
ကားသုံးစီး အပါအဝင် လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်း ရရှိ၊
ဒေါ်လာ/MFP၊ ဇူလိုင် – ၂၈
မကွေးတိုင်းနဲ့ ချင်းပြည်အစပ်၊ ဂန့်ဂေါခရိုင်၊ ယောဒေသ၊ ဆောမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အများအပြား သေကာ သုံ့ပန်း ကိုးယောက် ဖမ်းမိထားသလို ကားသုံးစီး အပါအဝင် လက်နက် ခဲယမ်း အများအပြား သိမ်းဆည်း ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်က သတင်း ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၆ရက်က ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ် (ခွဲ)ကနေ ဆောမြို့ဘက် ဦးတည်လာတဲ့ တပ်မ ၉၉ ခေါ် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်က အင်အား ၃၀ ခန့်ပါ စစ်အုပ်စုနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန လက်အောက်ရှိ ခရိုင်စစ်ဌာနတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စု အထိနာကာ လောင်းရှည်မြို့ထဲ ပြန်ဆုတ်ပြေးတယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုကို လိုက်လံတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ရာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်ကား သုံးစီး သိမ်းဆည်း ရရှိတယ်လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

ဇူလိုင် ၂၅ရက်မှာလည်း လောင်းရှည်မြို့ကနေ ဆောမြို့ဘက်ကို အင်ား ၁၈၀ ဝန်းကျင်နဲ့ လေကြောင်းပစ်ကူ ရယူပြီး မြေပြင်၊ဝေဟင် ထိုးစစ်နဲ့ ဒုတိယအကြိမ် ထိုးစစ်ဆင် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိနာပြီး ပြန်ဆုတ်ပြေးတယ်လို့ ဆိုပါတယ်။။
“ရန်သူများ ဆုတ်ခွာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ နယ်မြေရှင်းလင်းရေးပြုလုပ်ရာတွင် ရန်သူ့ပစ္စည်းအများအပြားအား သိမ်းဆည်းရမိခဲ့ပါသည်။ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။ ယခုစစ်ဆင်ရေးအတွင်း အကြမ်းဖက် ရန်သူစစ်တပ်မှ စစ်သုံ့ပန်း ကိုးဦး ဖမ်းဆီး ထိန်းသိမ်းထားပါသည်” လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။
အဲ့ဒီ ယောဒေသ၊ ဆောမြို့နယ် တိုက်ပွဲတွေအတွင်း MA-1 သေနတ် လေးလက်၊ MA-3 သေနတ် သုံးလက်၊ ရှော့ဂန်းသေနတ်- နှစ်လက်၊ RPG ပြောင်း- နှစ်လက်၊ GBP-128 မိုင်းရှင်းစက်ပုံး- သုံးပုံး၊ ကား သုံးစီး၊ Drone Jumper- တစ်ခု၊ Drone Controller- တစ်ခု၊ ဒရုန်းပစ္စည်းထည့် ပုံးကြီး- တစ်ပုံး၊ ဆေးပစ္စည်း- နှစ်အိတ်၊ ဆန်အိတ်- ၅၅ အိတ်၊ ကြက်သွန်ဖြူ- ၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး-၁၄ အိတ်၊ Starlink-တစ်လုံး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မြို့တွေ ပြန်ရရေးအတွက် မေလက စတင်ကာ မန္တလေးနဲ့ မိတ္ထီလာမြို့ကနေတဆင့် ပေါ်တာဆွဲ စုဆောင်းထားတဲ့ အင်အား ထောင်ချီကို ယောဒေသထဲ ပို့လွှတ်ကာ ချင်းပြည်ဘက် တန်ပြန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ဇူလိုင်လဆန်းပိုင်းကစပြီး ဆောမြို့နယ်၊ ကျောက်ထု – ထီးလင်းလမ်းနဲ့ ဆော – လောင်းရှည် လမ်းပိုင်းကို အင်အားရာချီနဲ့ စစ်ကြောင်းတွေ ဖြန့်ခွဲ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အပြင် အရပ်သားနေထိုင်ရာ နေရာတွေကို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေတာကြောင့် ကားလမ်းတလျှောက် ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။



မကွေးနဲ့ ချင်းပြည်အစပ် ယောဒေသ တိုက်ပွဲတွေအတွင်း သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေ/Photo – PDF စစ်ရုံးချုပ်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ယော #ဆောနယ်စစ်ဘေးရှောင်



