မကွေးသတင်း

ယောဒေသ လောင်းရှည်မှာ စစ်အုပ်စုက ရွာပေါ် ဒရုန်းနဲ့ ဗုံးကြဲလို့ သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ၊

လှိုင်း / MFP၊ ဇူလိုင် – ၂၇

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ တောင်ယောဒေသ၊ ဆောမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ရွာပေါ် စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရွာခံအရပ်သားပြည်သူ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇူလိုင် ၂၆ ရက် မနေ့က မွန်းလွဲပိုင်း ဆောမြို့နယ်၊ ခောင်းရှည်မြို့အနီး၊ ကြံခင်းကျေးရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် သုံးနှစ်အရွယ် ကလေးငယ်နဲ့ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးတို့ နေအိမ်ထဲမှာပဲ ပွဲချင်းပြီး သေဆုံးကာ နောက်ထပ် ရွာခံပြည်သူ သုံးဦး ဒဏ်ရာရ တယ်လို့ ဆိုပါတယ်။

“မနေ့က နေ့လယ်က စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတာ။ တိုက်ပွဲလည်း မရှိပါဘူး။ သုံးနှစ်အရွယ် ကလေးလေး တစ်ယောက်နဲ့ အမျိုးသားတစ်ယောက်က ပွဲချင်းပြီး သေသွားတာ။ သုံးယောက်က ဒဏ်ရာရတယ်” လို့ မြေပြင်အခြေအနေသိရှိတဲ့ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ ရွာပေါ် ဗုံးကြဲသတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ရွာပေါ် အကြောင်းမဲ့ ဗုံးကြဲသတ်တဲ့ စစ်အုပ်စုဟာ ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ ကန်ပက်လက်မြို့ကို ပြန်လည် ထိုးစစ်ဆင်နိုင်ရေး ဇူလိုင် ၂၄ ရက်မှာ လောင်းရှည်မြို့ကနေ ထွက်လာတဲ့ အင်အား ၄၀၀ ဝန်းကျင်ပါ စစ်ကြောင်းက ဗုံးကြဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ချင်းပြည်တောင်ပိုင်းရှိ ကန်ပက်လက်နဲ့ မင်းတပ်မြို့ အပါအဝင် စစ်ရှုံးထားတဲ့ မြို့၊ရွာတွေကို ပြန်လည် သိမ်းယူနိုင်ရေးအတွက် ပြီးခဲ့တဲ့ မေလက စတင်ကာ တန်ပြန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ချင်းပြည်ဘက် ထိုးစစ်ဆင်ဖို့ ပေါ်တာဆွဲ စစ်ဆောင်းထားတဲ့ ထောင်နဲ့ချီတဲ့ စစ်သားသစ်တွေကို မန္တလေးနဲ့ မိတ္ထီလာမြို့တွေကနေ တဆင့် မကွေးတိုင်း ယောဒေသထဲ ပို့လွှတ်ထားတာ ဖြစ်ပါတယ်။

ယောဒေသ ဆောမြို့နယ်ထဲ အခြေပြုကာ ချင်းပြည်ဘက် ထိုးစစ်ဆင်ရာ ဒေသခံ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်လို့ အထိနာ အသေများနေတဲ့ စစ်အုပ်စုက ဒေသတွင်း ဗုံးပတ်ကြဲကာ ပြည်သူကို သတ်ဖြတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ယခုရက်ပိုင်း တောင်ယောဒေသရှိ ဆောနဲ့ ကျောက်ထုမြို့ ဝန်းကျင်ကို တိုက်လေယာဉ်တွေနဲ့ ပေါင် ၅၀၀ နဲ့ ပေါင် ၃၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေလည်း ဆက်တိုက် လုပ်နေသလို တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ဒေသခံတွေ သတိပြု နေထိုင်ကြဖို့နဲ့ စစ်အုပ်စု စစ်ကြောင်းအနီး နေထိုင်ခြင်းမပြုဖို့ ဒေသခံအချင်းချင်း အသိပေးထားကြပါတယ်။

မန္တလေးနဲ့ မိတ္ထီလာကတဆင့် ယောဒေသထဲ ဝင်ရောက်လာပြီး ချင်းပြည်ဘက် တန်ပြန်ထိုးစစ်ဆင်တဲ့ စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလအတွင်း ဆောမြို့နယ်၊ ပခုက္ကူ – မင်းတပ်လမ်းပိုင်းပေါ်ရှိ တပြင်းကျေးရွာကို စီးနင်းချိန် ရွာခံပြည်သူ အရပ်သားခြောက်ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် လက်ရှိ ဇူလိုင်လထဲမှာလည်း ကျောက်ထု – ထီးလင်းလမ်းပေါ်ရှိ ကြီးကျေးရွာကို စီးနင်းချိန် ရွာခံပြည်သူ အရပ်သား လေးဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်ပြီး ယခု ဇူလိုင် ၁၇ ရက်ကနေ ဇူလိုင် ၂၃ ရက်အထိ တစ်ပတ်တာအတွင်း မကွေးဒေသကို ဗုံးကြဲလို့ အရပ်သား ၁၆ ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရပြီး အဲ့ဒီ အရေအတွက်ဟာ နိုင်ငံတဝန်း ရခိုင်ပြီးနောက် ဒုတိယအများဆုံး ဗုံးကြဲသတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ စစ်အုပ်စု ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းပြုစု ဖော်ပြနေတဲ့ ဥာဏ်လင်းသစ် သုတေသနအဖွဲ့က ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ လောင်းရှည်မြို့အနီး၊ ကြံခင်းရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲသတ်လို့ ထိခိုက်သေဆုံးတဲ့ ကလေးငယ်နဲ့ ပြည်သူတွေ/Photo – ယောအလင်းတန်း

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ယော #ဆောမြို့နယ်

Related Articles

Back to top button