
လှိုင်း / MFP၊ ဇူလိုင် – ၂၆
မကွေးတိုင်း၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့ကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ထီးလင်း – ကျောက်ထု လမ်းပိုင်းကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲ၊ ကြီးကျေးရွာကို စီးနင်းထားချိန် ရွာခံအရပ်သား လေးဦးကို ဖမ်းဆီး သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၉ ရက်ကစပြီး ကျောက်ထုမြို့ အမြောက်တပ် (အမတ ၃၆၈) က ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုဟာ ကျောက်ထု – ထီးလင်း လမ်းပေါ်ရှိ ရွှေအောင်သာရွာလမ်းဆုံကို ပြန်လည် စိုးမိုး ထိန်းချုပ်ဖို့ ကြိုးစားနေပြီး တော်လှန်ရေးတပ်တွေက တိုက်ခိုက်လို့ ရွှေအောင်သာအထိ မရောက်သေးဘဲ ကြီးကျေးရွာထဲ ခိုအောင်းနေကြတာ ဖြစ်ပါတယ်။
ကြီးကျေးရွာထဲရှိ စစ်အုပ်စုဟာ ဒေသခံပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်နေပြီး ဇူလိုင် ၂၄ ရက်က ကြီးကျေးရွာအနီး စစ်ရှောင်နေတဲ့ အသက် ၆၀ အရွယ် အမျိုးသား နှစ်ဦး ဖမ်းဆီးခံရပြီး တစ်ဦး လမ်းပေါ်မှာတင် သတ်ဖြတ်ခံရကာ ကျန်တစ်ဦး ထွက်ပြေး လွတ်မြောက်လာသလို ကြီးကျေးရွာအတွင်း ဝင်ရောက်ပြီး မိခင်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားတဲ့ သက်လက်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်း စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကြီးရွာထဲမှာကို အသတ်ခံရတာ လေး၊ ငါးယောက် ရှိနေပြီ။ ခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားကြတာလို့ သိရတယ်။ ကြီးရွာလယ်က ဘုရားဝန်းထဲမှာလည်း အလောင်း နှစ်လောင်း ရှိတယ်။ ရွာနားလေးတွေမှာ စစ်ရှောင်နေကြသူတွေ၊ ရွာထဲ ပိတ်မိနေတဲ့သူတွေ အသတ်ခံရတာ ဖြစ်နိုင်တယ်။ အခုက ရွာထဲကို ဝင်လို့မရတော့ ဘယ်သူဘယ်ဝါရယ်လို့ မသေချာဘူး” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

ကြီးကျေးရွာထဲ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ၁၈ ဦးကိုလည်း စစ်အုပ်စုက ဇူလိုင် ၂၄ ရက် မနက်ပိုင်းမှာ ဓားစာခံအဖြစ် ဖမ်းဆီးပြီးတဲ့နောက် အဲ့ဒီ့ ညမှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေ တင်ဆက်နေတဲ့ ယောအလင်းတန်းက ဇူလိုင် ၂၅ ရက်မှာ ဖော်ပြထားပါတယ်။
ကြီးကျေးရွာကို စီးနင်းထားတဲ့ စစ်အုပ်စုဟာ ရွာအတွင်း၊ ရွာမြောက်ဘက်နဲ့ အနောက်ဘက်အရပ်တွေမှာ ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်နေသလို ထီးလင်းမြို့နယ်၊ ရွှေအောင်သာကျေးရွာဘက် ဆက်လက် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ရန်ကြောင့် ကြီးကျေးရွာအပြင် လယ်ဆော၊ နှော်နဲ့ မိအယ် စတဲ့ အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေနဲ့ ကုန်သည်တွေ စစ်ဘေးရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြီးကျေးရွာနဲ့ ရွှေအောင်သာရွာတွေဟာ ချင်း၊ မကွေး၊ ရခိုင် ကုန်သွယ်ရေးနဲ့ လမ်းပန်း ဆက်သွယ်ရေး အချက်အချာကျတဲ့ ထီးလင်း – ကျောက်ထု လမ်းပိုင်းပေါ်မှာ တည်ရှိတဲ့ ရွာတွေ ဖြစ်ပါတယ်။ ကျောက်ထု – ထီးလင်း လမ်းပိုင်းပေါ်ရှိ အချက်အခြာ လမ်းဆုံဖြစ်တဲ့ ရွှေအောင်သာရွာစခန်းကို ၂၀၂၄ ဇွန်လမှာ စစ်အုပ်စု စခန်းစွန့်ခွာ ထွက်ပြေးလို့ တော်လှန်ရေး တပ်တွေက သိမ်းပိုက်စိုးမိုးထားတာ ဖြစ်ပြီး လက်ရှိမှာ စစ်အုပ်စုက အဲ့ဒီ ရွှေအောင်သာစခန်းမှာ ပြန်လည်အထိုင်ချနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ကန်ပက်လက်နဲ့ မင်းတပ်မြို့ အပါအဝင် ချင်းပြည်တောင်ပိုင်းနဲ့ ရခိုင်ပြည်ရှိ စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ ပြန်လည် သိမ်းပိုက်နိုင်ရေး ပြီးခဲ့တဲ့ မေလက စတင်ကာ မန္တလေးနဲ့ မိတ္ထီလာမြိုတွေကနေတဆင့် ပေါ်တာဆွဲ စစ်သားသစ်တွေကို မကွေးတိုင်း၊ ယောဒေသထဲ ပို့လွှတ်ကာ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
အဲ့ဒီလို ချင်းပြည်တောင်ပိုင်း စစ်ရှုံးမြို့တွေ ပြန်ရရေး ထိုးစစ်ဆင်ဖို့ လာတဲ့ စစ်အုပ်စုဟာ မေလလယ်ပိုင်းက ယောဒေသ၊ ဆောမြို့နယ်၊ တပြင်းရွာကို စီးနင်းချိန်မှာလည်း ကျောင်းထိုင် ဆရာတော်နဲ့ CDM အထက်တန်းပြကျောင်းဆရာ အပါအဝင် ရွာခံပြည်သူ ခြောက်ဦးကို သတ်ဖြတ်ခဲ့ပြီး လက်ရှိအချိန်ထိ တပြင်းရွာကို စီးနင်းထားကာ ရွာခံပြည်သူတွေကို ဖမ်းဆီးညှဉ်းပန်းတာ၊ ဓားစာခံအဖြစ် အသုံးချတာ၊ ရွာထဲက ပစ္စည်းတွေကို ခိုးယူလုယက်၊ ဖျက်ဆီးတာတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ယောဒေသ #ထီးလင်းကျောက်ထု



