
စစ်ကြောင်းနဲ့ ကွဲကျန်ရစ်ကာ မျက်စိလည်ပြီး အစာငတ်ပြတ်၊ ဖျားနာနေချိန် ဖမ်းမိတာဖြစ်၊
အီသာရမ်/MFP၊ ဇူလိုင် – ၂၇
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အာဏာသိမ်း စစ်အုပ်စု စစ်ကြောင်းကနေ လူစုကွဲကာ ကျန်ရစ်သူ နှစ်ယောက်ကို လက်နက်နဲ့ တကွ ဖမ်းမိတယ်လို့ မြိုင်နယ် အခြေပြု ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေ ထွက်လာပြီး ပေါက်နဲ့မြိုင်နယ်အစပ် ထောက်ရှာပင်ကျေးရွာထဲ စီးနင်းလုယက်ကာ လူသတ်၊ မီးရှို့ပြီး ပြန်ထွက်ချိန် လူစုကွဲကာ ကျန်ရစ်တဲ့ စစ်အုပ်စု လက်နက်ကိုင် နှစ်ယောက်ကို ဇူလိုင် ၇ ရက်က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
“ပခုက္ကူတပ်မ ၁၀၁ မှ ထောက်ရှာပင်ရွာသို့ အင်အား ၆၀၀ ခန့်ပါ စ.စ်ကြောင်းထိုးခဲ့သော စ.စ်ကြောင်းမှ ရခ နှစ်ကောင်သည် စ.စ်ကြောင်းမှ သွေဖယ်၍ ကျန်ရစ်ခဲ့ကာ တောတွင်းတနေရာတွင် ခုနှစ်ရက်ခန့် မျက်စိလည် လမ်းမှားကာ ကျန်ရစ်ခဲ့ပါသည်။ ဇူလှိုင်လ ၇ ရက်တွင် ယင်း ရခ နှစ်ကောင်သည် အစာ ငတ်ပြတ်ပြီး ဖျားနာကာ အနီးအနားလာသော ပြည်သူတစ်ဦးထံ ဆန်ထွက်တောင်းရာ ပြည်သူတစ်ဦးမှ ကြောက်လန့် ထွက်ပြေးလာပြီး မိမိတို့ ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ အကြောင်း ကြားလာသည့်အတွက် တောနင်းရှာဖွေခဲ့ရာတွင် အစာငတ်၍ ဖျားနာနေသော ရခ နှစ်ကောင်အား MA2 တစ်လက်၊ MA12 တစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည် ၃၀၀ ကျော်နှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ပါသည်” လို့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြပါတယ်။

ဖမ်းမိသူတွေဟာ စစ်အုပ်စု ရဲတပ်ရင်း ၁၁ က ရဲတပ်သားအဆင့် နှစ်ယောက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ပေါက်နဲ့မြိုင်နယ်အစပ်ရှိ ထောက်ရှာပင်ကျေးရွာကို စီးနင်းကာ ဒေသခံပြည်သူ ငါးဦးထက်မနည်းကို သတ်ဖြတ်ခဲ့သလို ကျေးရွာရဲ့ ထရန်စမော်မာ အပါအဝင် ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲ့ဒီ စစ်အုပ်စု စစ်ကြောင်း ပေါက်နဲ့ မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့ရင်း ကျေးရွာတစ်ရွာမှာ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်း နင်းမိတာကြောင့် အထိအခိုက် အသေအပျောက်တွေလည်း ရှိတယ်လို့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။
“၎င်းစ.စ်ကြောင်းသည် ——ကျေးရွာအား မီ:ရှို့ရန် ဝင်ရောက်စဥ် မိမိတို့ကာကွယ်ရေးတပ်ဖွဲ့များ အသင့် ထောင်ထားသော မို-င်းများမိ၍ ထိခို.က်ေ၊သဆုံးမှု့များပြားကာ ဝရုန်းသုန်းကား ဆုတ်ခွာ ထွက်ပြေးသွားသည်။ ဇူလှိုင် ၂ ရက်တွင် ထိုကျေးရွာအား မိမိတို့တပ်ဖွဲ့များ နယ်မြေရှင်းလင်းစဥ် MA3 တစ်လက်၊ ကျည်ဘောက် သုံးခု နှင့် စ.စ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါသည်” လို့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြပါတယ်။

ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စုဟာ ဇွန်လကုန်ပိုင်းက စလို့ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံအရပ်သား ပြည်သူ ၃၀ နီးပါး ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်ပြီး ဖြစ်သလို ကျေးရွာ ၁၀ရွာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။
ပခုက္ကူ တပ်မ ၁၀၁ ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသ တိုက်ပွဲမှာ တပ်ရင်းမှူး အပါအဝင် တပ်ရင်းလိုက် အဖမ်းအဆီးခံခဲ့ရတဲ့ စစ်အုပ်စု ဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က ပြန်လည် လွှတ်ပေးလို့ လွတ်မြောက်လာပြီးနောက် ပခုက္ကူ အပါအဝင် အညာဒေသထဲ လက်နက်အားကိုးနဲ့ ပိုမို သတ်ဖြတ် သောင်းကျန်းပြနေတာ ဖြစ်ပါတယ်။

Photo – ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပေါက် #မြိုင်



