မကွေးသတင်း

မြိုင်နယ် ရေနံမှော်အနီး ရောက်နေတဲ့ စစ်အုပ်စုအတွက် လက်နက်ခဲယမ်း လေယာဉ်နဲ့ ချပေး

ရိက္ခာအဖြစ် ပြည်သူပိုင် ဆန်နဲ့ တိရိစ္ဆာန်တွေကို လုယက်သတ်ဖြတ် စားသောက်၊

‌အီသာရမ်/MFP၊ ဇူလိုင်-၃၁

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ရေနံမြေအနီး ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ချိန် စစ်အုပ်စုက လက်နက်ခဲယမ်းတွေကို လေယာဉ်နဲ့ ကြဲချပေးပြီး စားနပ်ရိက္ခာအတွက် ပြည်သူပိုင် ဆန်နဲ့ အိမ်မွေးတိရစ္ဆာန်တွေ လုယက် သတ်ဖြတ်ကာ စားသောက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဇွန်လကုန်ပိုင်း ကတည်းက ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စုဟာ ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး အင်အား ၇၀၀ လောက်နဲ့ ပေါက်နဲ့ မြိုင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ဇူလိုင် ၂၂ရက်ကစလို့ မြိုင်မြို့နယ် သင်းမကျေးရွာထဲ ရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လို့ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေချိန် မကွေးမြို့ကနေ တက်လာတဲ့ လေယာဉ်တွေနဲ့ လက်နက်ခဲယမ်းတွေ ချပေးနေတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပခုက္ကူက ထွက်လာကတည်းက ရိက္ခာအလုံအလောက် မပါဘဲ မြိုင်နဲ့ ပေါက်နယ်ထဲ စစ်ကြောင်းထိုးရာ ရွာစဉ်တလျှောက် ပြည်သူပိုင် ဆန်နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်လုယက် စားသောက်နေတာလို့ ဒေသတွင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အညာမြေ အရပ်ဖက် လူမှူအဖွဲ့အစည်း-မြိုင်အဖွဲ့ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

“သူတို့ (စစ်အုပ်စု) ရောက်တဲ့နေရာမှာ ကြက်တွေဆိုရင် ကြက်တွေက ပေါတာကိုး၊ ဖမ်းသယ်သွားလည်း မရဆိုတော့ ကြက်တွေ အလျံပယ် စားတယ်၊ ဝါးရင်းချိုင်(ရွာ)မှာတုန်းက အဲလိုမျိုး အစိတ်၊ နှစ်ဆယ် (ပိဿာချိန်) ထွက်လောက်တဲ့ ဝက်တွေလို့ ပြောတာပဲ၊ ငါးကောင်ကုန်တာ၊ ငါးကောင် ပျောက်တယ်လို့ ပြောတယ်။ အဲလို ဝက်တွေကျတော့ အကြိုက်စား စားတာလို့ ပြောတယ်၊ ဆန်တွေကျတော့ အဲဒီ ရွာတွေမှာ ရှိတဲ့ ဆန်တွေ စားတယ်။ အိတ်လိုက်တွေ့ရင် ကားနဲ့တင်သွားတယ်။ အဲတော့ အခု လေယာဉ်နဲ့ ချတဲ့ဟာတွေက အဲလိုမျိုး စားစရာ ဆန် ဘာညာ မချဘူး၊ သေချာတာကတော့ သူတို့နားတဲ့ နေရာတိုင်းမှာ ကျန်တဲ့ ဆေးလိပ်စည်းတွေ ကြည့်ရတာ ခြင်္သေ့သုံးကောင်ဆိုတဲ့ အနီပတ်ကလေးနဲ့  ဆေးလိပ်၊ အဲဒါက ဒီဘက်မှာ မရှိဘူး၊ ရန်ကုန်က လာတာလို့ ပြောတယ်။ အဲဒီ ဆေးလိပ်တွေ ချတယ်၊ အရက်ဘီယာချတယ်။ အဲလိုမျိုး စစ်တပ်က ထုတ်တဲ့ ရမ်တွေ ချတယ်”

မြိုင်နယ် သင်းမရွာကို စီးနင်းမီးရှို့နေတဲ့ စစ်အုပ်စုအတွက် ဒီကနေ့ ဇူလိုင် ၃၁ရက်မှာတင်ပ ထောက်ပို့လေယာဉ်နဲ့ ချပေးတာ သုံးကြိမ်ရှိပြီဖြစ်ပြီး အဲ့ဒီလို ချပေးတဲ့အထဲ လက်နက် ခဲယမ်းတွေ အဓိက ဖြစ်ကာ ဒေသခံပြည်သူတွေဆီမှာ မရှိလို့ အလွယ်တကူ ခိုးယူ လုယက်လို့ မရနိုင်တဲ့ ဆေးလိပ်၊ အရက်လို ပစ္စည်းတော့ လေယာဉ်နဲ့ ချပေးတဲ့အထဲ ပါနိုင်တယ်လို့ ဆရာထွေးက ဆက် ပြောပါတယ်။

“အခု သုံးကြိမ်မြောက် ချပြီးပြီတဲ့၊ ခဲယမ်းတွေ၊ ဘီယာတွေ၊ အရက်တွေ နေမှာပေါ့။ သူတို့က အဲလိုပဲ လိုက်ချတာကို၊ ဆေးလိပ်၊ဘီယာ၊အရက် အကုန်လေယာဉ်နဲ့ပဲ လိုက်ချတာ”

သင်းမရွာထဲရှိ စစ်အုပ်စုဟာ ဇူလိုင် ၃၀ ရက်က ဘောင့်ဘင်ရွာဘက် စစ်ကြောင်းထွက်လာကာ စားနပ် ရိက္ခာတွေ ခိုးယူလုယက်ပြီးနောက် သင်းမကျေးရွာထဲကို ပြန်ဝင်သွားတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

သင်းမကျေးရွာကနေ ရှေ့ဆက်တိုးနိုင်ဖို့ စစ်အုပ်စုက Y-12လေယာဉ်၊ ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Mi35 ရဟတ်ယာဉ်၊ ဂျိုင်ရိုကော်ပတာတွေနဲ့ သုံးရက်ဆက် တစ်ရက်ကို ဗုံးအလုံးရေ ရာနဲ့ချီ ကြဲချကာ လေကြောင်းပစ်ကူနေတယ်လို့လည်း ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

“ဟုတ်တယ် ဒီဘက်က ဖိုက်တာနဲ့ လေယာဉ်တွေကတော့ ခေါင်းပေါ်ကနေကို မဆင်းဘူး၊ ဒါပေမယ့် သူတို့လည်း တော်တော် အထိနာထားပါတယ်”

သင်းမကျေးရွာကိုတော့ စစ်အုပ်စုက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးထားပြီး ဖြစ်သလို ဇူလိုင် ၂၂ ရက် ကတည်းက ကျေးရွာကို စီးနင်းပြီး တွေ့သမျှ တိရိစ္ဆာန်တွေ သတ်ဖြတ်စားသောက်နေတာကြောင့် ရွာထဲ အကောင်းတိုင်း ဘာမှ မကျန်နိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ စစ်အုပ်စုဟာ မြိုင်နဲ့ ပေါက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးချိန် တွေ့သမျှပြည်သူကို ဖမ်းဆီး သတ်ဖြတ်နေတာ ဖြစ်ပြီး စစ်အုပ်စု စစ်ကြောင်းဝင်တဲ့ ကျေးရွာတွေက အမျိုးသမီးနဲ့ အဖိုးအိုတွေ အပါအဝင် ဒေသခံပြည်သူ ၃၀ နီးပါး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်သလို ကျေးရွာ ၁၀ရွာ ခန့်လည်း မီးရှို့ဖျက်ဆီးခံရပြီး ဖြစ်ပါတယ်။

စစ်အုပ်စုဟာ မြိုင်နယ်ရှိ ဆူးဝင်းနဲ့ ဝယ်တောင်ရေနံမှော်တွေဘက် ဦးတည်နေတာ ဖြစ်ပြီး သင်းမရွာဟာ အဲ့ဒီ ရေနံမှော်တွေနဲ့ ခုနှစ်မိုင်ခန့်အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။

စစ်အုပ်စု ရန်ကြောင့် သင်းမ၊ ဂျုတ်ကုန်း၊ ရွာသာအေး၊ မန်းကျည်းကန်၊ ဆိတ်ချေး၊ ရှမ်းတုန်း၊ ပြသန်းကိုင်း၊ သနပ်ရင်း၊ ဗဟင်း၊ ဝယ်တောင် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုနဲ့ စစ်ဘေးရှောင် ထွက်ပြေး နေရတဲ့ ပြည်သူတွေ/photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ပေါက်နဲ့မြိုင် #ရေနံမှော်

Related Articles

Back to top button