မြိုင်နယ် ရေနံမြေဆီ ဦးတည်တဲ့ စစ်အုပ်စု ရှေ့မတိုးနိုင်လို့ နောက်ပြန်ဆုတ်ပြေး၊

သင်းမရွာထဲ ၁၀ရက်ကြာ ပိတ်မိနေချိန် အိမ်မီးရှို့၊ တန်ဘိုးရှိပစ္စည်းတွေ ဖောက်ထွင်း ခိုးယူသွား၊
အီသာရမ်/MFP၊ ဩဂုတ်-၁
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ရေနံမြေ၊ ရေနံတွင်းတွေ ရှိရာဆီ ဦးတည်ကာ စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စု စစ်ကြောင်းဟာ သင်းမကျေးရွာထဲ ၁၀ ရက်ကြာ ပိတ်မိနေပြီး ရှေ့ဆက်မတိုးနိုင်တာကြောင့် နောက်ပြန်လှည့် ဆုတ်ပြေးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဇွန်လကုန်ပိုင်း ကတည်းက ပခုက္ကူမြို့ တပ်မ ၁၀၁ ခေါ် အမှတ် ၁၀၁ ခြေမြန်တပ်မ ဌာနချုပ်က ထွက်လာတဲ့ စစ်အုပ်စု အင်အား ၇၀၀ လောက်ဟာ ပေါက်နဲ့ မြိုင်မြို့နယ် အစပ်ရှိ ရေနံမြေဆီ ဦးတည် စစ်ကြောင်းထိုးပြီး လမ်းတလျှောက် ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့တာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စု ဇူလိုင် ၂၂ရက်မှာ သင်းမရွာကို စီးနင်းလုယက် မီးရှို့ချိန် တော်လှန်ရေးတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ရာ စစ်အုပ်စု ရှေ့ဆက်မတိုးနိုင်ဘဲ သင်းမရွာထဲ ၁၀ရက်ကြာ ပိတ်မိနေပြီး ဩဂုတ် ၁ရက် ဒီကနေ့မှာတော့ သင်းမရွာကနေ လာလမ်းအတိုင်း ပြန်ဆုတ်ပြေးတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ သင်းမရွာထဲ ပိတ်မိနေချိန်အတွင်း အိမ်ခြေ ၃၀ ကျော် ပြာကျသည်အထိ မီးရှို့ ဖျက်ဆီးခဲ့သလို ကျေးရွာအတွင်းရှိ ပြည်သူပိုင် တန်ဘိုးရှိ ပစ္စည်းမှန်သမျှ ဖောက်ထွင်း ခိုးယူသွားတယ်လို့ ဒေသခံ တော်လှန်ရေးတပ် Myaing Village Revolution Front-MVRF က သတင်းထုတ်ပြန်ပါတယ်။
သင်းမရွာကနေ ရှေ့ဆက်မတိုးနိုင်လို့ ပြန်ဆုတ်ပြေးတဲ့ စစ်အုပ်စုဟာ လက်ရှိမှာ သင်းမရွာနဲ့ နှစ်မိုင်ခန့်အကွာရှိ ဘောင့်ဘင်ကျေးရွာကို စီးနင်းပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတယ်လို့ MVRF က တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။
“(စစ်အုပ်စု) မနက်က ထွက်သွားပြီး အခု ဘောင့်ဘင့်ရွာကို ရောက်ရှိနေပြီးမီးရှို့နေတယ်လို့ ကြားတယ်”

သင်းမရွာထဲ ပိတ်မိနေတဲ့ စစ်အုပ်စု ရှေ့ဆက်တိုးနိုင်ဖို့ ဇူလိုင် ၂၈ရက်ကနေ ၃၀ရက်အတွင်း သုံးရက်ဆက် စစ်အုပ်စုက တစ်နေ့ကို အကြိမ် ၁၀၀ လောက် ဗုံးကြဲပစ်ကူခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။
ဒါ့အပြင် သင်းမရွာထဲ ပိတ်မိနေတဲ့ စစ်အုပ်စုအတွက် လက်နက်ခဲယမ်းတွေကို လေယာဉ်နဲ့ ချပေးခဲ့ပြီး ရိက္ခာအတွက် ပြည်သူပိုင် ဆန်နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို လုယက် သတ်ဖြတ် စားသောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ ပခုက္ကူကနေ စတင် ထွက်ခွာလာကတည်းက ရိက္ခာအလုံအလောက် မပါဘဲ စစ်ကြောင်းထိုးရာ လမ်းတလျှောက် ကျေးရွာတွေကို စီးနင်းကာ ပြည်သူပိုင် ဆန်နဲ့ အိမ်မွေး တိရစ္ဆာန်တွေကို သတ်ဖြတ်လုယက် စားသောက်တာ ဖြစ်တယ်လို့ ဒေသတွင်း စစ်ဘေးရှောင် ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အညာမြေ အရပ်ဖက် လူမှူအဖွဲ့အစည်း-မြိုင်အဖွဲ့ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

“သူတို့ (စစ်အုပ်စု) ရောက်တဲ့နေရာမှာ ကြက်တွေဆိုရင် ကြက်တွေက ပေါတာကိုး၊ ဖမ်းသယ်သွားလည်း မရဆိုတော့ ကြက်တွေ အလျံပယ် စားတယ်၊ ဝါးရင်းချိုင်(ရွာ)မှာတုန်းက အဲလိုမျိုး အစိတ်၊ နှစ်ဆယ် (ပိဿာချိန်) ထွက်လောက်တဲ့ ဝက်တွေလို့ ပြောတာပဲ၊ ငါးကောင်ကုန်တာ၊ ငါးကောင် ပျောက်တယ်လို့ ပြောတယ်။ အဲလို ဝက်တွေကျတော့ အကြိုက်စား စားတာလို့ ပြောတယ်၊ ဆန်တွေကျတော့ အဲဒီ ရွာတွေမှာ ရှိတဲ့ ဆန်တွေ စားတယ်။ အိတ်လိုက်တွေ့ရင် ကားနဲ့တင်သွားတယ်။ အဲတော့ အခု လေယာဉ်နဲ့ ချတဲ့ဟာတွေက အဲလိုမျိုး စားစရာ ဆန် ဘာညာ မချဘူး၊ သေချာတာကတော့ သူတို့နားတဲ့ နေရာတိုင်းမှာ ကျန်တဲ့ ဆေးလိပ်စည်းတွေ ကြည့်ရတာ ခြင်္သေ့သုံးကောင်ဆိုတဲ့ အနီပတ်ကလေးနဲ့ ဆေးလိပ်၊ အဲဒါက ဒီဘက်မှာ မရှိဘူး၊ ရန်ကုန်က လာတာလို့ ပြောတယ်။ အဲဒီ ဆေးလိပ်တွေ ချတယ်၊ အရက်ဘီယာချတယ်။ အဲလိုမျိုး စစ်တပ်က ထုတ်တဲ့ ရမ်တွေ ချတယ်”
ဒါ့အပြင် မြိုင်နဲ့ ပေါက်နယ်ထဲ တစ်လကျော်ကြာ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ စီးနင်းတဲ့ ကျေးရွာတွေက အမျိုးသမီးနဲ့ အဖိုးအိုတွေ အပါအဝင် ဒေသခံပြည်သူ ၃၀ ခန့်ကို သတ်ဖြတ်စွန့်ပစ်ခဲ့ပြီး ကျေးရွာ ၁၀ရွာကျော်က အိမ်ခြေ ၁၅၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်အုပ်စုက နောက်ကြောင်းပြန်ဆုတ်ပြေးလာတာကြောင့် မြိုင်နဲ့ ပေါက်နယ် ကျေးရွာ ၁၀ ရွာ ကျော်က ပြည်သူတွေ ထပ်မံ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းအောင်လှိုင် လက်အောက်ခံ စစ်အုပ်စုဟာ မြိုင်နယ်ရှိ ဆူးဝင်းနဲ့ ဝယ်တောင် ရေနံမှော်တွေဘက် ဦးတည်တာ ဖြစ်ပြီး သင်းမရွာဟာ အဲ့ဒီ ရေနံမှော်တွေနဲ့ ခုနှစ်မိုင်ခန့်အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။



ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် သင်းမရွာထဲ ၁၀ရက်ကျော်ကြာ ပိတ်မိနေတဲ့ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုက ကျေးရွာအတွင်း ခံစစ်ပြင်ဆင်ထားမှုနဲ့ နေအိမ်တွေ ဖောက်ထွင်းလုယက်၊ မီးရှို့ဖျက်ဆီးခဲ့စဉ်/photo – MVRF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ပေါက်နဲ့မြိုင် #ရေနံမှော်



