
ဗိုလ်မှူးအဆင့် အပါအဝင် စစ်အုပ်စု ကိုးယောက် သေကာ လက်နက် ခြောက်လက်ရ၊
ဒေါ်လာ/MFP၊ ဇူလိုင် – ၂၅
မကွေးတိုင်း၊ မကွေးမြို့နယ်၊ မကွေး – ကံပြား – မြို့သစ် – နေပြည်တော် ကားလမ်းပေါ်ရှိ အာဏာသိမ်း စစ်အုပ်စုရဲ့ ရွှေပန်းရဲစခန်းနဲ့ ငွေညှစ်ဂိတ်ကို ဒီကနေ့ မနက်ပိုင်း စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ဗိုလ်မှူးအဆင့် အပါအဝင် စစ်အုပ်စု ကိုးယောက် သေပြီး လက်နက် ခြောက်လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာနက သတင်း ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၅ ရက်၊ ဒီမနက် ၃ နာရီအချိန် မကွေး – ကံပြား – မြို့သစ် – နေပြည်တော် လမ်းပိုင်းပေါ်ရှိ စစ်အုပ်စုရဲ့ ရွှေပန်းရဲစခန်းနဲ့ ငွေညှစ်စစ်ဆေးရေးဂိတ်ကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်း စစ်ဌာနရဲ့ တပ်ရင်းအမှတ် (၉၀၃)နဲ့ တပ်ရင်း (၈၀၃)တို့ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
“ရွှေပန်းရဲစခန်းနှင့် စစ်ဆေးရေးဂိတ်သည် နေပြည်တော်နှင့် မကွေးတိုင်းအစပ်တွင် တည်ရှိပါသည်။ အင်အား ၃၀ ခန့်ရှိပြီး စစ်သားနှင့် ရဲများ ပူးပေါင်းထားကာ ဗိုလ်မှူးအဆင့်မှ ကွပ်ကဲသော စခန်းတစ်ခု ဖြစ်ပါသည်။ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးအဆင့်အပါအဝင် ကိုးဦး သေဆုံးပြီး အခြားသူများမှာ ဒဏ်ရာများဖြင့် ဆုတ်ခွာထွက်ပြေး သွားကြသဖြင့် နံနက် ၃နာရီ (၄၅) မိနစ်အချိန်တွင် စခန်းအား သိမ်းပိုက်နိုင်ခဲ့ပါသည်။ သေဆုံးသွားသူများတွင် ဒေသခံပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသော ရဲတပ်ကြပ်ကြီး တစ်ဦးလည်း ပါဝင်” လို့ နေပြည်တော်တိုင်း စစ်ဌာနက ဖော်ပြပါတယ်။

အဲ့ဒီ စခန်းသိမ်း တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်တွေ ထိခိုက်မှု တစုံတရာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စန်းသိမ်းတိုက်ပွဲကနေ MA 1 သုံးလက်၊ MA 2(စက်ကလေး) တစ်လက်၊ G 3 တစ်လက်၊ ၄၀ မမ ပြောင်း တစ်ပြောင်း၊ ကျည်၊ ဗုံး၊ ဖုန်း၊ ငွေသားကျပ် ၃၅ သိန်းခန့် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဟောင်ဝစ်ဇာအမြောက်တစ်လက်ကိုပါ သိမ်းယူရရှိခဲ့ပေမယ့် သယ်ယူဖို့ ခက်ခဲလို့ ဖျက်ဆီးခဲ့တယ်လို့ နေပြည်တော်တိုင်း စစ်ဌာနက ဖော်ပြပါတယ်။


MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #မြို့သစ် #နေပြည်တော်



