရက်ရှည် စစ်ဘေးရှောင် နေထိုင်ရတာကြောင့် ကလေးငယ်တွေနဲ့ အဖိုးအဖွားတွေ ကျန်းမာရေး ထိခိုက်မှု ကြုံနေရကာ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

​“တချို့ရွာတွေက တောထဲရှောင်ရတာ ရက်ကြာလာတော့ ကျန်းမာရေးကတော့ ထိကြတယ်။ ကလေးတွေလည်း အဖျားအနာ ထူနေတယ်။ အဖွားအိုတစ်ယောက်ဆို တောထဲရှောင်ရင်း လေဖြတ် သွားရှာတယ်။ ရှောင်ရတဲ့ နေရာတွေကလည်း ကွဲနေကြတော့ ဆေးဝါးတော့ မရှိကြတာများတယ်” လို့ မြေပြင် သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

​ချောက်နယ်ထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ မီးရှို့ရာ နေအိမ်တွေသာမက သီးနှံမျိုးစေ့နဲ့ လယ်ယာသုံး ပစ္စည်းတွေပါ မီးလောင် ဆုံးရှုံးရပြီး စိုက်ရေးပျိုးရေး လုပ်ဖို့ ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

​“စိုက်ပျိုးချိန်ရောက်ပြီဆိုတော့ မိုးရွာတယ်ဆိုရင် စိုက်ကြပျိုးကြရမှာ။ ဒါပေမဲ့ မိုးရွာသွားတယ်ဆိုပေမဲ့ စိုက်ပျိုးနိုင်တာ တော်တော်နည်းတယ်။ ဘာလို့လဲဆို မျိုးပဲဆန်တွေ မီးထဲမှာ ပါသွားတယ်။ မြေပဲတို့၊ ပဲတို့၊ နှမ်းတို့၊ ပဲစင်းငုံတို့ ကျဲဖို့ ထွန်တုံးတွေကအစ မီးထဲပါသွားတာ ဖြစ်တဲ့အတွက်ကြောင့် စိုက်ပျိုးဖို့က ခက်ခဲနေကြတယ်။ အလုပ်လုပ်စရာ မရှိဘူးပြောရမလား၊ စကားလုံးကို ဘယ်ဟာနဲ့ပြောရမလဲကို မသိတော့ပါဘူး” လို့ ချောက်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ချောက်မြို့နယ်ထဲ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို ခုခံတိုက်ခိုက်ရင်း ဇူလိုင် ၁၀ ရက်က ချောက်မြို့နယ် စလေတိုက်နယ်နဲ့ ရေနံချောင်းမြို့ကြားမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ တော်လှန်ရေး ရဲဘော် ၂၃ ဦး ကျဆုံးခဲ့ပါတယ်။

ချောက်မြို့နယ်ဟာ မကွေးတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဗျူဟာမြောက် နယ်မြေတစ်ခု ဖြစ်သလို စစ်အုပ်စုရဲ့ ကာကွယ်ရေးပစ္စည်းခေါ် လက်နက်စက်ရုံ (ကပစ) တွေ တည်ရှိတာ၊ ငွေထုတ်စက် ဝါဇီစက်ရုံ တည်ရှိတာနဲ့ ရေနံတွင်းတွေ ရှိကြောင့် စစ်အုပ်စုက ယခုလတွေအတွင်း ချောက်နယ်ထဲ စစ်ကြောင်းထိုးနေတာ ဖြစ်မယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

​မကွေးဒေသတွင်း ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ၊ တိုက်ပွဲတွေနဲ့ စစ်အုပ်စု ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကောက်ယူပြုစုပြီး လစဉ်ထုတ်ပြန်နေတဲ့ အရပ်ဘက် အဖွဲ့တစ်ခုဖြစ်တဲ့ တမာဖွံ့ဖြိုးရေး အင်စတီကျူ (Tamar Institute of Development) ရဲ့ ထုတ်ပြန်ချက်အရ ဇွန်လအတွင်း မကွေးဒေသ မြို့နယ် ၁၆ မြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေ တိုက်ပွဲ စုစုပေါင်း ၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ဘောင် ပိုမိုကျယ်ပြန့်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇွန်လအတွင်း စစ်အုပ်စုက မကွေးဒေသထဲ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှု ၉၇ ကြိမ် ကျူးလွန်ခဲ့ပြီး စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေနဲ့ မီးရှို့မှုတွေကြောင့် ပြည်သူပိုင်နေအိမ်နဲ့ အဆောက်အဦး ၃၁၈ လုံး မီးလောင်ပျက်စီးကာ မြို့နယ် ရှစ်မြို့နယ်က ပြည်သူ ၄၉,၈၀၀ ဦးခန့် အိုးအိမ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။

​ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း စစ်ဘေးဒုက္ခသည် သုံးသန်းကျော် ရှိပြီး မကွေးတိုင်းထဲမှာ စစ်ဘေးဒုက္ခသည် သုံးသိန်းခန့် (နှစ်သိန်းရှစ်သောင်း) ရှိတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း ချောက်မြို့နယ်ရှိ အာဏာသိမ်း စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတဲ့ ရှေးဟောင်း အဆောက်အအုံတွေရှိရာ ပခန်းငယ်ကျေးရွာ /Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ချောက် #မကွေး #ပခန်းငယ်ရွာ

Related Articles

Back to top button