မကွေးသတင်း

ယောဒေသ ဆောနယ်မှာ စစ်အုပ်စု ရန်ကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ရှောင်နေရ၊

လှိုင်း / MFP၊ ဇူလိုင်  – ၂၇

ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ၊ ဆောမြို့နယ်ရှိ လောင်းရှည်နဲ့ ကျောက်ထုမြို့နယ်ခွဲတွေမှာ အာဏာသိမ်း စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းပြီး ဖမ်းဆီးသတ်ဖြတ် တာ၊ ရွာတွေပေါ် ဗုံးကြဲတာတွေကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေ ကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မြို့တွေ ပြန်ရရေးအတွက် မေလက စတင်ကာ ယောဒေသထဲ အင်အား ထောင်ချီ ဝင်ရောက်လာပြီး ချင်းပြည်ဘက် တန်ပြန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ဇူလိုင်လဆန်းပိုင်းကစပြီး ဆောမြို့နယ်၊ ကျောက်ထု – ထီးလင်းလမ်းနဲ့ ဆော – လောင်းရှည် လမ်းပိုင်းကို အင်အားရာချီနဲ့ စစ်ကြောင်းတွေ ဖြန့်ခွဲ စစ်ကြောင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့အပြင် အရပ်သားနေထိုင်ရာ နေရာတွေကို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေတာကြောင့် ကားလမ်းတလျှောက် ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

“ဘယ်လို အခက်အခဲတွေနဲ့ ကြုံရလဲဆိုရင် ကျမတို့က ခုဟာ မိုးတွေကလည်း တအား ရွာနေတဲ့ အချိန်ကျတော့ လုံလုံခြုံခြုံ မနေရဘူးပေါ့။ နောက်ပြီးတော့ စာသင်ကျောင်းတွေ၊ လုံခြုံတဲ့ စာသင်ကျောင်းလိုဟာတွေမှာ ဓမ္မာရုံလိုဟာမှာ ဘုန်းကြီးကျောင်းလိုဟာမှာ နေမယ်ဆိုပြန်တော့လည်း အဲ့ဒီ့ နေရာတွေကိုက ဟိုဘက်ဒီဘက် ဗုံးချတာတွေ ဘာညာရှိတဲ့အချိန်ကျတော့ အဲ့လို နေရာတွေမှာလည်း မနေရဲဘူးပေါ့။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ဟာနဲ့ကိုယ် တဲထိုးပြီးတော့မှ အဆင်ပြေသလို နေကြရတာပေါ့လေ။ ချောက်ဘေးနားတို့၊ ချောက်နဲ့ နီးတဲ့နေရာမျိုး အဲ့လို နေရာလေးတွေမှာ နေကြရပါတယ်။ ဒီနေ့ဆိုလို့ရှိရင်လည်း ကြံခင်းမှာ စစ်ကောင်စီဘက်ကနေပြီးတော့မှ ဒရုန်း ဗုံးသီးနဲ့ချလို့ လောလောဆယ် နှစ်ယောက် ပွဲချင်းပြီး ဆုံးသွားပြီပေါ့လေ။ သုံးဦးကတော့ ဒဏ်ရာ ရတယ်ပေါ့” လို့ လောင်းရှည်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

စစ်ဘေးရှောင်ရတဲ့ရက် ကြာမြင့်လာလို့ စားသောက်နေထိုင်ရေး ခက်ခဲကြတယ်လို့ ဆိုပါတယ်။

“ဒီ စားရေးသောက်ရေး အခြေအနေတွေမှာ ဆိုလို့ရှိရင်လည်း လယ် မစိုက်ရတာနဲ့ အခု ကျမတို့ လောင်းရှည် တိုက်နယ်ဘက်မှာ ဆိုလို့ရှိရင် ဆန်ရေစပါး ပေါတဲ့ စိုက်ပျိုးလို့ရတဲ့ ရွာတွေက အကုန်လုံး ရှောင်နေရသလို ဖြစ်တာဆိုတော့ အခုချိန် စိုက်ချိန်၊ ပျိုးချိန်လည်း ဖြစ်တယ်။ မစိုက်ကြ မပျိုးကြရဘူး။ ရှောင်ရတဲ့ အချိန်ကျတော့လည်း အိမ်ခြေများတဲ့ ရွာတွေက အိမ်ခြေနည်းတဲ့ ရွာတွေပေါ်မှာ မှီခိုပြီး ရှောင်နေရတာ ဖြစ်တဲ့အတွက် စားဝတ်နေရေးတွေ ခက်ခဲကြတာပေါ့လေ။ ဒီမှာ ဖရုံရွက်တစ်စည်းကို ၁၀၀၀၊ ချဥ်ပေါင်ရွက် တစ်စည်းကိုလည်း ၁၀၀၀ ပေါ့။ ဖရုံရွက်တစ်စည်းကို ၁၀၀၀ ကလည်း စားလို့ မလောက်ဘူးပေါ့။ အဲ့လို အခက်အခဲတွေ ရှိနေကြပါတယ်” လို့ အထက်ပါ စစ်ဘေးရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

လက်ရှိ ယောဒေသမှာ 92 ဓာတ်ဆီ တစ်လီတာ ၁၁၅၀၀ ကျပ်၊ ရေသန့်တစ်ကဒ် ၁၀၀၀၀ ကျပ်၊ Shark အအေးတစ်ဗူး ၃၅၀၀ ကျပ်၊ ခေါက်ဆွဲခြောက်တစ်ထုပ် ၁၅၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၇၀၀ ကျပ်နဲ့ ပရီမီယာကော်ဖီတစ်ထုပ် ၁၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်နေတာကြောင့် စားသောက်စရိတ် ခက်ခဲနေကြတဲ့အပြင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်ပြီး ရာသီဥတု ဆိုးရွားတာကြောင့် တောတိုက် (လယ်စောင့်တဲ)တွေနဲ့ တောတောင်တွေကြားမှာ တိမ်းရှောင်နေထိုင်နေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“မိသားစုများတဲ့အိမ်ဆိုရင် ဆိုင်ကယ်ဆီဖိုးက ၁၁၀၀၀၊ ၁၀၀၀၀ ဆိုတော့ ၃၀၀၀၀ ကတော့ အနည်းဆုံး ထွက်တာပေါ့လေ။ နောက်ပြီးတော့ သက်ကြီးရွယ်အိုတွေ၊ ကောက်စိုက်ချိန်မှာ ကောက်လည်း မစိုက်ရ၊ ကောက်စိုက်နေရင်း တန်းလန်းကနေ ထပြေး၊ ရွံ့တွေ ဗွက်တွေနဲ့၊ မိုးကရွာ၊ ဒုက္ခအခက်အခဲကတော့ အများကြီး ကြုံနေရတာပေါ့။ သက်ကြီးရွယ်အိုတွေဆိုရင် တလှုပ်လှုပ်နဲ့၊ ညဆိုရင် လှည်းဘေးလေးမှာ အိပ်ရတယ်။ တချို့လည်း နီးစပ်ရာ တဲလေးတွေမှာ ကပ်အိပ်ကြရတာပေါ့နော်။ ညဆိုလည်း ကျောက်ထု – ကြီး(ရွာ)ဘက် လမ်းကြောင်းကြီးက တောက်လျှေက် တိုးယိုပေါက်ဆိုတော့ သွားဖို့လာဖို့ သူတို့ (စစ်အုပ်စု) ဘယ်ချိန်ဝင်ဝင် ဘယ်ချိန်ထွက်ထွက် ရနေတော့ ကျတော်တို့က ဆိုင်ကယ်ပေါ်ကကို အထုပ်တွေ မချရဲကြဘူး။ လှည်းတွေပေါ်ကလည်း အထုပ်အပိုး မချကြရဘူး။ အခက်အခဲကတော့ မိုးတွင်း ဖြစ်တဲ့အတွက် သွားရလာရတာလည်း တော်တော်တော့ ဒုက္ခရောက်ပါတယ်”

လက်ရှိမှာ ဆော – မင်းတပ်လမ်းပိုင်းပေါ်ရှိ ဆောမြို့အပြင် မြို့အနီးတဝိုက်က မင်းလယ်၊ သီးကုန်း၊ တောင်ဘို့ကြီး၊ ကာက၊ လှော်ကား၊ ခင်ပြင်၊ ရင့်ရဲ့ချောင်းကျေးရွာနဲ့ လက်ရှိ စစ်အုပ်စု တပ်စွဲနေထိုင်နေတဲ့ ကျောက်ထု – ထီးလင်းလမ်းပိုင်းပေါ်က ကြီးကျေးရွာအပါအဝင် လယ်ဆော၊ နှော်နဲ့ မိအယ်ကျေးရွာက ဒေသခံပြည်သူ တစ်သောင်းဝန်းကျင်ဟာ မိုးထဲလေထဲမှာပဲ စစ်ရှောင်နေကြရပါတယ်။

“ကြီးရွာဆိုရင် တိုက်ပွဲတွေ မဖြစ်ခင်ကနေ စျေးကားတွေ အဝင်မရှိတာ။ ကြီးရွာမှာ စစ်တပ်က အထိုင်ချ လိုက်တော့ ဝယ်စားဖို့ စျေးဆိုင်တွေလည်း မရှိတော့ဘူး။ ဒီရက်ထဲမှာလည်း မိုးက သဲကြီးမဲကြီးရွာတာ နှစ်ရက် ဆက်တိုက်ပဲ။ တောထဲတွေမှာ နေနေကြတဲ့လူတွေဆို အများကြီး ဒုက္ခရောက်ကြတာပေါ့” လို့ နောက်ထပ် ဒေသခံ စစ်ရှောင်အမျိုးသားတစ်ဦးက ဆိုပါတယ်။

ကျောက်ထု – ထီးလင်းလမ်းနဲ့ ဆော – လောင်းရှည် လမ်းတလျှောက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ကျောက်ထု – ထီးလင်း လမ်းရှိ ကြီးကျေးရွာက အရပ်သား လေးဦး ထက်မနည်းကို သတ်ဖြတ်ထားတဲ့ အပြင် ရွာကို ဆက်လက် စီးနင်းထားသလို ဆောမြို့နယ်ဘက်မှာလည်း စစ်အုပ်စုက မြို့၊ရွာတွေကို ဗုံးပတ်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စု ရန်ကြောင့် စစ်ဘေးရှောင် ထွက်ပြေးနေကြရတဲ့ ဆောနယ်ခံတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ယော #ဆောနယ်စစ်ဘေးရှောင်

Related Articles

Back to top button